မီးဝဗျူဟာစခန်းကို ပိတ်ဆို့ဝန်းရံထားသည့် AA အဖွဲ့အား တပ်မတော်စစ်ကြောင်းက ပြန်လည်တိုက်ထုတ်ခဲ့ပြီး နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေး အပြည့်အဝ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောကြား

မီးဝဗျူဟာစခန်းကို ပိတ်ဆို့ဝန်းရံထားသည့် AA အဖွဲ့အား တပ်မတော်စစ်ကြောင်းက ပြန်လည်တိုက်ထုတ်ခဲ့ပြီး နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေး အပြည့်အဝ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ပြောကြား
Published 19 March 2020
မင်းနိုင်စိုး

ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်အစပ်ရှိ မီးဝဗျူဟာစခန်းကို ပိတ်ဆို့ဝန်းရံထားသည့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) ကို တပ်မတော်စစ်ကြောင်းက ပြန်လည်တိုက်ထုတ်နိုင်ခဲ့ပြီး နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးအား အပြည့်အဝ ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

မတ် ၁၈ ရက် နံနက်ပိုင်းတွင် မီးဝဗျူဟာစခန်းအား နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေး ဆောင်ရွက်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခြင်းဖြစ်သည်။

“ဒီနေ့ ၁၀ နာရီခွဲလောက်နေစပြီး ကျွန်တော်တို့ ဒီမှာ ပြန်လည်စိုးမိုးရေးနဲ့ လုံခြုံရေး ဆောင်ရွက်ပြီးပြီလို့ ပြောနိုင်ပါတယ်။ ၁၀ နာရီခွဲလောက်နေစပြီး ဒီမီးဝဗျူဟာကို ကျွန်တော်တို့ နယ်မြေစိုးမိုးရေး၊ လုံခြုံရေး ဆောင်ရွက်ပေးနိုင်ပြီ ဖြစ်ပါတယ်” ဟု မတ် ၁၈ ရက် ညနေပိုင်းတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

ကျောက်တော်မြို့နယ် အတွင်းရှိ မီးဝဗျူဟာစခန်းအား ထိန်းချုပ်နိုင်ရေးအတွက် တပ်မတော်နှင့် AA တို့ ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် AA မီးဝဗျူဟာစခန်းကို ရိက္ခာဖြတ်တောက်ခြင်းများ ပြုလုပ်၍ ပိတ်ဆို့ဝန်းရံ ထားနိုင်ခဲ့ကြောင်း သိရသည်။

သို့သော်လည်း မတ် ၁၈ ရက် နံနက်ပိုင်းတွင် အမှတ် (၅၅) ခြေမြန်တပ်မသည် မီးဝဒေသအား ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီး အမှတ် (၅၅) ခြေမြန်တပ်မ လက်အောက်ခံတပ် အချို့လည်း မီးဝဗျူဟာသို့ ထိုးဖောက် ဝင်ရောက်သွားနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

“ဒီမီးဝဗျူဟာက သူတို့ မရဘူး။ ဒီမီးဝဗျူဟာစခန်းကို သူတို့ ဝန်းရံထားတာ။ အဲဒီဝန်းရံထားတဲ့ မီးဝဗျူဟာစခန်းကို ဖြတ်တောက်ပြီးတော့ ပိတ်ဆို့ပြီးတော့ ဝန်းရံထားတာ။ အဲဒီလို ဖြတ်တောက်ပိတ်ဆို့ ဝန်းရံထားတဲ့ AA သောင်းကျန်းသူတွေကို ကျွန်တော်တို့က ဒီနေ့ (မတ် ၁၈ ရက်) ၁၀ နာရီခွဲမှာ အကုန်တိုက်ထုတ်နိုင်ခဲ့ပြီ။ တိုက်ထုတ်နိုင်ခဲ့တဲ့ အတွက် ဒီမီးဝဗျူဟာ ဖြတ်တောက်ပိတ်ဆို့ ခံထားရတာ မရှိတော့ဘူး” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

မီးဝဗျူဟာစခန်းအား တပ်မတော်က ပြန်လည်ထိန်းချုပ်နိုင်သည့် မတ် ၁၈ ရက်တွင်ပင် AA အဖွဲ့ကလည်း သတင်းဖော်ပြမှုတချို့ ပြုလုပ်ခဲ့ပြီး ၎င်းတို့၏ သတင်းဖော်ပြချက်တွင် မတ် ၁၀ ရက်နှင့် ၁၁ ရက် တိုက်ပွဲများတွင် မီးဝဗျူဟာကုန်း ဝန်းကျင်၌ ၎င်းတို့ဖမ်းဆီးရမိခဲ့သော တပ်မတော်အရာရှိ၊ စစ်သည်တချို့နှင့် စစ်လက်နက် ခဲယမ်း ပစ္စည်းများအား ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့သည်။

