ပြည်တွင်းစျေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း အတက်အကျမြန်ဆန်နေပြီး နိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာကိုးသန်း ဝယ်ယူပြီးနောက်ပိုင်း ကျပ် ၁၃၂၀ အထိ ကျဆင်းခဲ့သော ဒေါ်လာစျေး ကျပ် ၁၃၈၀ အထိ ပြန်တက်

ပြည်တွင်းစျေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း အတက်အကျမြန်ဆန်နေပြီး နိုင်ငံတော်ဗဟိုဘဏ်က ဒေါ်လာကိုးသန်း ဝယ်ယူပြီးနောက်ပိုင်း ကျပ် ၁၃၂၀ အထိ ကျဆင်းခဲ့သော ဒေါ်လာစျေး ကျပ် ၁၃၈၀ အထိ ပြန်တက်
 ရန်ကုန်မြို့အတွင်းရှိ ငွေလဲကောင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့အတွင်းရှိ ငွေလဲကောင်တာတစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 10 March 2020
စည်သူအောင်

၂၀၂၀ ပြည့်နှစ် မတ် ၁၀ ရက်တွင် ကမ္ဘာ့ဒေါ်လာစျေးအညွှန်းကိန်း ၉၆ ပွိုင့်ဝန်းကျင် ဖြစ်ပေါ်ပြီး  ပြည်တွင်းစျေးကွက်အတွင်း နိုင်ငံခြားငွေလဲနှုန်း အတက်အကျမြန်ဆန်နေပြီး အနိမ့်ဆုံးနှုန်း ကျပ် ၁၃၂၀၊ အမြင့်ဆုံးနှုန်း ၁၃၈၀ ကျပ်ဝန်းကျင်ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံခြားငွေကြေး ရောင်းဝယ်သူများထံမှ သိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် မတ် ၁၀ ရက်တွင် နိုင်ငံခြားငွေ စျေးပြိုင်လေလံဖြင့် နှစ်ကြိမ်ဝယ်ယူခဲ့ပြီး ပထမအကြိမ်တွင် ဒေါ် လာသုံးသန်း၊ ဒုတိယအကြိမ်တွင် ဒေါ်လာခြောက်သန်းဝယ်ယူခဲ့ကာ စျေးကွက်အတွင်း တစ်ဒေါ်လာ ကျပ် ၁၃၂၀ အထိကျဆင်းခဲ့သော ဒေါ်လာစျေးသည် ဗဟိုဘဏ်ဒုတိယအကြိမ် ဝယ်ယူပြီးနောက်ပိုင်း တစ်ဒေါ်လာ ၁၃၅၅ ကျပ်အထိ ပြန်လည်ခုန်တက်ခဲ့သည်။

