ဝူဟန်ဗိုင်းရပ်စ်ဂယက်နှင့် မြိတ်ရေထွက်ကုန်စျေးကွက်

ဝူဟန်ဗိုင်းရပ်စ်ဂယက်နှင့် မြိတ်ရေထွက်ကုန်စျေးကွက်
ပကန်းအဝယ်ဒိုင်တွင် ပကန်းများ ထားရှိစဉ် (ပုံကြီး) နှင့် ကဏန်းများကို ထိုင်းနိုင်ငံသို့တင်ပို့ရန် ထုပ်ပိုးထားစဉ် (ပုံသေး)
ပကန်းအဝယ်ဒိုင်တွင် ပကန်းများ ထားရှိစဉ် (ပုံကြီး) နှင့် ကဏန်းများကို ထိုင်းနိုင်ငံသို့တင်ပို့ရန် ထုပ်ပိုးထားစဉ် (ပုံသေး)
Published 1 March 2020
ဇော်မိုးဦး (မြိတ်)

တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ရေထွက်ကုန်များမှာ ဝူဟန်ဗိုင်းရပ်စ်ဂယက်ကြောင့် အထိနာသူများ ရှိနေသည်။ အထူးသဖြင့် တရုတ်နိုင်ငံသို့ တင်ပို့နေရသည့် ကဏန်း၊ ပဂဲ၊ ပကန်းနှင့် ကင်းမွန်ခြောက်များမှာ စျေးကွက်ပျက်ခဲ့ရသည်။

ထိုင်းနိုင်ငံသို့ တင်ပို့နေသည့် ငါးမျိုးစုံနှင့် ကင်းမွန်အစိုများမှာစျေး ကွက်ထိခိုက်မှု မသိသာသော်လည်း တရုတ်နိုင်ငံသို့ ရန်ကုန်မှတစ်ဆင့် တင်ပို့နေရသည့် ရေထွက်ကုန်အချို့ စျေးကွက်ပျက်ခဲ့ရသည်။

ဝူဟန်ဗိုင်းရပ်စ် ဖြစ်ပွားပြီးနောက် တရုတ်နှင့် ဆက်သွယ်လုပ်ကိုင်နေသော ရေထွက်ကုန် အများအပြား တင်ပို့မှုရပ်တန့်သွားသောကြောင့် ရေလုပ်သားများနှင့် လုပ်ငန်းရှင်များ များစွာထိခိုက်ခဲ့ရသည်။

ကုန်ကြမ်းအဆင့်ဖြင့်သာ တင်ပို့ရောင်းချနေဆဲဖြစ်သည့် မြန်မာ့ရေထွက်ကုန်စျေးကွက်မှာ ဝယ်သူပေးသည့်စျေးကိုသာ မှီခိုနေရပြီး တရုတ်နိုင်ငံက ပိတ်လိုက်သည့်အတွက် လက်ရှိတွင် ထိုင်းနိုင်ငံတစ်ခုတည်းကိုသာ မှီခိုနေရသည့် အခြေအနေကို ရောက်ရှိနေပြီဖြစ်သည်။

လုပ်ငန်းရှင်အများစု အဝယ်ရပ်လိုက်သည့်အတွက် ပင်လယ်အတွင်း လုပ်ကိုင်နေသည့် ရေလုပ်သားများမှာလည်း စားဝတ်နေရေးအတွက် အခက်အခဲ တွေ့လာနေရပြီ ဖြစ်သည်။

တစ်လကျော် ကြာမြင့်လာပြီ ဖြစ်သည့် ဝူဟန်ဗိုင်းရပ်စ်ဂယက်ကြောင့် မြိတ်မြို့အခြေစိုက် ပဂဲ၊ ပကန်းအဝယ်ဒိုင်များ အဝယ်ရပ်ပစ်လိုက်ကြပြီဖြစ်ကြောင်းသိရသည်။