AA အဖွဲ့က ဖော်ပြခဲ့သော ဓာတ်ပုံများ နှင့်ပတ်သက်၍ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဒါက အရင်တစ်ခါပြောခဲ့တဲ့ အဆက်အသွယ် ပြတ်နေတယ်ဆိုတဲ့ဟာတွေ ဖြစ်ပါလိမ့်မယ်။ တချို့ဟာတွေကလည်း အဟောင်းတွေပါပါတယ်” ဟု ပြောကြားသည်။

မီးဝဗျူဟာကုန်းအနီး၌ မတ် ၁၀ ရက်နှင့် ၁၁ ရက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ပဲခူးတိုင်းအခြေစိုက် တပ်မ (၇၇) လက်အောက်ခံ၊ ခမရ (၇) ထံမှ တပ်ရင်းမှူး ဗိုလ်မှူးသက်နိုင်ဦးနှင့် စစ်သည်အချို့ကို လက်နက်ခဲယမ်းများ၊ စစ်အသုံးအဆောင် ပစ္စည်းများနှင့်အတူ AA အဖွဲ့က ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ပလက်ဝတိုက်ပွဲအတွင်း မီးဝဗျူဟာကုန်းသို့ စစ်ကူပေးရန် ရောက်ရှိလာသော တပ်မ (၇၇) လက်အောက်ခံ ကျောက်ကြီး အခြေစိုက် ခမရ (၇) မှ တပ်ရင်းမှူးတစ်ဦး အပါအဝင် တပ်မတော်သား ၂၀ ကို မတ် ၁၀ ရက်တွင် အရှင်ဖမ်းဆီးရမိခဲ့သည်ဟု မတ် ၁၁ ရက်တွင် AA အဖွဲ့က သတင်းထုတ်ပြန်သည်။

ခမရ (၇) ၏ တပ်ရင်းမှူး အပါအဝင် အရာရှိ၊ တပ်ကြပ်၊ တပ်သား စုစုပေါင်း ၂၀ ခန့်အား အရှင်ဖမ်းဆီးနိုင်ခဲ့သည့်အပြင် လက်နက်ခဲယမ်း အမြောက်အမြားကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု AA အဖွဲ့က သတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ပွဲအတွင်း AA အဖွဲ့ဘက်မှ သေဆုံးမှုများ ရှိခဲ့ကြောင်း AA အဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ပါဝင်သော်လည်း မည်မျှသေဆုံးသည်ဟု အရေအတွက် ဖော်ပြထားခြင်း မရှိပေ။

ထို့ပြင် မတ် ၁၁ ရက်တွင်လည်း တပ်မ (၇၇) လက်အောက်ခံ ခမရ (၇) မှပင် ဗိုလ်ကြီးအဆင့်ရှိ ဆေးမှူးတစ်ဦး၊ အခြားဗိုလ်ကြီး တစ်ဦးအပါအဝင် စုစုပေါင်း ၁၀ ဦးခန့်ကိုလည်း လက်နက် ၁၄ လက်၊ ခဲယမ်းအချို့နှင့် အတူ ထပ်မံလက်ရ ဖမ်းဆီးထားကြောင်း AA အဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

တပ်မ (၇၇) လက်အောက်ခံ ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့ အခြေစိုက် ခမရ (၇) တပ်ရင်းမှ တပ်ရင်းမှူး အပါအဝင် တပ်မတော်သား ၂၀ ခန့်နှင့် အဆက်အသွယ် ပြတ်တောက်နေကြောင်း တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မတ် ၁၁ ရက်တွင် ပြောကြားထားသည်။

“ကျွန်တော်တို့ အဲဒီမှာ အရာရှိ၊ စစ်သည်အချို့ကိုတော့ အဆက်အသွယ် ပြတ်တောက်နေတာ ရှိတယ်။ အဆက်အသွယ် ပြန်လည်ရရှိရေးအတွက် ကျွန်တော်တို့ ကြိုးစားဆောင်ရွက်လျက် ရှိပါတယ်” ဟု မတ် ၁၁ ရက်တွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားသည်။

Most Read

Most Recent