၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ကျင်းပဖြစ်လိမ့်မည်ဖြစ်ကြောင်း COVID – 19 ရောဂါနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောကြား

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ကျင်းပဖြစ်လိမ့်မည်ဖြစ်ကြောင်း COVID – 19 ရောဂါနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပြောကြား
 မတ် ၁၉ ရက်က နေပြည်တော်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
မတ် ၁၉ ရက်က နေပြည်တော်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်
Published 19 March 2020
နေရိုင်း၊ ဇေယျာထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ကျင်းပဖြစ်လိမ့်မည်ဖြစ်ကြောင်း COVID – 19 ရောဂါနှင့်ပတ်သက်၍ မေးမြန်းမှုအပေါ်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

နေပြည်တော်ရှိ ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံးတွင် မတ် ၁၉ ရက်က ပြုလုပ်သည့် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ကော်မရှင်အဖွဲ့ဝင်ဦးမြင့်နိုင်က အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် COVID – 19 ရောဂါသည် ကမ္ဘာ့နိုင်ငံအသီးသီး၌ ဖြစ်ပွားနေပြီး အဆိုပါရောဂါသည် မည်သည့်အချိန်တွင် ပြီးဆုံးမည်ကိုမခန့်မှန်းနိုင်သေးဘဲ လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲအား ကျင်းပခြင်း ရှိ မရှိအပေါ် မည်မျှထိရိုက်ခတ်မှုရှိနိုင်သနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။

ထိုသို့မေးမြန်းမှုကို ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က “ရွေးကောက်ပွဲ ကျင်းပဖြစ်လိမ့်မယ်။ ဘာမှ မရိုက်ခတ်နိုင်ဘူးလို့ပဲ ယူဆထားပါတယ်။ ဘာမှရိုက်ခတ်မှု မရှိနိုင်ဘူး။ ကျွန်တော်တို့ရဲ့ သစ္စာမေတ္တာတရားတွေအရ။ မိုးမပြို။ ပြိုခဲ့သော် ကျွန်တော်တို့ အကုန်လုံးစီမံထားတယ်။ ဘာတွေဆိုတာတော့ စီမံချက်ရှိတယ်လေ။ စီမံချက်နဲ့ ကိုယ့်ဘာသာ အကောင်အထည်ဖော်နေပြီ။ ကျွန်တော်တို့မှာ အစီအစဉ်ရှိပါတယ်” ဟု ပြန်လည်ဖြေကြားသည်။

COVID – 19 ဖြစ်ပွားပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ဘက်ပေါင်းစုံမှ လုပ်ဆောင်မည်ဖြစ်ပြီး အဆိုပါရောဂါမဖြစ်ပွားနိုင်ဟုယူဆကာ ရွေးကောက်ပွဲ အောင်အောင်မြင်မြင်ဖြစ်မည်ဟု သန္နိဋ္ဌာန်ချမှတ်၍ ဆောင်ရွက်နေကြောင်း ဦးမြင့်နိုင်က ဆိုသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် COVID – 19 ရောဂါနှင့် ပတ်သက်၍ ဘက်ပေါင်းစုံမှ လုပ်ဆောင်မည်ဟုပြောဆိုခဲ့သော်လည်း လုပ်ဆောင်နေသည့် အစီအစဉ်များအား ပြောဆိုပေးရန် သတင်းထောက်တစ်ဦးက မေးမြန်းခဲ့မှုအပေါ် အသေးစိတ်ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပေ။

“ကြိုတင်စီစဉ်ထားတယ်လေ။ ဒီထက်မက ဘယ်လိုသတင်းလာဦးမလဲ။ ဘယ်လို ရောက်လာမယ်။ ဒါတွေက ပြောလို့မရဘူး။ ဒီဟာတွေကို ဦးစားပေးပြီး မဆွေးနွေးစေချင်ဘူး။ လန့်စရာကောင်းပါတယ်။ ဆရာပြောပြီးပြီ။ မဖြစ်ဘူးလို့ ယုံကြည်တယ်လေ။ မြန်မာနိုင်ငံကို လုံးဝမလာပါစေနဲ့ ကင်းစင်ပါစေ။ ပပျောက်ပါစေ” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

COVID – 19 ရောဂါကြောင့် ရွေးကောက်ပွဲအပေါ် ပြည်သူလူထုအနေဖြင့် စိုးရိမ်စရာမရှိဘဲ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများနှင့်ပတ်သက်၍ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးမြင့်နိုင်က ပြောကြားသည်။

“ရွေးကောက်ပွဲပျက်လိမ့်မလား။ ဘာမှစိုးရိမ်စရာမရှိဘူး။ ကိုယ်လုပ်သင့်လုပ်ထိုက်တာ လုပ်မယ်။ ဒီရောဂါဝေဒနာလည်း အတတ်နိုင်ဆုံး ဒီမှာမရောက်နိုင်အောင် တစ်ဖက်တစ်လှမ်းက ကာကွယ်လို့ရရင် ကာကွယ်မယ်။ ကျွန်တော်တို့ကအစ အပူချိန်တိုင်းရတယ်။ ဥက္ကဋ္ဌကြီးက ပြောတယ်။ ကျွန်တော့်မှာ အပူချိန်များလာရင် ပြန်လွှတ်လိုက်မယ်” ဟု ဦးမြင့်နိုင်က ပြောကြားသည်။

၂၀၂၀ ရွေးကောက်ပွဲကျင်းပမည့်ရက်အား ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ ရွေးကောက်ပွဲ မကျင်းပမီ ကြေညာခဲ့သည့်အတိုင်း လုပ်ထုံးလုပ်နည်းများအား လိုက်နာကာ ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ဦးမြင့်နိုင်ကဆိုသည်။

၂၀၁၀ အထွေထွေရွေးကောက်ပွဲ၌ ရွေးကောက်ပွဲကျင်းပမည့်ရက်အား ရွေးကောက်ပွဲမကျင်းပမီ နှစ်လနှင့် ၂၄ ရက်အလိုတွင် ကြေညာခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ ရွေးကောက်ပွဲကျင်းပမည့်ရက်အား ရွေးကောက်ပွဲမကျင်းပမီ လေးလအလိုတွင် ကြေညာခဲ့ကြောင်း  ပြည်ထောင်စုရွေး ကောက်ပွဲကော်မရှင်ရုံး၏ အချက်အလက်များအရ သိရသည်။

 

 

Most Read

Most Recent