စီးရီးအေပြိုင်ပွဲကို သတ်မှတ်ချိန်အတိုင်း အဆုံးသတ်နိုင်ရန်အတွက် ပွဲရွှေ့ဆိုင်းခြင်းမပြုတော့ဘဲ ကွင်းပိတ်ကစားသွားရန် ဆုံးဖြတ်

စီးရီးအေပြိုင်ပွဲကို သတ်မှတ်ချိန်အတိုင်း အဆုံးသတ်နိုင်ရန်အတွက် ပွဲရွှေ့ဆိုင်းခြင်းမပြုတော့ဘဲ ကွင်းပိတ်ကစားသွားရန် ဆုံးဖြတ်
Published 25 February 2020

တရုတ်နိုင်ငံမှ စတင်ပျံ့နှံ့ခဲ့သည့် ကိုရိုနာဗိုင်းရပ်စ် အီတလီနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းကြောင့် ပြီးခဲ့သည့် စီးရီးအေပွဲစဉ်တွင် ပွဲ(၄)ပွဲ ရွှေ့ဆိုင်းခဲ့ရပြီးနောက် လာမည့်ပွဲစဉ်များတွင် ပွဲရွှေ့ဆိုင်းခြင်းမပြုတော့ဘဲ ကွင်းပိတ်ကစားသွားရန် ဆုံးဖြတ် လိုက်ကြောင်း သိရသည်။

 

အီတလီဘောလုံးလောကမှ တာဝန်ရှိသူများသည် စီးရီးအေပြိုင်ပွဲကို သတ်မှတ်ချိန်အတိုင်း အဆုံးသတ်နိုင်ရန်အတွက် ပွဲရွှေ့ဆိုင်းခြင်းမပြုဘဲ ကွင်းပိတ်ကစားခွင့်ပြုရန် အစိုးရ တာဝန်ရှိသူများထံ တောင်းဆိုခဲ့ပြီး သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

၂၀၁၉-၂၀ ရာသီ စီးရီးအေပြိုင်ပွဲကို သြဂုတ်(၂၄)တွင်စတင်ခဲ့ပြီး မေ(၂၄)တွင် အဆုံးသတ်ရန် စီစဉ်ထားသော်လည်း ယခု ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် သတ်မှတ်ထားသည့်အတိုင်း အဆုံးမသတ်နိုင်မည်ကို အီတလီဘောလုံးလောကမှ တာဝန်ရှိသူများက စိုးရိမ်ခဲ့ကြသည်။ 

ယင်းကဲ့သို့ ဖြစ်ပေါ်လာခဲ့ပါက ယူရို-၂၀၂၀ ပြိုင်ပွဲအတွက် အီတလီလက်ရွေးစင်အသင်း ပြင်ဆင်ရာတွင် အနှောင့်အယှက်ဖြစ်လာနိုင်၍ ကွင်းပိတ်ကစားခြင်းဖြင့် ဖြေရှင်းရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

စီးရီးအေပြိုင်ပွဲ၏ ဥက္ကဋ္ဌ ပေါ်လိုဒယ်ပီနိုက ကိုရိုနာအန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသောဒေသများတွင် ကစားရမည့် စီးရီးအေပွဲစဉ်များကို ပရိသတ်မပါဘဲ ကွင်းပိတ် ကစားခွင့်ပြုရန် အားကစားဝန်ကြီး၊ ကျန်းမာရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးတို့ထံ စာရေးသားတောင်းဆိုခဲ့ပြီးနောက် အားကစားဝန်ကြီး ဆပါဒါဖိုရာက အီတလီ ဝန်ကြီးချုပ်ထံ ထပ်ဆင့်တင်ပြခဲ့ကြောင်း သိရသည်။ 

ယင်းနေ့တွင်ပင် အီတလီဝန်ကြီးချုပ်က အဆိုပါတင်ပြချက်ကို လက်ခံလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အီတလီနိုင်ငံသည် ဥရောပတွင် ကိုရိုနာဗိုင်းရပ်စ်၏ ခြိမ်းခြောက်မှုအခံရဆုံးနိုင်ငံ ဖြစ်နေပြီး မီလန်မြို့မှ စာသင်ကျောင်းနှင့် ကောလိပ်အချို့ကို ပိတ်ထားခဲ့ရပြီဖြစ်ကြောင်းလည်း သိရသည်။

 

Most Read

Most Recent