၂၀၂၀ နွေရာသီတွင် မဂ္ဂါဝပ် ၄၅၀၀ နှင့် ၅၀၀၀ ကြား တိုးတက်သုံးစွဲလာမည်ဟု ခန့်မှန်းထားပြီး လျှပ်စစ်တိုးမြှင့်ထုတ်ပေးနိုင်ရန် နိုင်ငံခြားမှတင်သွင်းလာမည့် သဘာဝဓာတ်ငွေ့အရည် LNG ကို အသုံးပြု၍ သဘာဝဓာတ်ငွေ့စက်ရုံ သုံးရုံးမှ မဂ္ဂါဝပ် ၉၀၀ ခန့် ထုတ်လုပ်ပေးရန် စီစဉ်ထား

၂၀၂၀ နွေရာသီတွင် မဂ္ဂါဝပ် ၄၅၀၀ နှင့် ၅၀၀၀ ကြား တိုးတက်သုံးစွဲလာမည်ဟု ခန့်မှန်းထားပြီး လျှပ်စစ်တိုးမြှင့်ထုတ်ပေးနိုင်ရန် နိုင်ငံခြားမှတင်သွင်းလာမည့် သဘာဝဓာတ်ငွေ့အရည် LNG ကို အသုံးပြု၍ သဘာဝဓာတ်ငွေ့စက်ရုံ သုံးရုံးမှ မဂ္ဂါဝပ် ၉၀၀ ခန့် ထုတ်လုပ်ပေးရန် စီစဉ်ထား
  စင်ကာပူအခြေစိုက် Sembcorp ကုမ္ပဏီက လုပ်ကိုင်နေသည့် ၂၂၅ မြင်းခြံမဂ္ဂါဝပ်သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
စင်ကာပူအခြေစိုက် Sembcorp ကုမ္ပဏီက လုပ်ကိုင်နေသည့် ၂၂၅ မြင်းခြံမဂ္ဂါဝပ်သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)
Published 24 February 2020
နီလာ

၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် အမြင့်ဆုံး ၃၇၉၇ မဂ္ဂါဝပ်အထိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးခဲ့ပြီး လာမည့် ၂၀၂၀ နွေရာသီတွင် မဂ္ဂါဝပ် ၄၅၀၀ မှ ၅၀၀၀ ကြား တိုးတက်သုံးစွဲလာမည်ဟု ခန့်မှန်းထားကြောင်း၊ ထိုသို့ တိုးမြှင့်ထုတ်လုပ်ပေးနိုင်ရန် နိုင်ငံခြားမှ တင်သွင်းလာမည့် သဘာဝဓာတ်ငွေ့ရည် LNG ကို အသုံးပြုပြီး သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံသုံးရုံမှ မဂ္ဂါဝပ် ၉၀၀ ခန့် ထုတ်လုပ်ပေးရန် စီစဉ်ထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ပြောကြားသည်။

လက်ရှိ ဓာတ်အားထုတ်ပေးနေသော စက်ရုံသုံးရုံးကို စွမ်းဆောင်ရည်မြင့်သော အင်ဂျင်စက်၊ တာဘိုင်စက်များနှင့် အစားထိုးတည်ဆောက်ခြင်းဖြင့် ၂၆၆ မဂ္ဂါဝပ် ထပ်မံရရှိအောင် စီစဉ်ဆောင်ရွက်ထားကြောင်း၊ ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားကို ဗို့အားမြင့်ဓာတ်အား လိုင်းများဖြစ်သည့် ၂၃၀ ကေဗွီဗို့၊ ၁၃၂ ကေဗွီဗို့၊ ၆၆ ကေဗွီဗို့တို့နှင့်သယ်ပို့ပြီး ဓာတ်အားခွဲရုံများ တည်ဆောက်ရကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

