COVID- 19 ရောဂါနှင့််ပတ်သက်၍ ကချင်ပြည်နယ် ကန်ပိုင်တီနယ်စပ်ဂိတ်မှ တရုတ်လူမျိုးများနှင့် တစ်ရှုးငှက်ပျောတင်ဆောင်သည့်ကားများ ဝင်ထွက်မှုကိုတားဆီးပေးရန် နိုင်ငံတော်သမ္မတထံ စာတင်ထားကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြောကြား

COVID- 19 ရောဂါနှင့််ပတ်သက်၍ ကချင်ပြည်နယ် ကန်ပိုင်တီနယ်စပ်ဂိတ်မှ တရုတ်လူမျိုးများနှင့် တစ်ရှုးငှက်ပျောတင်ဆောင်သည့်ကားများ ဝင်ထွက်မှုကိုတားဆီးပေးရန် နိုင်ငံတော်သမ္မတထံ စာတင်ထားကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ပြောကြား
Published 23 March 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

COVID- 19 ရောဂါနှင့််ပတ်သက်၍ ကချင်ပြည်နယ် ကန်ပိုင်တီနယ်စပ်ဂိတ်မှ တရုတ်လူမျိုးများနှင့် တစ်ရှုးငှက်ပျောတင်ဆောင်သည့် ကားများဝင်ထွက်မှုကို တားဆီးပေးရန်  နိုင်ငံတော်သမ္မတထံ စာဖြင့်တင်ပြထားကြောင်း ကချင်ပြည်နယ်မဲဆန္ဒနယ် (၃) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇယ်ခေါင်က ပြောကြားသည်။

တရုတ်နိုင်ငံမှ ဝင်ရောက်လာသည့် တစ်ရှုးငှက်ပျော တင်ဆောင်လာသောကားများ ဝင်ရောက်နေသည့် ကန်ပိုင်တီနယ်စပ်ဂိတ်ကို ပိတ်ထားပေးရန် ပေးပို့စာကို မတ် ၂၃ ရက်တွင် နိုင်ငံတော်သမ္မတထံ ပေးပို့ထားမှုနှင့်ပတ်သက်ပြီး မတ် ၂၃ ရက်က ပြုလုပ်သည့် အမျိုးလွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် မီဒီယာများ၏ မေးမြန်းမှုများအား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇယ်ခေါင်က ပြန်လည်ဖြေကြားခဲ့ ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အဓိကစာတင်ရတဲ့ ရည်ရွယ်ချက်က ပြည်သူတွေကလည်း COVID- 19 ရောဂါကို သူတို့ စိတ်ပူတာပေါ့လေ။ ကျွန်တော်တို့ ကချင်ပြည်နယ် ဝိုင်းမော်မြို့က ကန်ပိုင်တီ နယ်စပ်ကုန်သွယ်ရေး ဂိတ်ဝင်ပေါက် မြို့နယ်လည်း ဖြစ်ပါတယ်။ နောက်ပြီး အဓိက တစ်ရှုးငှက်ပျောတင်တဲ့ကားတွေက ကျန်းမာရေးစစ်ဆေးပြီးမှ အပူချိန်မရှိဘဲနဲ့ ဝင်လာတယ်ဆိုပေမယ့်လည်း ဒီရောဂါဘယ်နှစ်ရက်ဆိုပြီး သူတို့သတ်မှတ်ထားတဲ့ အဖျားမတက်ဘဲနဲ့ ရောဂါပိုးကူးနေတာလည်း ရှိပါတယ်။ ပြည်သူတွေက ဒါကို စိတ်ပူပြီးတော့ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေဆီကို ဖုန်းဆက်တယ်။ မက်ဆင်ဂျာကနေလည်း ပို့လာတာရှိတဲ့အတွက် ကျွန်တော်တို့ ဒါကို ပြည်ထောင်စုအစိုးရ သမ္မတဆီကို စာတင်ရခြင်းဖြစ်ပါတယ်” ဟု ဦးဇယ်ခေါင်က ပြောကြားသည်။

အဆိုပါ နယ််စပ်ဂိတ်မှ ဝင်ထွက်မှုကို COVID- 19 ရောဂါစတင်ဖြစ်ပွားမှုနောက်ပိုင်း တရုတ်နှစ်သစ်ကူးအချိန် ခေတ္တရပ်နားထားသော်လည်း နောက်ပိုင်းတွင် တစ်ရှုးငှက််ပျောတင်ပို့ရန် တရုတ်အစိုးရ၏ခွင့်ပြုချက်ဖြင့် တောက်လျှောက်ဝင်ရောက်မှုများရှိကြောင်း ဦးဇယ်ခေါင်က ပြောကြားသည်။

