ဖွဲ့စည်းပုံပြင်ဆင်ရေး အဋ္ဌမနေ့ မဲခွဲဆုံးဖြတ်မှုတွင် ပုဒ်မ ၁၄ ခုအနက် မသန်စွမ်းစကားရပ်ပြင်ဆင်သည့် ပုဒ်မတစ်ခုသာပြင်ဆင်နိုင်

ဖွဲ့စည်းပုံပြင်ဆင်ရေး အဋ္ဌမနေ့ မဲခွဲဆုံးဖြတ်မှုတွင် ပုဒ်မ ၁၄ ခုအနက် မသန်စွမ်းစကားရပ်ပြင်ဆင်သည့် ပုဒ်မတစ်ခုသာပြင်ဆင်နိုင်
Published 19 March 2020
ပြည့်ဖြိုးအောင်

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး အဋ္ဌမနေ့ မဲခွဲဆုံးဖြတ်မှုအဖြစ် ယနေ့ (မတ် ၁၉ ရက်) တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်၌ ပုဒ်မ ၄၃၆ (ခ) နှင့်အကျုံးဝင်သော ပုဒ်မ၊ ပုဒ်မခွဲ ၁၄ ခုကို စုစည်းထားသည့် ဆန္ဒမဲလက်မှတ် (၄) ကို  မဲခွဲဆုံးဖြတ်ခဲ့သည်။

အဆိုပါ ပုဒ်မ ၁၄ ခု မဲခွဲရာ၌ ပုဒ်မ ၃၄၄ ပြဋ္ဌာန်းချက်ပါ မသန်မစွမ်းကို မသန်စွမ်းဟု စကားရပ်ပြင်ဆင်သည့် ပုဒ်မတစ်ခုသာပြင်ဆင်နိုင်ပြီး လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ကွပ်ကဲမှုအောက်တွင် ရှိရမည်ဆိုသည့်အချက်ကို ပယ်ဖျက်ရန်ပြင်ဆင်ချက်အပါအဝင် ကျန်ပုဒ်မ ၁၃  ခုမှာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း မကျော်သဖြင့် ပြင်ဆင်ရန်မအောင်မြင်ခဲ့ပေ။

ယနေ့ မဲခွဲဆုံးဖြတ်ခဲ့သည့်ပုဒ်မများမှာ ပုဒ်မ ၃၀၁(ဃ)(၄)၊ ပုဒ်မ ၃၁၀(ဃ)(၃)၊ ပုဒ်မ ၃၁၉၊ ပုဒ်မ ၃၂၂(ခ)၊ ပုဒ်မ ၃၃၃(ဃ)(၄)၊ ပုဒ်မ ၃၃၈၊ ပုဒ်မ ၃၃၉၊ ပုဒ်မ ၃၄၄၊ ပုဒ်မ ၃၅၉၊ ပုဒ်မ ၃၇၆၊ ပုဒ်မ ၃၉၆(ခ)၊ ပုဒ်မ ၃၉၈(ခ)(၃)(ဃဃ)၊ ပုဒ်မ ၃၉၉(စ)၊ ပုဒ်မ ၄၀၂ တို့ဖြစ်ပြီး ယင်းပုဒ်မ ၁၄ ခုတွင် NLD ပါတီက တင်သွင်းထားသည့် ပုဒ်မ ၁၂ ခုနှင့် ပြည်ခိုင်ဖြိုးပါတီက တင်သွင်းတားသည့် ပုဒ်မ ၂ ခုပါဝင်သည်။

ထို့ပြင် ယနေ့မဲခွဲဆုံးဖြတ်ခဲ့သည့် ပြင်ဆင်ထားသော ပုဒ်မများ၏ အဓိကအကြောင်းအရာများမှာ ရာထူးမှနုတ်ထွက်ရမည့် သို့မဟုတ် တာဝန်ရပ်စဲခံရမည့် တပ်‌မတော်သား နေပြည်တော်ကောင်စီဝင်နှင့် ပတ်သက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ညှိနှိုင်းဆောင်ရွက်ရမည် ဆိုသည်အချက်ကို ပယ်ဖျက်ရန် ပြင်ဆင်ချက်၊ တပ်မတော်သားများအတွက် တရားစီရင်မှုနှင့်သက်ဆိုင်သော ပြင်ဆင်ချက်၊ လက်နက်ကိုင်အဖွဲ့အစည်းအားလုံးသည် တပ်မတော်၏ကွပ်ကဲမှုအောက်တွင် ရှိရမည်နှင့် ပြည်တွင်း၊ ပြည်ပအန္တရာယ်များမှ ကာကွယ်ရေးအတွက် တပ်မတော်က ဦးဆောင်ရမည်ဆိုသည်အချက်ကို ပယ်ဖျက်ရန် ပြင်ဆင်ချက်၊ တရားသူကြီးချုပ်မိန့် မပါဘဲ မည်သူ့ကိုမျှ ၂၄ နာရီထက် ပို၍ချုပ်နှောင်းခြင်းမပြုရန် ပြင်ဆင်ချက်၊ တာဝန်မှရုပ်သိမ်းလို‌သော လွှတ်တော်ကိုယ်စားလှယ်အား တိုင်တန်းရာတွင် မဲဆန္ဒရှင် ရာခိုင်နှုန်း ပြင်ဆင်ချက်စသည်တို့ ဖြစ်သည်။

Most Read

Most Recent