စင်ကာပူနိုင်ငံမှပြန်လာသည့် အမျိုးသမီးတစ်ဦးအား COVID-19 သံသယလူနာအဖြစ် မင်္ဂလာဒုံမြို့နယ်တွင် တွေ့ရှိခဲ့ပြီး ဝေဘာဂီဆေးရုံသို့ပို့ဆောင်ကာ ၎င်းနှင့်အတူ ပြန်လာသည့် လူ ၁၁ ဦးအား လိုက်လံရှာဖွေနေ

စင်ကာပူနိုင်ငံမှပြန်လာသည့် အမျိုးသမီးတစ်ဦးအား COVID-19 သံသယလူနာအဖြစ် မင်္ဂလာဒုံမြို့နယ်တွင် တွေ့ရှိခဲ့ပြီး ဝေဘာဂီဆေးရုံသို့ပို့ဆောင်ကာ ၎င်းနှင့်အတူ ပြန်လာသည့် လူ ၁၁ ဦးအား လိုက်လံရှာဖွေနေ
ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူများကို ထားရှိသည့် ဝေဘာဂီဆေးရုံကို တွေ့ရစဉ်  (ဓာတ်ပုံ- အောင်မျိုးသန့်)
ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူများကို ထားရှိသည့် ဝေဘာဂီဆေးရုံကို တွေ့ရစဉ် (ဓာတ်ပုံ- အောင်မျိုးသန့်)
Published 20 March 2020
ဆန်းထူးအောင်

မင်္ဂလာဒုံမြို့နယ်တွင် စင်ကာပူနိုင်ငံမှ ပြန်လာသည့် အမျိုးသမီးတစ်ဦးအား COVID-19 သံသယလူနာအဖြစ် ဝေဘာဂီဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းနှင့်အတူ ပြန်လာသည့် လူ ၁၁ ဦးအား လိုက်လံရှာဖွေ နေကြောင်း မင်္ဂလာဒုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာမိုးက ပြောကြားသည်။

“သူက ၁၇ ရက်နေ့က စင်္ကာပူကနေ ပြန်ရောက်ပြီးတော့ သူ့သူငယ်ချင်းတွေရှိတဲ့ မင်္ဂလာဒုံ ပေါက်ကုန်းရပ်ကွက်မှာ ခဏလာပြီးတော့ တည်းခိုတယ်။ အဲဒီရက်အတွင်းမှာ ချောင်းဆိုး၊ ကိုယ်ပူလို့ ရပ်ကွက်နေ ပြည်သူတစ်ယောက်က မြို့နယ်ကျန်းမာရေးကို လှမ်းအကြောင်းကြားတဲ့အတွက် မြို့နယ် ကျန်းမာရေးက သွားရောက်စစ်ဆေးတယ်။ ကိုယ်အပူချိန်က ၁၀၄ ဖြစ်နေတဲ့အတွက် သံသယလူနာဖြစ်တဲ့အတွက် ဝေဘာဂီဆေးရုံကို ပို့ဆောင်ပေးလိုက်တယ်” ဟု ဒေါ်သန္တာမိုးက ပြောကြားသည်။

ထို့ပြင် ၎င်းတည်းခိုနေထိုင်ခဲ့သည့် နေအိမ်မှ လူလေးဦးကိုလည်း နေအိမ်အဝင် အထွက်ပိတ်ကာ  စောင့်ကြည့်မှုများပြုလုပ်နေကြောင်း ဒေါ်သန္တာမိုးကပြောကြားသည်။

“သူတို့ အိမ်တွေကိုပိတ်ပြီးတော့ စားသောက်ဖို့ ကို ကျန်းမာရေးဌာနဘက်က ပံ့ပိုးကူညီဖို့ ဆောင်ရွက်နေတယ်။ သံသယလူနာနဲ့ အတူတူပြန်လာတဲ့၁၁ ယောက်ကိုတော့ ရှာဖွေနေဆဲဖြစ်ပါတယ်။ အနယ်နယ် အရပ် ရပ်ကဆိုတော့ သေချာမသိရသေးဘူး။ ဘယ်တိုင်းဘယ်ဒေသတွေ ဆိုတာတော့မသိ ဘူး။ အခု သံသယလူနာကတော့ မြင်းခြံ ဇာတိဖြစ်တယ်” ဟု ဒေါ်သန္တာမိုးက ပြောကြားသည်။

လက်ရှိအချိန်အထိ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ COVID-19 ရောဂါကူးစက်ပျံ့နှံ့ အန္တရာယ်ရှိနိုင်မှု သုံးသပ်မှုအခြေအနေအား တရုတ်နိုင်ငံအပါအဝင် ဒေသတွင်းနိုင်ငံများ နှင့် ကမ္ဘာ့နိုင်ငံများအားလုံးကို အလွန်မြင့်မားသည့်အဆင့် Very High အဖြစ်တိုးမြှင့် သတ်မှတ်ထားဆဲဖြစ်သည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှု အခြေအနေအရ မတ် ၁၉ ရက်ညပိုင်းအထိ စောင့်ကြည့်လူနာနှင့် သံသယလူနာ ၁၂၇ ဦးရှိပြီဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

မတ် ၁၃ ရက်တွင် နိုင်ငံတော်သမ္မတရုံးက COVID-19 နှင့်ပတ်သက်ပြီး သတင်း ထုတ်ပြန်ချက်တွင် သင်္ကြန်ကဲ့သို့ လူစုလူဝေးဖြင့် ကျင်းပသော အခမ်းအနားပွဲလမ်းသဘင်များကို ဧပြီလကုန်အထိ ရပ်ဆိုင်ထားရန်နှင့် လိုအပ်ပါက ရပ်ဆိုင်းကာလ ထပ်မံတိုးမြှင့် သွားမည်ဟု ဖော်ပြထားပြီး ပြည်သူလူထု အနေဖြင့် မမှန်သတင်းများကို မယုံကြည်ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် သတိပေးနှိုးဆော်ချက်များကို တိတိကျကျလိုက်နာရန် တိုက်တွန်းကြောင်း ဖော်ပြထားသည်။

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် COVID-19 ကာကွယ်ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော် မတီကိုလည်း မတ် ၁၃ ရက်တွင် စတင်ဖွဲ့ စည်းခဲ့ကြောင်း သိရသည်။

COVID-19 ကာကွယ်ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားပြီး အဖွဲ့ဝင်များ အဖြစ် ပြည်ထောင်စုအစိုရအဖွဲ့ရုံးဝန်ကြီး ဌာနအပါအဝင်သက်ဆိုင်ရာ ဝန်ကြီးဌာန များမှ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးများ ပါဝင် ဖွဲ့စည်းထားကြောင်း သိရသည်။

 

 

Most Read

Most Recent