ဗြိတိန်၊ အမေရိကန်၊ ဥရောပသမဂ္ဂနှင့် အခြားနိုင်ငံပေါင်း များစွာတို့တွင် ယခုအခါ အတိုင်းအတာ အမျိုးမျိုးရှိသော Lockdown ချထားခြင်းများကို ဆောင်ရွက်နေကြသည်။ ကိုရိုနာဗိုင်းရပ်စ် ပိုးအသစ်ကြောင့် ဖြစ်ပွားသော အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်သည့် COVID-19 ကူးစက်ပျံ့နှံ့မှု သို့မဟုတ် ကူးစက်ခံရမှုကို ရှောင်ရှားနိုင်ရန် စားသောက်ဆိုင်များ၊ ဘီယာဆိုင်များ၊ စျေးဆိုင်များ၊ ကျောင်းများနှင့် အားကစားရုံများ ပိတ်ထားခြင်းနှင့်အတူ ပြည်သူများကို နေအိမ်အတွင်း၌သာနေရန် ညွှန်ကြားထားသည်။ သုတေသနပြုလုပ်သူများ အနေဖြင့် ဗိုင်းရပ်စ်ပိုးအတွက် ကာကွယ်ဆေးများနှင့် ကုထုံးများ ရှာဖွေဖော်ထုတ်ရန် ကြိုးပမ်းမှုများက အလားအလာ ကောင်းနေသော်လည်း အကောင်းဆုံး ဆောင်ရွက်နိုင်သည့်တိုင် စိတ်ချစွာ သုံးစွဲနိုင်သည့် အဆင့်သို့ ရောက်ရှိရန် ၁၂ လမှ ၁၈ လအထိ ကြာမြင့်ဦးမည်ဖြစ်သည်။
လူချင်းခွာ၍နေခြင်း (Social Distancing) သည်သာ လူ့အသိုင်းအဝိုင်း အတွင်းရှိ အားနည်းသည့် ရောဂါရလွယ်သူများကို ယခုကပ်ရောဂါဆိုးမှ အသက်ရှင်သန်နိုင်ခွင့်ကိုပေးလျက် လူတစ်ဦးချင်းစီကိုလည်း ကျန်းမာနေစေရန်နှင့် ရောဂါကူးစက်မှု ကွင်းဆက်ကို ဖြတ်တောက်နိုင်ရန် လက်ရှိရနိုင်သည့် အကောင်းဆုံးနည်းလမ်း ဖြစ်ပုံရသည်။ သို့သော် Lockdown ၏ အတိအကျ အလုပ်ဖြစ်ပုံနှင့် မိမိတို့နေအိမ်များအတွင်း တတ်နိုင်သမျှ နေထိုင်ခြင်းဖြင့် ရောဂါပြင်းထန်စွာ ဖြစ်ပွားနိုင်ခြေ နည်းပါးသည့် ငယ်ရွယ်ပြီး ကျန်းမာရေး ကောင်းသူများ အတွက်ပင်လျှင် အရေးကြီးပုံတို့အား သိရှိထားရန် လိုအပ်သည်။
Lockdown ၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ လန်ဒန်မြို့ Imperial College မှ Response Team ၏ လေ့လာချက် အသစ်တစ်ရပ်က ဗိုင်းရပ်စ်များ ထပ်မံပွားများခြင်းကို လျှော့ချရန်ဟု ရှင်းပြထားသည်။ တစ်နည်းဆိုသော် ရောဂါကူးစက်ခံရသူ အရေအတွက်ကို လျှော့ချရန်ပင်ဖြစ်သည်။ ရည်မှန်းချက် ပေါက်မြောက်အောင် ကြိုးပမ်းရာ၌ လမ်းကြောင်းနှစ်ရပ်ရှိကြောင်း လေ့လာချက်ကို ရေးသားသူများက ထောက်ပြထားသည်။
လျော့ပါးသက်သာစေခြင်း (Mitigation) - ပိုးကူးစက်မှုကြောင့် ရောဂါကို ပြင်းထန်စွာ ခံစားရနိုင်ခြေအရှိဆုံး သူများကို ကာကွယ်စောင့်ရှောက်လျက် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက်ကို လျှော့ချကာ ရောဂါပျံ့နှံ့မှုကို မရပ်တန့်နိုင်သော်လည်း နှေးကွေးသွားစေခြင်းဖြစ်သည်။ ယင်းတွင် သံသယရှိသူများနှင့် သူတို့၏ မိသားစုဝင်များကို သီးခြားခွဲထားခြင်း၊ သက်ကြီးရွယ်အိုများနှင့် ရောဂါကို ပြင်းထန်စွာ ခံစားရနိုင်ခြေ အရှိဆုံးသူများကို လူ့အသိုင်းအဝိုင်းမှာ ခွာနေစေခြင်းတို့ ပါဝင်သည်။
