ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ််စားလှယ်နှစ်ဦး၏ ဆွေးနွေးချက်အချို့ လွှတ်တော်မှတ်တမ်းမှ နုတ်ပယ်

ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ််စားလှယ်နှစ်ဦး၏ ဆွေးနွေးချက်အချို့ လွှတ်တော်မှတ်တမ်းမှ နုတ်ပယ်
Published 27 February 2020
ပြည့်ဖြိုးအောင်၊ အောင်မင်းသိန်း

ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ််စားလှယ်နှစ်ဦး၏ ဆွေးနွေးချက်အချို့ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေနှင့် မညီညွတ််သဖြင့် လွှတ်တော်မှတ်တမ်းမှ  နုတ်ပယ်ကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ဖေဖော်ဝါရီ ၂၆ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ကြေညာခဲ့သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများပါ ပုဒ်မ၊ ပုဒ်မခွဲများအပေါ် ဖေဖော်ဝါရီ ၂၅ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ််စားလှယ် ဦးစိုင်းသန်းနိုင်နှင့် ဦးမောင်မြင့်တို့၏ ဆွေးနွေးမှုအချို့မှာ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၊ နည်းဥပဒေ(င)နှင့် မညီညွတ်ခြင်းကြောင့် ပြည်ထောင်စုလွှတ်တော်မှတ်တမ်းမှ နုတ်ပယ်ပြီး အစည်းအဝေးအတွင်း လိုက်နာရမည့် စည်းကမ်းများကို လိုက်နာကြရန် သတိပေးကြောင်း လွှတ်တော်နာယက ဦးတီခွန်မြတ်က ပြောကြားသည်။

“ဦးစိုင်းသန်းနိုင် ကရင်ပြည်နယ်မဲ ဆန္ဒနယ်အမှတ် (၅) ရဲ့ ဆွေးနွေးချက်များကို ပြန်လည်စိစစ်ခဲ့ရာမှာ ကျန်ရှိနေတဲ့ သက်တမ်းကာလဆိုတဲ့ စကားရပ်ကစပြီး ခပ်ကြမ်းကြမ်း ရွေ့တယ်လို့ မြင်မိပါတယ်ဆိုတဲ့ စကားရပ်အထိနဲ့ ဒီတစ်ခါတော့ဆိုတဲ့ စကားရပ်ကစပြီး ရည်ရွယ်ဆောင်ရွက်ခြင်းမျိုးမဟုတ် ဆိုတဲ့ စကားရပ်များနဲ့ ဦးမောင်မြင့် မင်းကင်းမဲဆန္ဒနယ်ရဲ့ ဆွေးနွေးချက်များထဲမှ ရယ်စရာ ကောင်းပါတယ်ဆိုတဲ့ စကားရပ်၊ သူငယ်ပြန်တတ်တယ်ဆိုတဲ့ စကားရပ်ကစပြီး မဖြစ်စေရန်ဆိုတဲ့ စကားရပ်အထိနဲ့ ဒီနေရာမှာတော့ဆိုတဲ့ စကားရပ်ကစပြီး မေ့သွားတယ် ထင်ပါတယ်ဆိုတဲ့ စကားရပ်အထိ ဆွေးနွေးခြင်းများဟာ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၊ နည်းဥပဒေ(င)နဲ့ မညီညွတ်ကြောင်း စိစစ်တွေ့ရှိတဲ့အတွက် တင်ပြပါ ဆွေးနွေးချက်များကို လွှတ်တော်မှတ်တမ်းမှ နုတ်ပယ်မည့်အပြင် အစည်းအဝေးအတွင်း လိုက်နာရမယ့် စည်းကမ်းများကို လိုက်နာဆွေးနွေးကြရန် သတိပေးကြေညာပါတယ်” ဟု လွှတ်တော်နာယကက ပြောကြားသည်။

ဒုတိယအကြိမ် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ပြင်ဆင်ဆောင်ရွက်ခြင်းနှင့်ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသန်းနိုင်က “ယနေ့ကာလ နိုင်ငံတော်ရဲ့အခြေအနေဟာ အပြန်အလှန် လေးစားအသိအမှတ်ပြုမှုနဲ့ ယုံကြည်မှုတည်ဆောက်နေတဲ့ ကာလဖြစ်ပါတယ်။ နှစ်ဦးနှစ်ဖက် လက်ခံနိုင်တဲ့ လက်ခံလာနိုင်တဲ့ အခြေအနေရောက်အောင် တဖြည်းဖြည်း ချင်းရွှေ့ရမယ့်အစား ကျန်ရှိတဲ့ သက်တမ်းကာလအတွင်းမှာ လွန်ထားတဲ့ကတိကို တည်ချင်လွန်းလို့ ကသောကမျောနဲ့ အရွေ့ကြမ်းကြမ်း ရွှေ့တယ်လို့ မြင်မိပါတယ်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် ဦးစိုင်းသန်းနိုင်က “ယခုတစ်လော ပြည်သူအများ စိုးရိမ်ပူပန်နေကြသလို ကျွန်တော်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များရဲ့ ဖွဲ့့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကြိုးပမ်းမှုတွေဟာ ဒီတစ်ခါတော့ ငါတို့အလှည့်ရောက်ပြီးဟေ့ဆိုတဲ့ Emotion နဲ့ လာမယ့် ELectionအတွက် ရည်ရွယ် ဆောင်ရွက်ခြင်းမဟုတ်ဘဲ နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးစီးပွားကို ရှေးရှုသော စေတနာမှန်သော ဆောင်ရွက်ချက်များသာ ဖြစ်သင့်ပါကြောင်း ဆန္ဒပြုတိုက်တွန်းပါတယ်” ဟု ဆွေးနွေးပြောကြားခဲ့သည်။

အလားတူ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉(ဂ)ကို ပြင်ဆင်ချက်နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က “ ၅၉ (ဂ)မှာ ဦးထွန်းထွန်းဟိန်က ရွေးချယ် တင်မြှောက်ခံရသူသည် အနည်းဆုံး အသက် ၄၀ နှစ်ပြည့်ပြီးသူ ဖြစ်ရမယ်ဆိုတာကို သဘောတူပါတယ်။ ဖြည့်စွတ်ချင်တာကတော့ အသက် ၇၀ ထက် မကျော်စေရဆိုတဲ့ အချက်ပါပဲ။ သူငယ်ပြန်တက်တဲ့ အရွယ်တွေ တိုင်းပြည်ကို ဦးဆောင်ပြီးတော့မှ ကမောက်ကမ မဖြစ်စေရန် ဖြစ်ပါတယ်” ဟု ပြောကြားသည်။