ပြည်တွင်းစျေးကွက်တွင် နိုင်ငံခြားငွေလဲနှုန်း ၂၀၁၈ ခုနှစ် ဇွန်လမှစတင်ကာ သိသိသာသာမြင့်တက်ခဲ့ရာ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်တွင် ဖြစ်ပေါ်ခဲ့သည့် တစ်ဒေါ်လာ ၁၄၃၈ ကျပ်စံချိန်ကို ၂၀၁၈ ခုနှစ် ဇူလိုင် ၃၀ ရက်တွင် ကျပ် ၁၄၄၀ ဖြင့် ချိုးခဲ့ပြီး သြဂုတ် ၁၆ ရက်တွင် ကျပ် ၁၅၇၀ ဖြင့် စံချိန်တင်ထားကာ စက်တင်ဘာ ၁၈ ရက်တွင် ၁၅၈၅ ကျပ်၊ စက်တင်ဘာ ၁၉ ရက်တွင်  ၁၆၂၂ ကျပ်၊ စက် တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ ဖြင့် အမြင့်ဆုံး စံချိန်ထပ်တင်ခဲ့သည်။ ဒေါ်လာစျေးသည် ၂၀၁၈ ခုနှစ် သြဂုတ် ၂၀ ရက်တွင် ကျပ် ၁၄၈၀ အထိ ကျဆင်းခဲ့သော်လည်း တစ်လအတွင်း ဆက်တိုက်မြင့်တက်ခဲ့ရာ စက်တင်ဘာ ၂၀ ရက်တွင် ကျပ် ၁၆၅၀ အထိ အမြင့်ဆုံးစံချိန် တင်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ၂၀၁၈ ခုနှစ် အောက်တိုဘာ ၃ ရက်တွင် ၁၅၁၅ ကျပ်အထိ ပြန်ကျခဲ့သော်လည်း အောက်တိုဘာ ၁၀ ရက်တွင် ကျပ် ၁၅၉၀၊ အောက်တိုဘာ ၁၁ ရက်တွင် ကျပ် ၁၆၀၀ အထိပြန်လည်မြင့်တက်ခဲ့သည်။ ဒီဇင်ဘာ ၄ ရက်တွင် ကျပ် ၁၅၁၀ ဝန်းကျင်အထိ ကျဆင်းခဲ့ပြီး ဒီဇင်ဘာ ၁၂ ရက်တွင် ၁၅၇၇ ကျပ်အထိ ပြန်တက်ခဲ့သည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ကျပ် ၁၅၄၀၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၅၁၅ ကျပ်အထိ၊ ဖေဖော်ဝါရီ ၂၈ ရက်တွင် ၁၅၀၃ ကျပ်အထိ ကျဆင်းခဲ့သည်။ မတ် ၁၈ ရက်တွင်  ၁၅၂၇ ကျပ်အထိ မေ ၁၄ ရက်တွင် ၁၅၃၈ ကျပ်အထိ ပြန်တက်ခဲ့ပြီး ဇွန်  ၁ ရက်တွင် ၁၅၂၉ ကျပ် ဝန်းကျင်ရှိခဲ့သည်။ သြဂုတ် ၂၆ ရက်တွင် ၁၅၁၄ ကျပ် ဝန်းကျင်ဖြစ်ပေါ်ခဲ့ပြီး စက်တင်ဘာ ၆ ရက်တွင် ၁၅၆၅ ကျပ်အထိ မြင့်တက်ခဲ့ကာ ဒီဇင်ဘာ ၂၅ ရက်မှစတင်ဘာ တစ်ဒေါ်လာ ကျပ် ၁၅၀၀ အောက်၊ ၂၀၂၀ ပြည့်နှစ် မတ် ၅ ရက်မှစ၍ ကျပ် ၁၄၀၀ အောက် ကျဆင်းခဲ့သည်။

ပြည်တွင်းစျေးကွက်၌ တစ်နှစ်အတွင်းအတွင်း လအလိုက်ဖြစ်ပေါ်သော နိုင်ငံခြားငွေလဲနှုန်းအနိမ့်ဆုံးနှင့် အမြင့်ဆုံးနှုန်းများမှာ ၂၀၁၉ ခုနှစ် မတ်တွင် ၁၅၀၈ - ၁၅၂၇ ကျပ်၊ ဧပြီတွင် ၁၅၀၄- ၁၅၂၅ ကျပ်၊ မေတွင် ၁၅၁၆ - ၁၅၃၈ ကျပ်၊ ဇွန်တွင် ၁၅၁၇-၁၅၂၉ ကျပ်၊ ဇူလိုင်တွင် ၁၅၀၈-၁၅၁၇ ကျပ်၊ သြဂုတ်တွင် ၁၅၁၀-၁၅၂၆ ကျပ်၊ စက်တင်ဘာတွင် ၁၅၂၇-၁၅၆၅ ကျပ်၊ အောက်တိုဘာတွင် ၁၅၂၈-၁၅၃၇ ကျပ်၊ နိုဝင်ဘာတွင် ၁၅၁၀-၁၅၂၄ ကျပ်၊ ဒီဇင်ဘာတွင် ၁၄၈၅-၁၅၁၃ ကျပ်၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီတွင် ၁၄၆၅-၁၄၉၃ ကျပ်၊ ဖေဖော်ဝါရီတွင် ၁၄၃၆-၁၄၆၅ ကျပ်တို့ဖြစ်သည်။

ပြည်တွင်းစျေးကွက်အတွင်း ၂၀၂၀ ပြည့်နှစ် မတ် ၁၀ ရက်တွင်ဖြစ်ပေါ်သော အခြားနိုင်ငံခြားငွေကြေးများ၏ လဲလှယ်မှုနှုန်းထားများမှာ ယူရို ၁၅၂၀ ကျပ်၊ စင်ကာပူ ဒေါ်လာ ၉၉၀ ကျပ်၊ မလေးရှားရင်းဂစ် ၃၁၅ ကျပ်၊ ထိုင်းဘတ် ၄၂  ကျပ်၊ တရုတ်ယွမ် ၁၉၀ ကျပ်ဖြစ်သည်။

 

 

Most Read

Most Recent