ထိန်းချုပ်ခြင်း (Suppression) သို့မဟုတ် ပိတ်ဆို့ခြင်း (Lockdown) - အတိုင်းအဆမရှိ လူ့အသိုင်းအဝိုင်း တစ်ရပ်လုံးကို ခွာနေစေခြင်း၊ ကျောင်းများနှင့် တက္ကသိုလ်များကို ပိတ်ထားခြင်းတို့ဖြင့် ရောဂါကူးစက်ခံရသူ အရေအတွက်ကို လျှော့ချလျက် ကူးစက် ပျံ့နှံ့မှု ကြီးထွားနှုန်းကို ပြောင်းပြန်လှန်သွားစေရန် ရည်ရွယ်သည်။
Lockdwon ချထားခြင်းနှင့် Social Distancing တို့အား ကျင့်သုံးမှုမရှိပါက သုံးလအတွင်း သေဆုံးမှုနှုန်းသည် အမြင့်ဆုံးသို့ ရောက်ရှိလာလိမ့်မည်ဟု လေ့လာချက်က ဆိုသည်။ ယင်းကဲ့သို့ ဆက်သွားပါက ဗြိတိန်နှင့် အမေရိကန်တွင် စုစုပေါင်း လူဦးရေ၏ ၈၁ ရာခိုင်နှုန်း ရောဂါကူးစက်ခံရမည်ဖြစ်ပြီး ဗြိတိန်တွင် လူပေါင်း ၅၁၀,၀၀၀ နှင့် အမေရိကန်တွင် လူပေါင်း ၂ ဒသမ ၂ သန်း သေဆုံးလိမ့်မည်ဟု လေ့လာချက်က ခန့်မှန်းထားသည်။
ဇန်နဝါရီ ၂၃ ရက်မှစ၍ တရုတ်အစိုးရသည် လူဦးရေ ၁၁ သန်း ရှိသည့် ရောဂါစတင် ဖြစ်ပွားရာ ဝူဟန်မြို့ အပါအဝင် ဟူဘေးပြည်နယ်ကို Lockdown ချခဲ့သည်။ သယ်ယူပို့ဆောင်ရေး အဝင်အထွက်များကို ရပ်ဆိုင်းကာ ကုဋေချီသည့် လူများကို အလုပ် သို့မဟုတ် ကျောင်းသို့ သွားခြင်းအား တားမြစ်ခဲ့သည်။ အစားအစာနှင့် ဆေးဝါးရောင်းချသည့် ဆိုင်များမှလွဲ၍ ဆိုင်များအားလုံးကို ပိတ်ခဲ့သည်။ အချို့နေရာများတွင် နေထိုင်သူများကို စျေးထွက်ဝယ်ရန်ကိုပင် တင်းတင်းကျပ်ကျပ် ကန့်သတ်ခြင်း သို့မဟုတ် အိမ်တိုင်ယာရောက် ပို့ပေးခြင်းတို့ကို ကျင့်သုံးခဲ့သည်။ ကုဋေချီသည့် လူများကို Lockdown ချထားမှုအား အတိုင်းအတာ ကြီးမားလှသည့် စမ်းသပ်ချက်တစ်ရပ်ဟု ဆိုနိုင်သည်။ သို့သော် ယင်းက ကောင်းစွာ အလုပ်ဖြစ်ခဲ့သည်။ Lockdown ချပြီးနောက်ပိုင်း ရောဂါကူးစက်မှုနှုန်း ကျဆင်းလာသည်။ မတ် ၁၉ ရက်တွင် တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင်က ဟူဘေးပြည်နယ်၌ ရောဂါထပ်မံ ကူးစက်ခံရသူ မရှိတော့ကြောင်း ကြေညာနိုင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ Lockdown ချထားခြင်းနှင့် ပတ်သက်၍ တစ်ကမ္ဘာလုံး သဘောတူညီထားသည့် Guidelines များ မရှိသောကြောင့် မိမိနိုင်ငံ၏ အခြေအနေ အရပ်ရပ်နှင့် လက်ရှိဖြစ်ပေါ်နေသော အနေအထားတို့အပေါ် မူတည်လျက် အကောင်းဆုံး ဆုံးဖြတ်ချက်များဖြစ်ရန် လိုအပ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဧပြီ ၇ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်








