ခြေချင်းဝတ်ရိုးကျိုးခဲ့သည့် ဟာဇက် ကာလကြာရှည် အနားယူရဖွယ်ရှိနေ

ခြေချင်းဝတ်ရိုးကျိုးခဲ့သည့် ဟာဇက် ကာလကြာရှည် အနားယူရဖွယ်ရှိနေ
Published 24 February 2020

 

ရီးယဲလ်မက်ဒရစ်အသင်း တောင်ပံကစားသမား ဟာဇက်သည် သုံးလနီးပါး အနားယူခဲ့ရပြီးနောက် ပထမဆုံးအကြိမ် ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရသည့် လီဗန်တေးအသင်းနှင့်ပွဲ၌ ခြေဝတ်ရိုးကျိုးဒဏ်ရာ ပြန်လည်ရရှိခဲ့သဖြင့် ကာလကြာရှည် အနားယူရဖွယ်ရှိနေကြောင်း သိရသည်။

ဟာဇက်သည် ခြေချင်းဝတ်ဒဏ်ရာကြောင့် နိုဝင်ဘာလကုန်ပိုင်းမှစ၍ အနားယူခဲ့ရပြီး ပြီးခဲ့သည့်တစ်ပတ် ဆယ်လ်တာဗီဂိုနှင့်ပွဲမှသာ လူစားဝင်အဖြစ် ပြန်လည်ကစားခွင့်ရခဲ့သည်။ 

၎င်းသည် ဖေဖော်ဝါရီ ၂၂ ရက်က လီဗန်တေးအသင်းအား ရှုံးနိမ့်သည့်ပွဲတွင် သုံးလနီးပါးကာလအတွင်း ပထမဆုံးအဖြစ် ပွဲထွက်ကစားခွင့်ရသော်လည်း ဒဏ်ရာရရှိခဲ့သောကြောင့် ဒုတိယပိုင်း ၆၇ မိနစ်တွင် လူစားလဲခဲ့ရသည်။ 

၎င်းအနေဖြင့် ယခင်ဒဏ်ရာဟောင်းဖြစ်သည့် ယာဘက်ခြေချင်းဝတ်ကို ပြန်လည်ထိခိုက်မိခြင်းဖြစ်ပြီး ပြီးခဲ့သည့်တနင်္ဂနွေနေ့ ဆေးစစ်ချက်များအရ ကာလကြာရှည် အနားယူရဖွယ် ရှိနေခြင်းဖြစ်သည်။

ဟာဇက် အနားယူရမည့်ကာလကို ရီးယဲလ်အသင်းမှ တရားဝင်ထုတ်ပြန်ခြင်းမရှိသော်လည်း နောက်ထပ် နှစ်လခန့် အနားယူရနိုင်ကြောင်း စပိန်သတင်းများက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နွေရာသီတွင် ချယ်လ်ဆီးအသင်းမှ ရောက်ရှိလာသူ ဟာဇက်သည် တံကောက်ကြောဒဏ်ရာကြောင့် ရာသီအစပွဲစဉ်အချို့ကိုလည်း လွဲချော်ခဲ့ပြီး ယခုအချိန်အထိ လာလီဂါပွဲစဉ်ကိုးပွဲသာ ပွဲထွက်ကစား ခွင့်ရကာ တစ်ဂိုးသာ သွင်းယူပေးထားနိုင်သည်။ 

ရီးယဲလ်အသင်းမှာလည်း လီဗန်တေးအသင်းအား ရှုံးနိမ့်ခဲ့သောကြောင့် ဘာစီလိုနာနှင့် နှစ်မှတ်ပြန်ကွာသွားပြီး ဒုတိယနေရာသို့ ဆင်းပေးခဲ့ရသည်။

 

Most Read

Most Recent