ရွာမဓာတ်အားပေးစက်ရုံ အဆင့်မြှင့်တင်ခြင်းစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေဒေါ်လာသန်း ၃၅၀ ရယူနိုင်ရေး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ

ရွာမဓာတ်အားပေးစက်ရုံ အဆင့်မြှင့်တင်ခြင်းစီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေဒေါ်လာသန်း ၃၅၀ ရယူနိုင်ရေး ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ
Published 19 March 2020
ပြည့်ဖြိုးအောင်၊  အောင်မင်းသိန်း

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဆောင်ရွက်မည့် ရွာမဓာတ်အားပေးစက်ရုံ အဆင့်မြှင့်တင်ခြင်း စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေအမေရိကန်ဒေါ်လာသန်း ၃၅၀ ချေးယူနိုင်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ မတ် ၁၆ ရက် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးသို့ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့စည်းဝင်များက ရှင်းလင်းတင်ပြခဲ့သည်။

နိုင်ငံတော်အနေဖြင့် လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူးအလေးထား ဆောင်ရွက်ရာတွင် ရေတို၊ ရေရှည်အစီအမံများ ချမှတ်၍ အကောင်အထည်ဖော်ဆောင် ရွက်လျက်ရှိပြီး နှစ်စဉ်လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် ၇၀၀ နှင့်အထက် တိုးတက်သုံးစွဲလာသည့်အတွက် ယင်းဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန် လိုအပ်လျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း လှော်ကား၊ ရွာမ၊ အလုံ၊ သာကေတနှင့် သီလဝါ ဓာတ်အားပေးစက်ရုံများကို တည်ဆောက်ထားပြီး ဓာတ်အားထုတ်လုပ်ပေးလျက်ရှိကြောင်းနှင့် ရွာမဓာတ်အားပေးစက်ရုံသည် လှိုင်သာယာ ပင်မဓာတ်အားခွဲရုံသို့ အဓိကဓာတ်အားပို့လွှတ်၍ ယင်းမှတစ်ဆင့် လှိုင်သာယာစက်မှုဇုန်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ရွှေပြည်သာစက်မှုဇုန်များနှင့် ဧရာဝတီတိုင်းဒေသကြီးတို့အား ဓာတ်အားပို့လွှတ်ထားသော အရေးပါသည့် ဓာတ်အားပေးစက်ရုံဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ရှင်းလင်းတင်ပြသည်။

ရွာမဓာတ်အားပေးစက်ရုံဝင်းအတွင်း၌ တည်ဆောက်ထားသော ဓာတ်အားပေးစက်များသည် ၃၇ မဂ္ဂါဝပ် ဂတ်စ်တာဘိုင်နှစ်လုံး၊ ၃၃ မဂ္ဂါဝပ် ဂတ်စ်တာဘိုင်တစ်စုံ၊ မဂ္ဂါဝပ် ၂၄၀ ဂတ်စ်တာဘိုင်နှစ်လုံးနှင့် Gas Engine မဂ္ဂါဝပ် ၅၀ စက်ရုံတစ်ရုံ စုစုပေါင်း အင်အား ၃၆၀ မဂ္ဂါဝပ်ဖြစ်ပြီး ၃၇ မဂ္ဂါဝပ် ဂတ်စ်တာဘိုင်နှစ်လုံးသည် ၁၉၈၀ ခုနှစ်က စတင်၍ ဓာတ်အားထုတ်လုပ်ခဲ့ကြောင်း၊ လက်ရှိတွင် စက်စွမ်းရည်သည် ရာခိုင်နှုန်း ၂၀ သာရှိတော့ကြောင်းနှင့် ၃၃ မဂ္ဂါဝပ် ဂတ်တာဘိုင်တစ်စုံသည် ၂၀၁၄ ခုနှစ်တွင် ဂတ်စ်တာဘိုင်ချို့ယွင်းခဲ့သဖြင့် ပြန်လည်ပြင်ဆင်ပါက ပြင်ဆင်စရိတ်ကြီးမားစွာကုန်ကျနိုင်ခြင်းနှင့် အပိုပစ္စည်းရရှိရန် ခက်ခဲခြင်းများကြောင့် ရပ်တန့်ထားရပြီး စာရင်းရှင်းလင်းဖျက်သိမ်းရန် ဆောင်ရွက်လျက်ရှိကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

