မန်စီးတီး နိုင်ပွဲရခဲ့ပြီး ပြင်သစ်မြေမှာ ရှုံးပွဲကြုံခဲ့တဲ့ ဂျူဗင်တပ်စ်

မန်စီးတီး နိုင်ပွဲရခဲ့ပြီး ပြင်သစ်မြေမှာ ရှုံးပွဲကြုံခဲ့တဲ့ ဂျူဗင်တပ်စ်
Published 27 February 2020

ရီးယဲလ်မက်ဒရစ် ၁-၂ မန်စီးတီး

လိုင်ယွန် ၁-၀ ဂျူဗင်တပ်စ်

ဖေဖော်ဝါရီ ၂၆ ရက်(ဗုဒ္ဓဟူးနေ့)က ကစားခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့်(ပထမအကျော့)ပွဲတွေမှာ မန်စီးတီးအသင်းက ရီးယဲလ်ကို အဝေးကွင်းမှာ အနိုင်ယူခဲ့ပြီး ဂျူဗင်တပ်စ်ကတော့ မထင်မှတ်ဘဲ လိုင်ယွန်ကို အရှုံးပေးခဲ့ရပါတယ်။

မန်စီးတီးအသင်းက ချန်ပီယံလိဂ်သမိုင်းမှာ ရီးယဲလ်အသင်းကို ပထမဆုံးအကြိမ် အနိုင်ရခဲ့တာပဲဖြစ်တယ်။ ဦးဆောင်ဂိုးပေးလိုက်ရလို့ မန်စီးတီးအသင်း နောက်ကလိုက်ကစားခဲ့ရပေမယ့် ဘာနေဗျူးမှာ နိုင်ပွဲနဲ့ပိုထိုက်တန်တဲ့အသင်းဆိုတာ ခြေစွမ်းနဲ့သက်သေပြနိုင်ခဲ့ပါတယ်။ ဂွါဒီယိုလာက လက်စတာနဲ့ပွဲလူစာရင်းကို (၂)နေရာ ပဲ အပြောင်းအလဲလုပ်ခဲ့တာပါ။

ပထမပိုင်းမှာတော့ နှစ်သင်းစလုံး အခွင့်အရေးသိပ်မရခဲ့ဘူး။ ဒုတိယပိုင်းအစပိုင်းမှာ မန်စီးတီးအသင်း ပိုထိုးဖောက်နိုင်ပေမယ့် ဦးဆောင်ဂိုးရခဲ့တာက အိမ်ရှင် ရီးယဲလ်အသင်းပါပဲ။ မန်စီးတီးရဲ့အမှားကို အသုံးချပြီး (၆၀) မိနစ်မှာ ဗင်နီစီယပ်စ် ဖန်တီးပေးတာကနေ အစ္စ ကိုက လွတ်လွတ်ကျွတ်ကျွတ်သွင်းယူခဲ့တာပါ။  (၇၈)မိနစ်မှာ ဒီဘရိုင်းနားဖြတ်တင်ပေးတာကနေ ဂျေးဇူးက ခေါင်းတိုက်သွင်းခဲ့ပြီး (၅)မိနစ်အကြာမှာ စတာလင် ကြောင့်ရတဲ့ပယ်နယ်တီကနေ ဒီဘရိုင်းနားက အနိုင်ဂိုးသွင်းပေးခဲ့ပါတယ်။ (၈၆)မိနစ်မှာတော့ ရာမို့စ် အနီကတ်နဲ့အထုတ်ခံခဲ့ရပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ အခုပွဲမှာ ရှုံးပွဲထက် ပိုပြီးခံပြင်းစရာကောင်းတဲ့ မှတ်တမ်းဆိုး တစ်ခုကိုလည်း ပိုင်ဆိုင်ခဲ့ရတယ်။ ဒါကတော့ ပွဲချိန်မိနစ်(၉၀)လုံးလုံးမှာ လိုင်ယွန်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်မှု တစ်ကြိမ်မှမရှိခဲ့တာက စီရော်နယ်လ်ဒို၊ ဒီဘားလားတို့လို နာမည်ကျော်တွေရှိတဲ့ အသင်းတိုက်စစ်ပိုင်းအတွက်တော့ ထူးခြားလှပါတယ်။

လိုင်ယွန်အသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို တူးဆက်က (၃၁)မိနစ်မှာ အနီးကပ်ကန်သွင်းယူခဲ့ပါတယ်။  ဒုတိယပိုင်းမှာလည်း ဂျူဗင်တပ်စ်အသင်း ဖိကစားနေတာကလွဲလို့ ဘာမှမထူးခြားခဲ့ပါဘူး။

 

 

Most Read

Most Recent