မန္တလေးနန်းတွင်းသို့ ရုံးလုပ်ငန်းကိစ္စများမှလွဲ၍ ပြင်ပမှ အလည်အပတ် ဝင်ရောက်ခြင်းကို မတ်လ၂၄ ရက်မှ စတင်တားမြစ်လိုက်ကြောင်း နန်းတွင်းရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ သတင်းရရှိသည်။

နန်းတွင်းရှိ မြနန်းစံကျော် ရွှေနန်းတော်သို့ ပြင်ပမှ အလည်ပတ် လာရောက်ခြင်းကို တားမြစ်ခြင်းဖြစ်ပြီး ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စများတွက် လာရောက်ခြင်းကိုမူ အပူချိန်တိုင်း စစ်ဆေးခြင်း၊ လက်ဆေးစေခြင်း စသည်တို့ကို ပြုလုပ်ပြီးမှ ဝင်ခွင့်ပေးခြင်း ဖြစ်သည်ဟု သိရသည်။

“အပြင်ကလာတဲ့ အဖွဲ့တွေပေါ့။ မြနန်းစံကျော်ကိုလာတဲ့ ဧည့်သည်တွေ ဆိုရင်တော့ နည်းနည်းကန့်သတ်ထားတယ်။ လူစုံလို့လေ။ ဒေသပေါင်းစုံက လာတာဆိုတော့။ COVID-19 ရောဂါကလည်း positive တွေ့ထားတော့ ထိန်းတဲ့သဘောပါ။ တပ်မိသားစုတွေကတော့ သေချာစစ်ဆေးပြီးမှ ဝင်ထွက်ခွင့် ရပါတယ်။ ရုံးကိစ္စလာတဲ့ သူတွေကတော့ သေချာစစ်ဆေးပြီး ဝင်ထွက်ခွင့် ပေးထားပါတယ်” ဟု အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဗိုလ်မှူးးကြီး စိုးကြည်ခင်က ပြောကြားခဲ့သည်။

ကျန်းမာရေး ဝန်ကြီးဌာန၏ ဆောင်ရွက်ချက်များကို တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်သည့် အနေဖြင့် ယခုကဲ့သို့ နန်းတွင်း အဝင်အထွက်ကို အပူချိန်းတိုင်း၊ လက်ဆေးခြင်းစသည့် စစ်ဆေးကန့်သတ်မှုများ ပြုလုပ်ရခြင်း ဖြစ်သည်ဟု သိရသည်။
