“ရွာမဓာတ်အားစက်ရုံမှာ နှစ်ကာလကြာရှည်စွာ အသုံးပြုပြီးတော့မှ စက်စွမ်းရည်ကျဆင်းပြီးတော့ စီးပွားရေးတွက်ချေမကိုက်တော့တဲ့ John Brown Gas Turbine ဓာတ်အားပေးစက်နှစ်လုံးနှင့် H-25 Hitachi CCGT တို့ကို ဖျက်သိမ်းပြီး ယင်းနေရာတွင် စွမ်းဆာင်ရည်မြင့်မားတဲ့ ဓာတ်အားပေးစက်များဖြင့် အစားထိုးတည်ဆောက်လိုခြင်း ဖြစ်ပါတယ်။ အဆိုပါဓာတ်အားပေးစက် အဟောင်းများကို ဖယ်ရှားပြီး ယင်းရဲ့နေရမှာပဲ အသစ်တည်ဆောက်မည့် မဂ္ဂါဝပ် ၂၅၀ မှ ၃၀၀ အထိ ထွက်ရှိနိုင်မယ့် Combined Cycle Gas Turbine အသစ် တည်ဆောက်လိုခြင်းဖြစ်ပါတယ်။ ဒုတိယတစ်ခုအနေနဲ့ကတော့ မဟာဓာတ်အားလိုင်းစနစ် အတွင်းထဲမှာရှိတဲ့ အချို့ပင်မဓာတ်အား ခွဲရုံများမှာရှိတဲ့ ထရန်စဖော်မာများက ဝန်အား ပြည့်ဝနေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ မူလတပ်ဆင်အင်အားထက် ပိုမိုကြီးမားသော ထရန်စဖော်များဖြင့် အစားထိုးလဲလှယ်လိုခြင်းအတွက် ဆောင်ရွက်ရန်ဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးက ရှင်းလင်းတင်ပြသည်။

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း တိုးတက်ဖြစ်ပေါ်လာမည့် ဓာတ်အားလိုအပ်ချက်ကို အချိန်မီဖြည့်ဆည်းပေးနိုင်ရန်အတွက် မဂ္ဂါ ဝပ် ၃၀၀ ရှိသည့် ဓာတ်အားပေးစက်ရုံစီမံကိန်းအသစ်ကို တည်ဆောက်ခြင်းဖြစ်ပြီး ပင်မဓာတ်အားခွဲရုံများရှိ ဝန်အားပြည့်နေသော ထရန်စဖော်မာများကို ဓာတ်အားပိုမိုပို့လွှတ်ပေးနိုင်ရန်၊ အင်အားပိုမိုကြီးမားသည့် ထရန်စဖော်မာများဖြင့် အစားထိုးလဲလှယ်ရန်၊ Mobile Substation များ ဝယ်ယူခြင်းဖြင့် ဓာတ်အားစနစ်အတွင်း ပင်မဓာတ်အားခွဲရုံ ချို့ယွင်းမှုဖြစ်ပေါ်လျှင် သို့မဟုတ် ပြုပြင်ထိန်းသိမ်းမှုဆောင်ရွက်ပါက အချိန်မီအစားထိုး ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

အထက်ပါစီမံကိန်း၏ ချေးငွေပမာဏသည် အမေရိကန်ဒေါ်လာသန်း ၃၅၀ ဖြစ်ပြီး စီမံကိန်းလုပ်ငန်းကို ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၄ ခုနှစ်အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  Feasibility Study ကို ဘယ်ဂျီယံနိုင်ငံအခြေစိုက် Tracteble ကုမ္ပဏီမှ ဆောင်ရွက်ခဲ့ပြီး ESIA လုပ်ငန်းများကို အိန္ဒိယနိုင်ငံအခြေစိုက် Greencindia ကုမ္ပဏီမှ Greencindia များ ပြုစုတင်ပြထားခြင်းကို ဌာနမှ စိစစ်လျက်ရှိကြောင်းနှင့် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဆောင်ရွက်မည့်စီမံကိန်းတွင် ရွာမဓာတ်အားပေးစက်ရုံ၌  Combine Gas Turbine အသစ် (မဂ္ဂါဝပ် ၃၀၀)တည်ဆောက်ခြင်းအတွက် အမေရိကန်ဒေါ်လာသန်း ၂၉၀ နှင့် ဓာတ်အားပို့လွှတ်မှုစနစ်အတွင်းရှိ ပင်မဓာတ်အားခွဲရုံများ၏ တပ်ဆင်အင်အားတိုးမြှင့်ခြင်းနှင့် အဆင့်မြှင့်တင်ခြင်းအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ အသုံးပြုသွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြောကြားသည်။

 

 

Most Read

Most Recent