“ကျွန်တော်ကတော့ တတ်နိုင်သလောက် တောင့်ခံပေးထားတယ်။ လုံးဝမဝယ်တော့ဘူးဆိုပြီးလည်း ပြောလို့မထွက်ဘူးဗျာ။ ပင်လယ်ထဲမှာ လုပ်ကိုင်စားသောက်နေရတဲ့ တံငါသည်တွေရဲ့ စားဝတ်နေရေးကလည်း ရှိသေးတယ်။ သူတို့က ကျွန် တော်တို့လို အဝယ်ဒိုင်တွေကိုမှီခိုပြီး လုပ်ကိုင်စားသောက်နေရတာ။ ဒီထက်ကြာလာရင်လည်း ကျွန်တော်လည်း မတောင့်ခံနိုင်တော့ဘူး။ အရင်က ခြောက်သောင်းပေးဝယ်ရတဲ့ ပဂဲတစ်ကီလိုက အခု နှစ်သောင်းကျပ်ပဲကျန်တော့တယ်။ တစ်ကီလို ခုနစ်သောင်းကျပ်စျေးရှိခဲ့တဲ့ ပကန်း အခု ၁၅၀၀၀ ကျပ်ပဲ ကျန်တော့တယ်။ ကျွန်တော်တို့လည်း ဝယ်ပြီးကန်ထဲမှာ ဒီအတိုင်းပဲမွေးထားရတယ်။ မြို့ခံတွေစားသုံးဖို့ နည်းနည်းပါးပါး လာဝယ်ကြတယ်။ အဝယ်ဒိုင်တွေအားလုံးတော့ ရပ်လိုက်ကြပြီ။ ဒိုင်နှစ်ခုလောက်ပဲ စွန့်စားပြီး ဝယ်ပေးနေကြတယ်” ဟု မြိတ်မြို့မှ ပဂဲ၊ ပကန်း အဝယ်ဒိုင်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

တနင်္သာရီတိုင်းအတွင်းရှိ ရေထွက်ကုန်အများစုမှာ ထိုင်းနိုင်ငံသို့သာ မှီခိုတင်ပို့နေရသည့်အတွက် လုပ်ငန်းအများစု ထိခိုက်မှုမရှိခဲ့သော်လည်း ထိုင်းဘက်မှလည်း စျေးချပစ်သည့်အတွက် ဝင်ငွေထိခိုက်မှုများ ရှိနေသည်။

ကဏန်းတင်ပို့မှုအပိုင်းတွင် တရုတ်နိုင်ငံက အဝယ်ရပ်လိုက်သည့်အတွက် ထိုင်းနိုင်ငံဘက်သို့ တင်သွင်းလာကြရာ ထိုင်းဘက်ကလည်း စျေးနှုန်းကို ချပစ်လိုက်ကြသည်။

လုပ်ငန်းရှင်များမှာ ရွေးချယ်စရာ မရှိတော့သည့်အတွက် ထိုင်းကပေးသည့်စျေးအတိုင်းသာ ထိုးရောင်းနေကြရသည်။

“ကဏန်းအရောင်းအဝယ် ပြုလုပ်ရာမှာ ဒီလပိုင်းတွေက အရေးကြီးဆုံးလတွေ ဖြစ်တယ်။ အဲဒီလတွေက အရောင်းအဝယ် အလွန်သွက်တဲ့ကာလဖြစ်တယ်။ ဒီလိုအချိန်မှာ ဝူဟန်ဗိုင်းရပ်စ်ဖြစ်သွားတော့ စျေးကွက်က ပျက်သွားတော့တယ်။ တရုတ်က ဒီရာသီမှာ လုံးဝ မဝယ်တော့ဘူး။ ထိုင်းနိုင်ငံဘက်ကိုလှည့်ပြီး တင်ပို့တော့လည်း စျေးက လုံးဝချပစ်လိုက်ကြပြန်တယ်။ ကျွန်တော်တို့မှာ ရွေးချယ်စရာမရှိတော့ ထိုင်းကပေးတဲ့စျေးအတိုင်းပဲ ထိုးရောင်းပေးနေရတယ်။ ထိုင်းကပေးတဲ့ စျေးကလည်း ကျွန်တော်တို့ ဝယ်တဲ့စျေးထက်ကျပ် ၃၀၀ ပဲ ပိုပေးနေတော့ ဘာမှတွက်ခြေမကိုက်တော့ဘူး” ဟု ကဏန်းအဝယ်ဒိုင်မှ ဦးခိုင်လင်းက ပြောကြားသည်။

ကင်းမွန်စျေးကွက်၌ တရုတ်နိုင်ငံမှ လာရောက်ဝယ်ယူနေသည့် တရုတ်ဝယ်လက်များ ရပ်တန့်သွားသလို စျေးအလွန်ချ၍ ဝယ်ယူနေသည့်အတွက် ကင်းမွန် လာရောင်းမည့်သူမရှိ ဖြစ်နေသည်။ တရုတ်ဝယ်လက်များက ကင်းမွန်များကို အခြောက်ပြုလုပ်ပြီး တရုတ်နိုင်ငံသို့ တင်ပို့ခြင်းဖြစ်၍ တရုတ်စျေးကွက် ပျက်သွားသော်လည်း ကင်းမွန်လှေ လုပ်ကိုင်သူများက ထိုင်းဝယ်လက်များကို ရောင်းချနေနိုင်သည့်အတွက် ကင်းမွန်စျေးကွက်တွင် အထိအခိုက်မဖြစ်ဘဲ ပုံမှန်လည်ပတ်နေသည်ကို တွေ့ရသည်။

