ယခုနှစ်သင်္ကြန်တွင် ရေပက်ခံကားများဖြင့် လူစုလှည့်ပတ်ခြင်း၊ အသံချဲ့စက်များ၊ ဆောင်းဘောက်များဖြင့် ကျယ်လောင်စွာ ဖွင့်လှစ်ပြီး လှည့်လည်ခြင်းများ မပြုလုပ်ရေးနှင့် မည်သည့်မဏ္ဍပ်မှ မပြုလုပ်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီး COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီက မြို့နယ်အလိုက် ထွေအုပ်ရုံးများ၊ ရဲ တပ်ဖွဲ့ရုံးများသို့ ညွှန်ကြားစာ ပေးပို့ထားကြောင်း သိရသည်။
အဆိုပါစာတွင် မတ် ၂၅ ရက်က ကျင်းပသည့် COVID-19 ရောဂါနှင့် ပတ်သက်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အရ သင်္ကြန်ကာလအတွင်း အုန်းလက်မဏ္ဍပ် အပါအဝင် မည်သည့် ရေပက်ခံမဏ္ဍပ်ကိုမျှ ဆောက်လုပ် ရေကစားခြင်းနှင့် ရေပက်ခံကားများဖြင့် လူစု၍ လည်ပတ်ခြင်းများ မပြုလုပ်ရေး ကြပ်မတ်ဆောင်ရွက်သွားရန် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ မတ် ၂၆ ရက်တွင် အကြောင်းကြားလာကြောင်း ဖော်ပြထားသည်။
ထိုသို့ ညွှန်ကြားလာမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ပြည်သူများအနေဖြင့် မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက်နေ့မှ ၁၃၈၂ ခုနှစ် တန်းခူးလပြည့်ကျော် ၁၀ ရက်အထိ (ဧပြီ ၁၀ ရက်နေ့မှ ၁၇ ရက်နေ့အထိ) သင်္ကြန်ကာလအတွင်း အုန်းလက်မဏ္ဍပ် အပါအဝင် မည်သည့် ရေပက်ခံမဏ္ဍပ်ကိုမျှ ဆောက်လုပ် ရေကစားခြင်း မပြုရန်၊ ရေပက်ခံကားများဖြင့် လူစုလှည့်ပတ်ခြင်းများ မပြုလုပ်ရန်နှင့် အသံချဲ့စက်များ၊ ဆောင်းဘောက်များဖြင့် ကျယ်လောင်စွာ ဖွင့်လှစ်ပြီး လှည့်လည်ခြင်းများ မပြုလုပ်ရေး ကြပ်မတ်ဆောင်ရွက်သွားရန် အကြောင်းကြားထားသည်။
အဆိုပါစာအား ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စည်ပင်သာယာဝန်ကြီး၊ လူမှုရေးဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေး ဦးစီးဌာနများသို့ ဧပြီ ၂ ရက်တွင် ပေးပို့ခဲ့ကြောင်း သိရသည်။
၂၀၁၉ ခုနှစ် သင်္ကြန်တွင် ပြည်လမ်းမ အပါအဝင် အခြားလမ်းမကြီးများ၌ သင်္ကြန်မဏ္ဍပ်အကြီး၊ မဏ္ဍပ်အလတ်နှင့် လမ်းလျှောက်သင်္ကြန်ငါးခု စုစုပေါင်း ၃၅ ခုကို ခွင့်ပြုပေးခဲ့ပြီး လမ်းလျှောက်သင်္ကြန်ကို မဟာဗန္ဓုလပန်းခြံ၊ ကန်တော်ကြီးဥယျာဉ်၊ ဦးဥတ္တမပန်းခြံ (ကန်တော်မင်ပန်းခြံ)၊ မြကျွန်းသာပန်းခြံနှင့် အင်းလျားလမ်းတို့တွင် ပြုလုပ်ခွင့်ပေးခဲ့ကြောင်း သိရသည်။