“ဒီကားဝင်တဲ့ကိစ္စကို စီးပွားကူးသန်းကို ကျွန်တော်တို့မေးပါတယ်။ ဒီကားတွေ မဝင်ခိုင်းလို့မရဘူးဆိုလားဆိုပြီးတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နဲ့အတူ စီးပွားရေးကူးသန်းက ဒုတိယဝန်ကြီးကို ပြည်ထောင်စု လွှတ်တော်မှာမေးတဲ့အခါမှာ ဒီဝင်ခိုင်းတာက ပြည်နယ်အစိုးရပဲဆိုင်တယ်။ ကားဝင်တာက သူတို့နဲ့မဆိုင်ဘူး။ ဂိတ်ပိတ်မပိတ်ကတော့ ပြည်ထောင်စုအစိုးရနဲ့ ဆိုင်တယ်လို့ပြောပါတယ်။ အဲဒီအချိန်မှာ ပြည်နယ်အစိုးရဆီကိုလည်း ဖုန်းဆက်တာတွေရှိတယ််။ ဒါပေမဲ့ ပြည်နယ်အစိုးရက ပြန်ပြောတော့ ဂိတ်ပိတ်ဖို့က ပြည်ထောင်စုနဲ့ပဲဆိုင်တယ်ဆိုပြီးတော့ ဒီပြည်နယ်နဲ့ ပြည်ထောင်စုကြားမှာ ပြည်သူတွေ စိတ်ပူတာ များလာတဲ့အတွက်ကြောင့် ပြည်ထောင်စုအစိုးရ သမ္မတနဲ့ဆိုင်တယ်ဆိုပြီးမှ ပြည်သူ့လွှတ်တော််ကိုယ်စားလှယ်နဲ့ တိုင်ပင်ပြီးရေးပို့လိုက်တာဖြစ်ပါတယ်” ဟု ဦးဇယ်ခေါင်က ပြောကြားသည်။

အဆိုပါ နယ်စပ်ဂိတ်တွင် တင်ပြထားသည့်စာရင်းများအရ တရုတ်နိုင်ငံမှ တစ်ရှုးငှက်ပျော တင်ဆောင်သည့်ကားမှာ တစ်ရက်လျှင် အဝင်အထွက် အစီး ၂၀၀ ခန့်ရှိပြီး လူဦးရေအနေဖြင့် ၆၀၀ ခန့် ဝင်ထွက်လျက်ရှိကြောင်း၊ နယ်စပ်ဂိတ်တွင်ပင် ကုန်ပစ္စည်းပြောင်းပြီးလုပ်ပါက ပြဿနာမရှိသော်လည်း လက်ရှိတွင် တစ်ရှုးငှက်ပျောကားများမှာ မြစ်ကြီးနားမြို့အတွင်းအထိ ဝင်ရောက်နေကြောင်းဦးဇယ်ခေါင်က ပြောကြားသည်။

“ဒီ COVID- 19 ဆိုတာက တရုတ်ပြည်က စတာ။ တခြားဥရောပနိုင်ငံတွေတောင် အများကြီးဖြစ်နေတဲ့အချိန်မှာ ကျွန်တော်တို့နိုင်ငံ မဖြစ်ဘူးဆိုပြီးပြောနေပေမဲ့လည်း မဖြစ်တာတော့မဖြစ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံက တရုတ်နဲ့အနီးစပ်နိုင်ငံ ဝင်ဝင်ထွက်ထွက်ရှိနေတဲ့ မဖြစ်ဘူးပြောပေမယ့် အခုတလော လွန်ခဲ့တဲ့ ၂၀ ရက်နေ့က ကချင်ပြည်နယ်ဝန်ကြီးချုပ်ကတော့ လူစုလူဝေးမလုပ်ဖို့ပြောတဲ့အချိန်မှာ ဘာသာရေးအသင်းအဖွဲ့တွေကလည်း သူတို့က ဘုရားကျောင်းတွေ မတက်ဖို့၊ နောက်အပတ်တွေကနေစပြီး ဘုရားကျောင်းမတက်ဖို့တော့ ပြောတယ်။ ဒေသအတွင်းရှိတဲ့သူတွေကတော့ ဘုရားကျောင်းမတက်ရဘူး။ လူစုလူဝေး မလုပ်ရဘူးပြောပြီးမှာ တရုတ်ပြည်က တကယ်တမ်းဖြစ်တဲ့ တရုတ်ကလူတွေက ဝင်ဝင်ထွက်ထွက်လုပ်နေတဲ့ဟာကို ကျွန်တော်တို့ ပြည်သူတွေက ဒါကိုစိတ်ပူတာရှိပါတယ်” ဟု ဦးဇယ်ခေါင်က ပြောကြားသည်။

လက်ရှိကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် ကျေးလက်ဒေသများတွင် ကျေးလက်ကျန်းမာရေးဦးစီးဌာနက စောင့်ရှောက်မှုရှိကြောင်း၊ ဝိုင်းမော်မြို့နယ်တွင် ကန်ပိုင်တီတိုက်နယ် ဆေးရုံ၊ မြို့ပေါ်တွင် ၂၅ ကုတင်ဆံ့သာရှိသည့်အတွက် ကျန်းမာရေးနှင့်ပတ်သက်၍ ရှိသည့်လူအင်အားဖြင့် အတက်နိုင် ဆုံးဆောင်ရွက်သော်လည်း COVID- 19 ဖြစ်ပွားလာပါက မဆောင်ရွက်နိုင်သဖြင့် စိတ်ပူမိကြောင်း ဦးဇယ်ခေါင်က ပြောကြားသည်။       

Most Read

Most Recent