၂၀၃၀ ပြည့်နှစ်တွင် မြို့ပေါင်း ၃၃၀ ကျော်ကို စနစ်ကျသောမြို့ပြ Urban Planning အဖြစ် အကွက်ချတည်ဆောက်ပြီး ယင်းမြို့များတွင် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍ အိမ်ခန်းပေါင်းတစ်သန်း တည်ဆောက်မည်

၂၀၃၀ ပြည့်နှစ်တွင် မြို့ပေါင်း ၃၃၀ ကျော်ကို စနစ်ကျသောမြို့ပြ Urban Planning အဖြစ် အကွက်ချတည်ဆောက်ပြီး ယင်းမြို့များတွင် အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍ အိမ်ခန်းပေါင်းတစ်သန်း တည်ဆောက်မည်
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ခန်းများ ရောင်းချရန် မဲနှိုက်နေသည်ကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ခန်းများ ရောင်းချရန် မဲနှိုက်နေသည်ကို ၂၀၁၉ ခုနှစ်အတွင်းက တွေ့ရစဉ်
Published 5 April 2020
နီလာ

၂၀၃၀ ပြည့်နှစ်တွင် မြို့ပေါင်း ၃၃၀ ကျော်ကို စနစ်ကျသောမြို့ပြ Urban Planning အဖြစ် အကွက်ချတည်ဆောက်ပြီး ယင်းမြို့များ၌ အစိုးရနှင့် ပုဂ္ဂလိကပိုင်းဆိုင်ရာ ပူးပေါင်းပြီး အိမ်ခန်းပေါင်းတစ်သန်း တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ စတုတ္ထ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်များကို နိုင်ငံပိုင်သတင်းစာများနှင့်တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် မြို့ပြစီမံကိန်းများကို အဓိကရေးဆွဲနေခြင်းဖြစ်ပြီး စတုတ္ထ တစ်နှစ်တာကာလအတွင်း မြို့ပေါင်း ၂၁ မြို့၏စီမံကိန်းများကို ရေးဆွဲနိုင်ခဲ့ကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

“ အိမ်ရာတွေအနေနဲ့ စတုတ္ထ တစ်နှစ်တာကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာ အခန်းပေါင်း ၁၁၄၄ ခန်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ အခန်းပေါင်း ၆၇၆ ခန်းကို အကောင်အထည်ဖော် တည်ဆောက်ပေးနိုင်ခဲ့ပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

မြန်မာနိုင်ငံ၏လူဦးရေတိုးနှုန်းအရ နှစ်စဉ် ပျမ်းမျှအိမ်ရာ ၃၀၀၀၀ ကျော် ထုတ်လုပ်ပေးရန် လိုအပ်နေသော်လည်း မြေ၊ ဘဏ္ဍာငွေအရင်းအမြစ်နှင့် ထုတ်လုပ်နိုင်စွမ်းအရ လိုအပ်ချက်၏ ရာခိုင်နှုန်း ၂၀ ကိုသာ ထုတ်လုပ်ပံ့ပိုးရန် ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသည် ပြည်သူများအတွက် သင့်လျော်သည့်အိမ်ရာများ ဖြည့်ဆည်းပေးရန် ရည်မှန်းချက်တာဝန်နှင့်အညီ လူဦးရေတိုးနှုန်း၊ မိသားစုဝင်ငွေနှင့် အိမ်ရာလိုအပ်ချက်များအတွက် လေ့လာဆန်းစစ်ချက်များပြုလုပ်ပြီး ကာလတို၊ ကာလရှည် အိမ်ရာ စီမံကိန်းများ ရေးဆွဲတည်ဆောက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိ နှစ် ၂၀ ကာလအတွင်း လူဦးရေတိုးနှုန်းအရ အိမ်ရာတစ်သန်း လိုအပ်မည်ဖြစ်ကြောင်း၊ နှစ်စဉ် ပျမ်းမျှအိမ်ရာ ၃၀၀၀၀ ကျော်ထုတ်လုပ်ပေးရန် လိုအပ်ကြောင်း၊ ဘဏ္ဍာငွေအရင်းအမြစ်၊ မြေအရင်းအမြစ်နှင့် ထုတ်လုပ်နိုင်စွမ်းအရ လိုအပ်ချက်၏ ရာခိုင်နှုန်း ၂၀ ကိုသာ ထုတ်လုပ်ပံ့ပိုးရန် လျာထားဆောင်ရွက်နေခြင်းဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

ကျန်ရှိနေသည့် ရာခိုင်နှုန်း ၈၀ ကို ပုဂ္ဂလိကကဏ္ဍက ထုတ်လုပ်ပြီး လိုအပ်သည့် နည်းဥပဒေနှင့် ဥပဒေအကာအကွယ်များကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ပံ့ပိုးသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ နိုင်ငံ့ဝန်ထမ်းများ အပါအဝင် ဝင်ငွေနည်း ပြည်သူများအတွက် ဝယ်ယူနိုင်စွမ်းရှိစေမည့် အရောင်းအိမ်ရာများကို ၂၀၁၇ ခုနှစ်မှ ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော်နှင့် အခြားမြို့ကြီးများတွင် စုစုပေါင်းအိမ်ခန်း ၈၄၁၆ ခန်း တည်ဆောက် ရောင်းချပေးလျက်ရှိကြောင်း၊ အတိုးနှုန်းသက်သာသည့် နှစ်ရှည်အိမ်ရာ ချေးငွေစနစ်နှင့် ချိတ်ဆက်ဝယ်ယူနိုင်ရန် စီစဉ်ပေးလျက်ရှိကြောင်း၊ ဆောက်လုပ်ပြီး တန်ဖိုးနည်း၊ တန်ဖိုးသင့်တိုက်ခန်းများကို နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအကြား အချိုးကျ ခွဲဝေရောင်းချပေးလျက်ရှိကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံ၏ မြို့ပြသုတေသန စစ်တမ်းအရ မြို့ပြနေထိုင်သူ လူဦးရေသည် ၂၀၁၄ ခုနှစ်တွင် ၁၅ ဒသမ ၄ သန်း (ရာခိုင်နှုန်း ၂၀) ရှိရာမှ ၂၀၃၀ ပြည့်နှစ်တွင် သန်း ၂၀ ခန့်အထိ တိုးတက်ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ပြောကြားသည်။

မက်ကင် ဆေးသုတေသနအဖွဲ့၏ လေ့လာသုံးသပ်ချက်အရ မြန်မာနိုင်ငံ၌ လူဦးရေနှစ်သန်းအထက်ရှိသည့် မြို့ကြီးများတွင် နေထိုင်သူ လူဦးရေသည် ၂၀၃၀ ပြည့်တွင် နှစ်ဆတိုးလာနိုင်သည်ဟု တွက်ချက်ထားကြောင်း၊ မြို့ပြများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ် ၂၀ အတွင်း ဒေါ်လာ ၁၄၆ ဘီလျံ ရင်းနှီးမြှုပ်နှံရန် လိုအပ်သည့်အတွက် တစ်နှစ်ကို ဒေါ်လာခုနစ်ဘီလျံခန့် ရင်းနှီးမြှုပ်နှံသွားရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent