တောင်ငူမြို့တွင် ပရိဘောဂပစ္စည်းဆိုင် မီးလောင်မှုဖြစ်ပွားပြီး အထူးကုဆေးခန်း (ပြင်ပလူနာဌာန)အဆောက်အအုံပါ မီးကူးစက်လောင်ကျွမ်း

တောင်ငူမြို့တွင် ပရိဘောဂပစ္စည်းဆိုင် မီးလောင်မှုဖြစ်ပွားပြီး အထူးကုဆေးခန်း (ပြင်ပလူနာဌာန)အဆောက်အအုံပါ မီးကူးစက်လောင်ကျွမ်း
 တောင်ငူမြို့ရှိ ဆည်းဆာပရိဘောဂအရောင်းဆိုင်နှင့် အထူးကုဆေးခန်း(ပြင်ပလူနာဌာန)အဆောက်အအုံ မီးလောင်ကျွမ်းမှုအား ငြိှမ်းသတ်နေသည်ကို ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၂ နာရီခန့်က တွေ့ရစဉ်။
တောင်ငူမြို့ရှိ ဆည်းဆာပရိဘောဂအရောင်းဆိုင်နှင့် အထူးကုဆေးခန်း(ပြင်ပလူနာဌာန)အဆောက်အအုံ မီးလောင်ကျွမ်းမှုအား ငြိှမ်းသတ်နေသည်ကို ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၂ နာရီခန့်က တွေ့ရစဉ်။
Published 27 February 2020
ဇော်ဝင်းချစ် (တောင်ငူ)

ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့တွင် ဖေဖော်ဝါရီ ၂၇ ရက် နံနက်အစောပိုင်းက ပရိဘောဂပစ္စည်းအရောင်းဆိုင်တစ်ဆိုင်ရှိ အင်တာနက် ၀ိုင်ဖိုင် ပလတ်ခုံအပူလွန်ကဲ၍ မီးလောင်ကျွမ်းခဲ့ရာမှ ပရိဘောဂဆိုင်နှင့် အထူးကုဆေးခန်း (ပြင်ပလူနာဌာန)တို့အား မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း တောင်ငူခရိုင် မီးသတ်ဦးစီးဌာနမှသိရသည်။