လက်ရှိအချိန်အထိ ၂၃၀ ကေဗီီွ ဓာတ်အားလိုင်းအရှည် ၂၉၀၆ ဒသမ ၆၂ မိုင်၊ ၁၃၂ ကေဗွီ ဓာတ်အားလိုင်းအရှည် ၁၃၆၂ ဒသမ ၄၉ မိုင်နှင့် ၆၆ ကေဗွီဓာတ်အားလိုင်း အရှည် ၅၁၁၅ ဒသမ ၅၄ မိုင်အသီးသီး တည်ဆောက်ခဲ့ရကြောင်း၊ ယင်းဓာတ်အားလိုင်းများနှင့် ဆက်စပ်အသုံးပြုရမည့် ၂၃၀ ကေဗွီဓာတ်အားခွဲရုံ ၆၇ ရုံ၊ ၁၃၂ ကေဗွီဓာတ်အားခွဲရုံ ၄၂ ရုံနှင့် ၆၆ ကေဗွီဓာတ်အားခွဲရုံ ၂၉၆ ရုံတို့ကိုလည်း တည်ဆောက်အသုံးပြုနေရကြောင်း၊ လုံလောက်မှုမရှိသေးသဖြင့် နောက်ထပ်စီမံကိန်းများကိုလည်း လုပ်ဆောင်နေရကြောင်း သိရသည်။

နိုင်ငံတော်ဓာတ်အားစနစ်နှင့် ဝေးကွာသောဒေသများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ပြည်ထောင်စုဘဏ္ဍာငွေ၊ တိုင်းဒေသကြီးဘဏ္ဍာငွေ ရန်ပုံငွေအပြင် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့်  JICA, ADB, World Bank တို့မှ အတိုးနှုန်းသက်သာသော နှစ်ရှည်ချေးငွေများဖြင့် အကောင်အထည်ဖော်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်ဝင်းက ပြောကြားသည်။

နှစ်အလိုက် လူတစ်ဦးချင်း လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲနိုင်မှုအခြေအနေတွင်  ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်က ကီလိုဝပ် နာရီ ၂၆၃ သာရှိခဲ့သော်လည်း လက်ရှိအချိန်တွင် ကီလိုဝပ်နာရီ ၄၃၂ အထိရှိလာကာ ငါးနှစ်အတွင်း လူတစ်ဦးချင်း လျှပ်စစ်သုံးစွဲနိုင်မှု ကီလိုဝပ်နာရီ ၁၇၀ နီးပါးတိုးလာကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

နှစ်အလိုက် လူတစ်ဦးချင်း လျှပ်စစ်ဓာတ်အား တိုးတက်သုံးစွဲနိုင်မှုအခြေအနေကို လေ့လာကြည့်ပါက ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၂၆၃၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၀၁၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်က ကီလိုဝပ်နာရီ ၃၃၅၊  ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်က ကီလိုဝပ် နာရီ ၃၇၉ နှင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ကီလိုဝပ်နာရီ ၄၃၂ အထိရှိလာခဲ့ကာ ငါးနှစ်အတွင်း ကီလိုဝပ်နာရီ ၁၆၉ အထိ တိုးတက်လာခဲ့ကြောင်း သိရသည်။

လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ နှစ်အလိုက် လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်မှုအခြေအနေမှာ ၂၀၁၅ -၂၀၁၆ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၁၅၉၆၅၊ ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၁၇၈၆၇၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၀၀၅၅၊ ၂၀၁၈ - ၂၀၁၈ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၂၈၇၉ နှင့် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်တွင် ယူနစ်သန်းပေါင်း ၂၇၃၀၀ အထိ တိုးတက်ထုတ်လုပ်ခဲ့ကြောင်း သိရသည်။

၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်မှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်အထိ သုံးနှစ်အတွင်း မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုတွင် ရေအားလျှပ်စစ်မှ တစ်နှစ်လျှင် ကီလိုဝပ်နာရီသန်းပေါင်း ၁၁၀၀၀ ကျော် ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး သဘာဝဓာတ်ငွေ့မှ တစ်နှစ်လျှင် ကီလိုဝပ်နာရီသန်းပေါင်း ၉၀၀၀ ဝန်းကျင် ထုတ်လုပ်သုံးစွဲခဲ့ကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဗဟိုစာရင်းအင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

နှစ်အလိုက် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲခဲ့မှုအနေဖြင့် ၂၀၁၈ -၂၀၁၉ ဘဏ္ဍာနှစ်တွင် ရေအားလျှပ်စစ်မှကီလိုဝပ် နာရီသန်းပေါင်း ၁၁၂၂၄ သန်းကျော်၊ သဘာဝဓာတ်ငွေ့မှ ကီလိုဝပ်နာရီသန်းပေါင်း  ၉၂၀၀ ကျော် ထုတ်လုပ်ခဲ့သည်။                         

 

 

Most Read

Most Recent