ကျိုင်းတုံနှင့် မြစ်ကြီးနားမြို့တွင် ဆွေးနွေးပွဲပြုလုပ်ရန် အစိုးရဘက်က အဆိုပြုထားသော်လည်း မြောက်ပိုင်းလေးဖွဲ့က တရုတ်နိုင်ငံတွင် ပြုလုပ်လိုသည့်အတွက် ညှိနှိုင်းနေဆဲဖြစ်ကြောင်း PCG အဖွဲ့ဝင် ပြောကြား

ကျိုင်းတုံနှင့် မြစ်ကြီးနားမြို့တွင် ဆွေးနွေးပွဲပြုလုပ်ရန် အစိုးရဘက်က အဆိုပြုထားသော်လည်း မြောက်ပိုင်းလေးဖွဲ့က တရုတ်နိုင်ငံတွင် ပြုလုပ်လိုသည့်အတွက် ညှိနှိုင်းနေဆဲဖြစ်ကြောင်း PCG အဖွဲ့ဝင် ပြောကြား
NRPC  နှင့် KIO, MNTJP, PSLF, ULA တို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးနိုင်ရေးအတွက် ကျိုင်းတုံမြို့တွင် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၇ ရက်က အစည်းအဝေးကျင်းပစဉ်
NRPC နှင့် KIO, MNTJP, PSLF, ULA တို့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် လက်မှတ် ရေးထိုးနိုင်ရေးအတွက် ကျိုင်းတုံမြို့တွင် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၇ ရက်က အစည်းအဝေးကျင်းပစဉ်
Published 18 March 2020

ကျိုင်းတုံမြို့နှင့် မြစ်ကြီးနားမြို့တွင် တွေ့ ဆုံဆွေးနွေးပွဲ ပြုလုပ်ရန် အစိုးရဘက်က အဆိုပြုထားသော်လည်း မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ဖြစ်သည့် ကချင်အဖွဲ့ (KIA) ကိုးကန့်အဖွဲ့ (MNDAA) တအာင်းအဖွဲ့ (TNLA) နှင့် ရခိုင်အဖွဲ့ (AA) တို့က တရုတ်နိုင်ငံတွင် ပြုလုပ်လိုသည့်အတွက် တွေ့ဆုံ ဆွေးနွေးပွဲဖြစ်မြောက်ရန် ညှိနှိုင်းနေဆဲဖြစ် ကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက ပြောကြား သည်။

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့တို့သည့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာအတွင်းက တရုတ်နိုင်ငံ ကူမင်းမြို့တွင် အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နောက်တစ်ကြိမ် တွေ့ဆုံပွဲကို တရုတ်နိုင်ငံတွင်ပြုလုပ်ရန် နှစ်ဖက်သဘော တူထားခြင်းဖြစ်သည်ဟု တွေ့ဆုံပွဲဖြစ်မြောက်ရေးအတွက် ကြားဝင်ညှိနှိုင်းပေးနေသည့် PCG မှ ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

ကူမင်းမြို့တွင် ပြုလုပ်ခဲ့သော အလွတ်သဘော တွေ့ဆုံဆွေးနွေးပွဲတွင် ထိုသို့ သဘောတူညီမှုရခဲ့သော်လည်း နှစ်ဖက်တွေ့ ဆုံပွဲ ပြန်လည်ပြုလုပ်ရန်စီစဉ်ရာတွင် တရုတ် နှစ်သစ်ကူးကာလနှင့် တိုက်ဆိုင်နေသဖြင့် တွေ့ဆုံပွဲအား ယာယီရွှေ့ဆိုင်းခဲ့သကဲ့သို့ နောက်ပိုင်းတွင်လည်း တရုတ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် တွေ့ဆုံပွဲအား ပြန်လည်ရွှေ့ဆိုင်းခဲ့ရသည်။

မြောက်ပိုင်းလေးဖွဲ့ကတော့ တရုတ်ပြည်မှာပဲ ပြန်လုပ်ဖို့ အဆိုပြုတာရှိတယ်။ အစိုးရဘက်ကတော့ ဒီမြို့ပေါ်မှာ လုပ်မယ် ဆိုပြီး ပြောတဲ့အပေါ်မှာ အခုအချိန်ထိတော့ ဘယ်မှာလုပ်မယ်ဆိုတာ တိတိကျကျ မသိရ သေးဘူး။ ညှိနှိုင်းဆဲပဲ ရှိသေးတယ်ဟု ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော်တွင် မတ် ၁၃ ရက်က သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၏ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပြီး အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် အစိုးရနှင့်မြောက်ပိုင်းလေးဖွဲ့တို့၏ တွေ့ ဆုံဆွေးနွေးပွဲအား ကျိုင်းတုံနှင့် မြစ်ကြီးနားတွင်ပြုလုပ်ရန် အဆိုပြုထားကြောင်း ဦးဇော်ဌေးက ပြောကြားထား သည်။

ကျွန်တော်တို့လည်း ဒီဘက်မှာ ညှိနှိုင်း နေတာတော့ရှိတယ်။ ဒါ သူတို့ အစိုးရ NRPC ကနေပြီးတော့ မြစ်ကြီးနား၊ ကျိုင်းတုံမှာ လုပ်ဖို့ အတွက်ဆိုပြီးမှ သူတို့ ကမ်းလှမ်းထားတာ၊ သူတို့ ညှိနှိုင်းထားတာ ရှိတယ်။ အဲဒီအပေါ် မှာကိုပဲ မြောက်ပိုင်းအဖွဲ့ကို ပြန်ဆွေးနွေးတဲ့ အခါမှာ သူတို့ကလည်း အခုအချိန်မှာ လတ် တလောအခြေအနေအရပေါ့လေ။ လုံခြုံရေး အခြေအနေအရသော်လည်းကောင်း၊ ကျန်းမာရေး အခုဆို ဝူဟန်ကိစ္စကလည်း ရှိတော့ ဒီဘက်မှာလာလို့ကတော့ သိပ်အဆင်မပြေ နိုင်ဘူးဆိုပြီး ပြန်ပြောထားတာ ရှိတယ်ဟု ဦးလမိုင်ဂွန်ဂျာက ပြောကြားသည်။

အစိုးရနှင့် မြောက်ပိုင်းမဟာမိတ်လေးဖွဲ့ တို့ Bilateral လက်မှတ်ရေးထိုးနိုင်ရေးအတွက် ငါးကြိမ်တိုင် တွေ့ဆုံ ဆွေးနွေးထား သော်လည်း ပြေလည်မှုမရှိသေးသည့်အတွက် ဆက်လက်ညှိနှိုင်းနေရဆဲဖြစ်သည်။

 

Most Read

Most Recent