AA ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခြင်းသည် စစ်မီးအရှိန်ကို ပိုမြှင့်သလို ဖြစ်သွားခြင်းကြောင့် မပြီးဆုံးနိုင်သော တိုက်ပွဲများ ဖြစ်လာမည့် အလားအလာကို မြင်နေရကြောင်း ANP ပါတီ လွှတ်တော်ကိုယ်စားလှယ် ပြောကြား

AA ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခြင်းသည် စစ်မီးအရှိန်ကို ပိုမြှင့်သလို ဖြစ်သွားခြင်းကြောင့် မပြီးဆုံးနိုင်သော တိုက်ပွဲများ ဖြစ်လာမည့် အလားအလာကို မြင်နေရကြောင်း ANP ပါတီ လွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 25 March 2020



AA ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခြင်းသည် စစ်မီးအရှိန်ကိုပိုမြှင့်သလို ဖြစ်သွားခြင်းကြောင့် မပြီးဆုံးနိုင်သော တိုက်ပွဲများ ဖြစ်လာမည့် အလားအလာကို မြင်နေရကြောင်း ရခိုင်အမျိုးသားပါတီ (ANP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောကြားသည်။

မတ် ၂၄ ရက်က ကျင်းပသည့် ပြည် ထောင်စုလွှတ်တော်အစည်းအဝေးတွင် AA အဖွဲ့ကို နိုင်ငံတော်အစိုးရက မတရားအသင်း၊ အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာလိုက်ခြင်းသည် ရခိုင်ပြည်နယ်အတွက် မည်သည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာနိုင်သလဲဆိုသည့် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ဦးဖေသန်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

“AA ကို မတရား အဖွဲ့အစည်းအဖြစ် အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာလိုက်ခြင်းဟာ တစ်ဖက်ကပြောရင် ဆွေးနွေးပွဲလမ်းကြောင်းကို ပိတ်လိုက်တဲ့သဘော ဖြစ်တာပေါ့။ ဒါကြောင့် ကျွန်တော်တို့က ရှေ့ဆက်ပြီးတော့ ဒီလိုကြေညာခြင်းဟာ စစ်မီးအရှိန်ကို ပိုပြီးတော့ မြှင့်လိုက်သလို ဖြစ်သွားတော့ ဆွေးနွေးပွဲ စကားဝိုင်းလမ်းကြောင်း ပျောက်သွားတာပေါ့။ အဲဒီအပေါ်မှာ ကျွန်တော်တို့ စိတ်လည်း မကောင်းဘူး။ စိုးလည်း စိုးရိမ်ပါတယ်” ဟု ဦးဖေသန်းက ပြောကြား သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်၌ စစ်ဘေး၊ စစ်ဒဏ်ကြောင့် ဒုက္ခရောက်နေသည့် ပြည်သူများ အများအပြားရှိနေပြီး သေကြေပျက်စီးခြင်းများ၊ တရားစွဲခံရခြင်း၊ သတ်ဖြတ်ခံရခြင်းနှင့် ဖမ်းဆီးခံရခြင်းများကြောင့် ဒုက္ခရောက်နေသူများ အများအပြားရှိကြောင်း ဦးဖေသန်းက ပြောကြားသည်။

ဦဖေသန်းက “ရခိုင်ပြည်နယ်ရဲ့ ပဋိပက္ခ၊ စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး၊ အဖက်ဖက်က ကျဆုံးနေတဲ့ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေး၊ အားလုံးအတွက် ကျွန်တော်တို့ စိုးရိမ်တယ်။ ပြည်ထောင်စု အတွက်လည်းပဲ ကျွန်တော်တို့က နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရမယ့် နေရာမှာ စစ်ရေးအရ အပြီးသတ်၊ အပြတ်သတ် တိုက်မယ်ဆိုတဲ့ လမ်းကြောင်းကို ပြောင်းသွားတာကြောင့် မြောက်ဦးအတွက်လည်း တော်တော်ကို စိုးရိမ်ပါတယ်” ဟု ပြောကြားသည်။

AA အဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခြင်းသည် တပ်မတော်၏ တွန်းအားလည်းရှိနိုင်ပြီး အစိုးအနေနှင့် မတရားအသင်း ကြေညာခြင်း၊ အကြမ်းဖက် တိုက်ဖျက်ရေးအဖွဲ့က အကြမ်းဖက် အုပ်စုအဖြစ် ကြေညာခြင်းများသည် ယင်းလမ်းကြောင်းသို့ သွားခြင်းက ပိုကောင်းသည်ဆိုသော သဘောမျိုးဖြင့် ဆုံးဖြတ်သည်ဟု ထင်ကြောင်း ဦးဖေသန်းက ပြောကြားသည်။ စစ်မြေပြင်သည် ရခိုင်ပြည်နယ်ဖြစ်နေ၍ နေ့စဉ် တိုက်ပွဲဖြစ်နေခြင်းကြောင့် သေကြေ၊ ဖမ်းဆီး၊ သတ်ဖြတ်ခံနေရခြင်းများ၊ လေယာဉ်ဖြင့် ဗုံးကျဲခြင်းများ၊ ရွာများ မီးရှို့ခံနေခြင်းများ ရှိနေပြီး စစ်ဘေးဒုက္ခသည်များလည်း တစ်သိန်းကျော် ရှိလာပြီဖြစ်ကြောင်း ဦးဖေသန်းက ပြောကြားသည်။

နိုင်ငံရေးလမ်းကြောင်းကို အစိုးရက ယခုထက်ပို၍ ဘောင်ကျယ်အောင် ချဲ့ပေးရန်လိုအပ်ပြီး နိုင်ငံရေး လမ်းကြောင်းကို သတ်ပစ်လိုက်မည် ဆိုပါလျှင် လက်နက်ကိုင် လမ်းကြောင်းက ပြည်သူလူထုက ရွေးချယ်သွားနိုင်ကြောင်း၊ တိုင်းရင်းသားပါတီများကို အသိအမှတ်ပြုခြင်း၊ အနိုင်ရ တိုင်းရင်းသားပါတီများ ၎င်းတို့ဒေသတွင် အုပ်ချုပ်ခွင့်ပြုခြင်းများသည် ဖက်ဒရယ်၏ အငွေ့အသက်များ ဖြစ်ခြင်းကြောင့် ယင်းကို ဖွင့်ပေးရန်လို အပ်ကြောင်း၊ နိုင်ငံရေးဘောင်ချဲ့ပေးမှသာ စစ်ရေးဘောင်ကျဉ်းသွားမည်ဖြစ်ပြီး မညီမျှသော ဒေသများကို ညီမျှသည့် အခွင့်အရေးများ ပေးရန်လည်း လိုအပ်ကြောင်း ဦးဖေသန်းက ဆိုသည်။

 

Most Read

Most Recent