မီးလောင်ကျွမ်းစတင်ဖြစ်ပွားခဲ့သည့် အခြေအနေနှင့်ပတ်သက်ပြီး တောင်ငူခရိုင် မီးသတ်ဦးစီးမှူး၊ (လက်ထောက်ညွှန်ကြား ရေးမှူး) ဦးမြင့်နိုင်ထွန်းက “ဖြစ်နိုင်တဲ့ ကော့စ်က ဘာပဲရှိလဲဆိုတော့ သူတို့သည်အမြဲတမ်း ၂၄ နာရီ အွန်ထားတဲ့ ၀ိုင်ဖိုင်လေးရှိတယ်၊ အဲဒီမှာ ခြင်ဆေးခွေလည်း သူတို့က လုံးဝထွန်းတာတို့ ဖယောင်းတိုင်တို့ထွန်းဖို့လည်း မီးပျက်တာဆိုတာမရှိဘူး။ ဒီပြင် Electrical Fire ဖြစ်နိုင်တဲ့ Source တွေ ဘာမှမရှိဘူး၊ နောက်ပြီးချက်ပြုတ်စားသောက်တဲ့နေရာလည်း မဟုတ်ဘူး။ လူအိပ်တဲ့နေရာလည်း မဟုတ်ဘူး။ အဲဒီတော့ အဲဒီမှာဖြစ်နိုင်တဲ့ ကော့စ်ကိုကြည့်ရင် တီဗွီရယ်၊ ပန်ကာရယ်၊ မီးခလုတ်ရယ် ဒီ Accessory လေးပဲ ရှိတယ်၊ ပြန်ပြီးစဉ်းစားကြည့်တော့မှ ပန်ကာသည် ဆောင်းတွင်းဖြစ်တဲ့အတွက် မဖွင့်ဘူးသူတို့မှာ၊ တီဗွီသည် သူတို့အိပ်တာဖြစ်တဲ့အတွက် အိပ်တာနဲ့ တန်းဖြုတ်တယ် ပလတ်ဖြုတ်တယ်တဲ့ ဒီတော့ ထွက်ချက်များအရ ဖြစ်နိုင်တာသည် ခုနကပြောတဲ့ ၂၄ နာရီ အွန်ထားတဲ့ ဒီဝိုင်ဖိုင်စက်ရဲ့ ပလတ်ခုံသည် Charging လို့ခေါ်တဲ့ ဒီအပေါက်ချောင်ပြီး ဖျစ်ဖျစ်ဆိုပြီး အဲဒီလိုထွက်နေတဲ့အချိန်မှာ အပူသည် တိုင်းတာလို့မရဘူး၊ သူ့သတ်မှတ်တဲ့အပူကိုရောက်ပြီဆိုတာနဲ့ ဒီခလုတ်ကိုလောင်နိုင်တဲ့ အခြေအနေသည် အဲဒီတစ်ခုပဲရှိတယ်” ဟု ပြောကြားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၂၇ ရက် နံနက် ၁ နာရီခွဲခန့်၌ တောင်ငူမြို့အမှတ် ၁၉ ရပ် ကွက်၊ ရန်ကုန်-မန္တလေးလမ်းမဟောင်း နဘေးရှိ ဆည်းဆာ ပရိဘောဂအရောင်းဆိုင် (နှစ်ထပ်တိုက်အိမ်)တွင် ထားရှိသော အင်တာနက် ၀ိုင်ဖိုင်စက်ပလပ်ခုံမှ အပူလွန်ကဲ၍ မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့ရာ အရောင်းဆိုင်အား မီးလောင်ကျွမ်းခဲ့ပြီးနောက် ဆိုင်၏တောင်ဘက်ဘေး ကပ်လျက်အဆောက်အအုံဖြစ်သော သောသီခိုအထူးကု ဆေးခန်း (ပြင်ပလူနာဌာန) အဆောက်အအုံ အပေါ်ထပ်တို့အား မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မီးငြိှမ်းသတ်ခဲ့ရသည့် အခြေအနေနှင့် ပတ်သက်ပြီး “ဒီနေ့မနက် ၁ နာရီ ၅၅ မိနစ် လောက်မှာ ဆိုင်ကယ်နဲ့လူတစ်ယောက်က သတင်းလာပို့တယ်။ ပို့တာနဲ့ ကျွန်တော်ဦးဆောင်ပြီးတော့ တပ်ဖွဲ့ဝင် ၅၀ နဲ့ပေါ့နော်၊ မီးငြိှမ်းသတ်ယာဉ် ရှစ်စီး၊ ရေသယ်ယာဉ် ငါးစီးပေါ့။ နောက်ပြီး မြို့က ပရဟိတအဖွဲ့တွေရော အားလုံးဝိုင်းဝန်းပြီး အခင်းဖြစ်တဲ့နေရာကိုသွားပြီး မီးငြိှမ်းတယ်။ မီးငြိှမ်းတဲ့နေရာမှာ စရောက်ရောက်ချင်းပဲ ဒီပရိဘောဂလုပ်တဲ့ အိမ်ရဲ့အနောက်ခြမ်းမှာ စပြီးတော့လောင်တာပေါ့နော်။ အဲဒါကို စပြီးငြိှမ်းတယ်။ ငြိှမ်းတဲ့ နေရာမှာ အောက်မှာ သူက ပရိဘောဂပစ္စည်းတွေနဲ့လောင်စာဆွဲအားကောင်းတဲ့ အိမ်သုတ်ဆေးတွေ၊ ပေါ်လစ်တွေပေါ့။ ဒီပစ္စည်းတွေက နေမီးကိုအရှိန်အဟုန်နဲ့ဖြစ်တည်ပြီးတာနဲ့ အရှေ့ကို အိမ်ရှေ့တံခါးမကြီးကိုထွက်လောင်တယ်ပေါ့။ ပြီးတော့ တစ်ဖက်ကသောသီခိုအပေါ်ထပ်ကို ကူးသွားတဲ့အနေအထားပါ၊ ကျွန်တော်တို့အားလုံး တောင်ငူရဲ့အနေအထားနဲ့ ပြည်သူတွေနဲ့ဌာနဆိုင်ရာတွေက ၀ိုင်းဝန်းပြီး ဆောင်ရွက်ပေးတဲ့အတွက် ဒီမီးကို ဒီလောက်နဲ့ပဲထိန်းသိမ်းနိုင်ခဲ့ပါတယ်” ဟု တောင်ငူခရိုင်မီးသတ်ဦးစီးမှူး ဦးမြင့်နိုင်ထွန်းက ဆက်လက်ရှင်းပြသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားရာသို့ တောင်ငူမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးဌေးဝင်းဦးဆောင်သော တပ်ဖွဲ့ဝင်များ၊ တောင်ငူခရိုင် မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူးမြင့်နိုင်ထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ မြို့ခံလူမှုကူညီရေး၊ ပရဟိတအသင်းအဖွဲ့များနှင့် မြို့ခံပြည်သူများက ၀ိုင်းဝန်းကူညီငြိှမ်းသတ်ခဲ့ကြရာ မီးလောင်ကျွမ်းချိန်တစ် နာရီခန့်အကြာ နံနက် ၂ နာရီခွဲတွင် မီးညွန့်ကျိုးကျသည်အထိ မီးငြိှမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် ဆည်းဆာပရိဘောဂ ပစ္စည်းအရောင်းဆိုင်၏အပေါ်ထပ်၊ အောက်ထပ်နှင့် သောသီခိုအထူးကုဆေးခန်း (ပြင်ပလူနာဌာန) အဆောက်အအုံအပေါ်ထပ်တို့ မီးလောင်ကျွမ်းပျက်စီးဆုံးရှုံးမှုဖြစ်ပွာခဲ့ပြီး  လူနှင့်တိရစ္ဆာန်များကို ထိခိုက်ဒဏ်ရာရရှိခြင်း မရှိကြောင်း၊ မီးငြှိမ်းသတ်ရာတွင် မီးသတ်ရေယာဉ် ရှစ်စီး၊ ရေသယ်ယာဉ် ငါးစီးနှင့် မီးသတ်တပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်တို့ဖြင့် အသုံးပြု ငြိှမ်းသတ်ခဲ့ရပြီး နံနက် ၅ နာရီခန့်တွင် ရှင်းလင်းပြီးစီးခဲ့ကြောင်း တောင်ငူခရိုင်မီးသတ် ဦးစီးဌာနမှ သိရသည်။

အဆိုပါ မီးလောင်ကျွမ်းမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး မီးစတင်လောင်ကျွမ်းသည့် ဆည်းဆာပရိဘောဂဆိုင်ပိုင်ရှင် ဒေါ်ကျော့ကျော့ဝင်းအား တောင်ငူမြို့မရဲစခန်းတွင် အမှုဖွင့်တိုင်တန်းသဖြင့် (ပ) ၁၇၆/ ၂၀၂၀၊  ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။

 

 

Most Read

Most Recent