“တနင်္သာရီတိုင်းမှာတော့ ယခုအနည်းငယ် အဆင်ပြေနေသေးတယ်။ ရန်ကုန်နဲ့ လပွတ္တာတို့ဘက်မှာ လုံးဝအဆင်မပြေဘူး။ ကဏန်း တစ်ပိဿာကို ၇၀၀၀ နဲ့ လာရောင်းတာကို ကျွန်တော်တို့ မဝယ်ရဲဘူး။ သူတို့ဆီကလာတာက ဝေးလွန်းတယ်။ အပေါ်ပိုင်းက လာတဲ့ပစ္စည်းတွေကို ထိုင်းကလည်း သိပ်မကြိုက်ကြဘူး။ သူတို့ကြိုးတုပ် (ကဏန်းထုပ်ပိုးပုံ) နဲ့ ကျွန်တော်တို့ ကြိုးတုပ်မတူကြဘူး။ သူတို့ပစ္စည်းက စျေးပေါပေမဲ့ တင်ပို့လိုက်တဲ့အခါမှာ ကဏန်းတွေက သေသွားတယ်။ ကဏန်းလုပ်ငန်းက နေရာတိုင်းမှာ အခြေခံ လူတန်းစားတွေ လုပ်ကိုင်ကြတယ်။ ဒီလုပ်ငန်းကို ထိုင်းနိုင်ငံဘက်က ပိတ်လိုက်ရင်တော့ ကျွန်တော်တို့ ဘာမှလုပ်စားလို့ မရတော့ဘူး” ဟု ကဏန်းလုပ်ငန်းရှင် ဦးအေးလွင်က ပြောကြားသည်။

မြိတ်ကျွန်းစုအတွင်း ကဏန်း စျေးကွက်မှာ ယခင်က ၃၀၀ ဂရမ်ဆိုက် တစ်ပိဿာလျှင် ကျပ်၂၈၀၀၀ ရှိရာမှ ဖေဖော်ဝါရီ ၂၃ ရက်တွင် ၂၃၀၀၀ ခန့်သာ ကျန်တော့သလို ဂရမ် ၂၀၀ ဆိုက်ကဏန်း တစ်ပိဿာလျှင် ကျပ် ၁၄၀၀၀ သာရှိတော့ပြီး ထိုင်းနိုင်ငံသို့တင်ပို့ပါက ဝယ်ရင်းစျေးထက်ကျပ် ၃၀၀ ခန့်သာ ပေးဝယ်နေသည့်အတွက် တင်ပို့ခ၊ လုပ်အားခ၊ အခွန်အခများ ပေါင်းလိုက်ပါက လုပ်ငန်းရှင်များအတွက် တွက်ခြေ မကိုက်တော့ကြောင်း သိရသည်။

“အခုဆိုရင် ယိုးဒယားစျေးကွက်ကိုပဲ မှီခိုနေရတယ်။ စျေးကလည်း သူတို့ပေးသလောက်ပေါ့။ တရုတ်ကိုတော့ တင်ပို့လို့မရတော့ဘူး။ ကျွန်တော်တို့မျှော်လင့်ထားတာက တစ်နှစ်မှာ ဒီတစ်လနှစ်လက အရေးကြီးဆုံးပဲ။ အခုက တရုတ်ကို လုံးဝတင်ပို့လို့ မရတော့ဘူးဆိုတော့ အခက်အခဲဖြစ်နေကြတယ်။ တရုတ်က ဒီရာသီဆိုရင် အဝယ်ကောင်းတယ်။ အခုဗိုင်းရပ်စ်ကြောင့် လုံးဝနားလိုက်ပြီ။ စျေးက မတရားကျဆင်းသွားတော့ လုပ်ငန်းကိုထိခိုက်သွားပြီ။ တရုတ်အတွက် ရန်ကုန်ကနေ လာဝယ်နေတဲ့ ဒိုင်တွေက နားသွားပြီ။ ထိုင်းက အဝယ်ဒိုင်တွေကတော့ မနားသေးပါဘူး” ဟု ကဏန်းအဝယ်ဒိုင်မှ  ဦးခိုင်လင်းက ပြောကြားသည်။

လေကြောင်းလိုင်းတစ်ခုတည်းကိုသာ မှီခိုတင်ပို့နေရသည့် ပဂဲ၊ ပကန်းကဲ့သို့ လုပ်ငန်းများမှာ လုံးဝရပ်တန့်သွားပြီဖြစ်ပြီး မြိတ်မြို့ရှိ  ပဂဲ၊ ပကန်း အဝယ်ဒိုင်များမှာလည်း အဝယ်ရပ်ထားကြပြီး ဒိုင်တစ်ခုနှစ်ခုခန့်သာ စွန့်စားဝယ်ယူနေကြကြောင်း သိရသည်။               

ဝူဟန်ဗိုင်းရပ်စ်ဂယက်ကြောင့် ရေထွက်ကုန်စျေးကွက်တွင် တရုတ်နှင့် ဆက်သွယ်ဆောင်ရွက်နေရသည့် လုပ်ငန်းများစွာ ထိခိုက်ကြရပြီး ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ ရေထွက်ကုန်များမှာ တရုတ်နှင့် ဆက်သွယ်လုပ်ကိုင်နေရသည့်အတွက် အထိနာကုန်ကြသည်။

“တံငါသည်တွေရဲ့ စားဝတ်နေရေးကလည်း ရှိသေးတယ်။ သူတို့က ပင်လယ်ထဲကနေရှာဖွေပြီး မြို့မှာ လာရောင်းရင် ကျွန်တော်တို့က မဝယ်တော့ဘူးလို့လည်း မပြောထွက်ဘူး။ သူတို့အခက်အခဲကို စာနာပြီး ဝယ်ပေးနေရတယ်။ ဒါပေမဲ့ တင်ပို့လို့မရတော့ ကျွန်တော်တို့မှာလည်း ကြာလာရင် ဒီထက်တောင့်ခံထားလို့ မနိုင်တော့ဘူး။ လေကြောင်းလိုင်းမရှိတော့ ဘယ်လိုမှ တင်ပို့လို့ မရတော့ဘူး။ ကျွန်တော်တော့ တတ်နိုင်သလောက်ထိန်းပြီး ဝယ်ပေးနေပါတယ်” ဟု မြိတ်မြို့မှ ပဂဲ၊ ကဏန်း ဝယ်ယူနေသူ  လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။

ပကန်းစျေးမှာ ယခင်ကတစ်ကီလိုလျှင် ကျပ် ၇၀၀၀၀ ရှိရာမှာ လက်ရှိတွင် ကျပ် ၁၅၀၀၀ ဝန်းကျင်သာရှိပြီး ပကဲစျေးမှာလည်း ယခင်တစ်ကီလိုလျှင် ကျပ် ၆၀၀၀၀ ရှိရာမှ ယခုအခါ ကျပ် ၂၀၀၀၀ ဝန်းကျင်သာ ကျန်တော့ကြောင်း သိရသည်။

ကဏန်းတချို့ တင်ပို့ခွင့်မရသည့်အတွက် ထိုင်းနိုင်ငံသို့ လှည့်တင်ပို့ရန် မြိတ်စျေးကွက်အတွင်း ဝင်ရောက်လာသည်။ သို့ရာတွင် ထုပ်ပိုးပုံနှင့် လတ်ဆတ်မှုအနေအထား မကောင်းသောကြောင့် ထိုင်းက  စျေးထပ်ချပစ်လိုက်သည့်အတွက် တနင်္သာရီတိုင်းထွက် ရေထွက်ကုန်များထက် ရန်ကုန်၊ ဧရာဝတီ ရေထွက်ကုန်များက ပိုမိုအထိနာရပြန်သည်။

“ကော့သောင်းဘက်မှာတော့ ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး သိပ်ထိခိုက်မှုမရှိပါဘူး။ ပုံမှန်အတိုင်း တင်ပို့နေရတာတော့ ရှိပါတယ်။ ထိုင်းနိုင်ငံ တောင်ဘက်ပိုင်းနဲ့ မြန်မာနိုင်ငံ တောင်ဘက်ပိုင်းမှာတော့ ဝူဟန်ဗိုင်းရပ်စ်က စိုးရိမ်ရတဲ့ အပိုင်းမှာမရှိတဲ့အတွက် လုပ်ငန်းလည်ပတ်မှုကတော့ ပုံမှန်ရှိနေတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံကလည်း သူတို့ဝယ်လက်တွေက တရုတ်တွေလည်းပါတဲ့အတွက် စျေးနှုန်းပိုင်းမှာတော့ နည်းနည်းကျတယ်” ဟု ကော့သောင်းခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ဝူဟန်ဗိုင်းရပ်စ်ဖြစ်ပွားမှုမှာ လနှင့်ချီ ကြာလာပြီဖြစ်သည့်အတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စီးပွားရေးထိခိုက်မှုများ ဖြစ်ပေါ်လာသလို ရေထွက်ကုန်များတွင်လည်း သက်ရောက်မှုများစွာ ရှိလာကြောင်း သိရသည်။

တရုတ်နှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် လုပ်ငန်းများအဖို့ မည်သည့်အတိုင်းအတာအထိ တောင့်ခံထားနိုင်မည်ကို မမှန်းဆနိုင်သော်လည်း အချိန်ကာလကြာမြင့်လာပါက အဓိကထိခိုက်မည့်သူများမှာ တစ်နိုင်တစ်ပိုင် လုပ်ကိုင်နေသည့် ရေလုပ်သားတို့သာ ဖြစ်ပေမည်။

                     

 

Most Read

Most Recent