သူရဦးတင်ဦး တပ်မတော်နေ့အခမ်းအနား တက် မတက်မှာ ကာယကံရှင်နှင့် သက်ဆိုင်ပြီး NLD ပါတီအနေဖြင့် စွက်ဖက်မည်မဟုတ်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ပြောကြား

သူရဦးတင်ဦး တပ်မတော်နေ့အခမ်းအနား တက် မတက်မှာ ကာယကံရှင်နှင့် သက်ဆိုင်ပြီး NLD ပါတီအနေဖြင့် စွက်ဖက်မည်မဟုတ်ဟု ပါတီပြောရေးဆိုခွင့်ရှိသူ ပြောကြား
Published 23 February 2020
ဉာဏ်လင်းထွန်း

ပါတီနာယက သူရဦးတင်ဦး တပ်မတော်နေ့ အခမ်းအနား တက်ရောက်ခြင်း ရှိ၊ မရှိမှာ ကာယကံရှင်နှင့်သာ သက်ဆိုင်သည်ဟု NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားသည်။

“ ဒါက သူ့ရဲ့ ပုဂ္ဂိုလ်ရေးအရ ဆုံးဖြတ်ရမှာခင်ဗျ။ နာယကကြီးရဲ့ ကျန်းမာရေးအပေါ်မူတည်ပြီး ဆုံးဖြတ်ရမှာဖြစ်တဲ့အတွက် ဒီနေရာမှာ ပါတီက တစ်စုံတစ်ရာ မှတ်ချက် မပေးပါဘူး” ဟု ၎င်းက ဆိုသည်။

တပ်မတော်က မတ် ၂၇ ရက်ကို တပ်မတော်နေ့အဖြစ် သတ်မှတ်၍ နှစ်စဉ် အခမ်းအနား ကျင်းပခဲ့သော်လည်း NLD ပါတီက ဖက်ဆစ်တော်လှန်ရေးနေ့အမည်ဖြင့် ရန်ကုန်မြို့ရှိ ပါတီရုံးချုပ်တွင် နှစ်စဉ် အခမ်းအနား ကျင်းပလေ့ရှိသည်။

ထိုသို့ သဘောထားမတူညီသည့် အဖွဲ့အစည်းနှစ်ခုကြား ပါတီနာယကက တပ်မတော်က ဖိတ်ကြားသည့် တပ်မတော်နေ့ အခမ်းအနား တက်ရောက်မည်ဆိုလျှင် NLD ပါတီအနေဖြင့် မည်သို့ သဘောထားရှိကြောင်း ဒေါက်တာမျိုးညွန့်အား ဆက်လက်မေးမြန်းရာ “ ဒါကတော့ သူ့ပုဂ္ဂိုလ်ရေးအရ ဆောင်ရွက်တာပဲခင်ဗျ။ ကျွန်တော်တို့ ပါတီအနေနဲ့ ဆောင်ရွက်တာမဟုတ်ပါဘူး” ဟု ဖြေကြားသည်။

ပါတီနာယက တပ်မတော်နေ့အခမ်းအနား ဖိတ်ကြားခံရခြင်းက ကောင်းမွန်သည့် လက္ခဏာဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ဖူးသည့် NLD ပါတီနာယက သူရဦးတင်ဦးကို မတ် ၂၇ ရက်တွင် ကျရောက်မည့် ၇၅ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား တက်ရောက်လိုခြင်း ရှိ၊ မရှိ တပ်မတော်မှ တာဝန်ရှိသူများဟု ယူဆရသော အရပ်ဝတ်အချို့ ပြီးခဲ့သည့်ရက်ပိုင်းတွင် သဘောထား လာရောက်မေးမြန်းခဲ့သည်ဟု ဦးတင်ဦးအား အနီးကပ် စောင့်ရှောက်မှုပေးနေသည့် ဦးမြင့်ဦးက ပြောကြားထားသည်။

ထိုသို့ သဘောထား လာရောက်မေးမြန်းခြင်းက ပထမဆုံးအကြိမ်ဖြစ်ပြီး မေးမြန်းမှုအတွက် သူရဦးတင်ဦးအနေဖြင့် ဝမ်းသာလျက်ရှိကာ အခမ်းအနား တက်ရောက်ရန် ရှိ၊ မရှိကို ယခုလကုန် အကြောင်းပြန်မည်ဟု တုံ့ပြန်ခဲ့ကြောင်း ဦးမြင့်ဦးက ဆိုသည်။

အခမ်းအနားတက်ရောက်မည်ဆိုလျှင် လိုက်ပါမည့် မိသားစုအရေအတွက် စာရင်းနှင့် လေယာဉ်လက်မှတ်  စီစဉ်ပေးရန်ရှိပြီး ယခုက အခမ်းအနားတက်ရောက်လိုခြင်း ရှိ၊ မရှိ သဘောထား လာရောက်မေးမြန်းခြင်းသာ ဖြစ်သည့်အတွက် ဖိတ်စာအပါအဝင် အခမ်းအနားနှင့် သက်ဆိုင်သည့်ပစ္စည်းများ ပါဝင်လာခြင်းမရှိသေးကြောင်း လာရောက် သဘောထားမေးမြန်းသူများက ပြောကြားသည်ဟု သိရသည်။

သူရဦးတင်ဦးသည် ၁၉၇၄ ခုနှစ် မတ် ၈ ရက်က ဗိုလ်ချုပ်ကြီးရာထူးဖြင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ၁၉၇၆ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။

၎င်းအနေဖြင့်  လွန်ခဲ့သည့် သုံးနှစ်က လေဖြတ်ဝေဒနာခံစားရပြီး လက်ရှိတွင် ရောဂါအခြေအနေတိုးတက်မှု ရှိသော်လည်း တစ်ဦးတည်း လမ်းလျှောက်နိုင်ခြင်းမရှိသေးဘဲ လက်တွန်းလှည်းဖြင့်သာ သွားလာနိုင်ပြီး စကားအနည်းအကျဉ်းသာ ပြောနိုင်သည်။

လွတ်လပ်ရေးရပြီးနောက်ပိုင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ခုနစ်ဦးရှိပြီး ဗိုလ်ချုပ် စမစ်ဒွန်း၊ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်ကြီး စန်းယု၊ ဗိုလ်ချုပ်ကြီး တင်ဦး၊ ဗိုလ်ချုပ်ကြီး သူရကျော်ထင်၊ ဗိုလ်ချုပ်မှူးကြီး စောမောင်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ဖြစ်ပြီး လက်ရှိဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရှစ်ဦးမြောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်သည်။

ထို့ပြင် တပ်မတော်နေ့အခမ်းအနားသို့ အစိုးရအဖွဲ့ဝင်များကိုလည်း ဖိတ်ကြားသွားရန် ရှိသည်ဟု ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောကြားသည်။