ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် အင်တာမီလန်ပွဲအပါအဝင် စီးရီးအေပွဲစဉ် (၃) ရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် အင်တာမီလန်ပွဲအပါအဝင် စီးရီးအေပွဲစဉ် (၃) ရွှေ့ဆိုင်း
Photo: Serie A
Photo: Serie A
Published 23 February 2020

အီတလီနိုင်ငံမြောက်ပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေမှုကြောင့် ယနေ့ကစားမည် အင်တာမီလန်ပွဲအပါအဝင် စီးရီးအေပွဲစဉ် (၃)ပွဲကို ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။ 

အီတလီနိုင်ငံမြောက်ပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့နေမှုကြောင့် ယနေ့ကစားမည် အင်တာမီလန်ပွဲအပါအဝင် စီးရီးအေပွဲစဉ် (၃)ပွဲကို ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။ 

အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူ (၇၉)ဦးအထိ ရှိလာကာ သေဆုံးသူ (၂)ဦး ရှိလာသည့်အတွက် စိုးရိမ်မှုမြင့်တက်နေပြီး ယနေ့ကစားမည့် စီးရီးအေပွဲစဉ် (၆)ပွဲမှ ဗီရိုနာ - ကာဂလီယာရီ၊ အတ္တလန်တာ - ဆာဆူအိုလို၊ အင်တာမီလန် - ဆမ်ဒိုးရီးယားပွဲများကို ရွှေ့ဆိုင်းခဲ့ခြင်းဖြစ်သည်။ 

အီတလီဝန်ကြီးချုပ် ဂူဆက်ပီကွန်တီက ယနေ့ (တနင်္ဂနွေနေ့)တွင် အီတလီနိုင်ငံမြောက်ပိုင်း ဒေသနှစ်ခု၌ ကျင်းပမည့် အားကစားပွဲများအားလုံးကို ရွှေ့ဆိုင်းကြောင်း ဖေဖော်ဝါရီ (၂၂)ရက် (စနေနေ့) ညတွင် ကြေညာခဲ့ခြင်းဖြစ်သည်။ 

ဂူဆက်ပီကွန်တီက အားကစားဝန်ကြီး ဆဖာဒါဖိုရာအနေဖြင့် ဗီနီတိုနှင့် လွန်ဘာဒီဒေသရှိ အားကစားပွဲများအားလုံးကို ရွှေ့ဆိုင်းရန် ဆန္ဒရှိကြောင်း၊ ဘောလုံးနှင့် အခြားအားကစားပွဲများ ရွှေ့ဆိုင်းခဲ့ရသည့်အတွက် ပရိသတ်များကို တောင်းပန်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို ကာကွယ်ရန်အတွက် ပူးပေါင်းပါဝင်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိကြောင်း ပြောကြားခဲ့သည်။ 

အင်တာမီလန်အသင်းကလည်း ယနေ့ကစားမည့် ဆမ်ဒိုးရီးယားအသင်းနှင့် စီးရီးအေပွဲစဉ်ကို ရွှေ့ဆိုင်းကြောင်း အသင်း၏ Twitter တွင် ရေးသားခဲ့သည်။ 

အီတလီနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ဖေဖော်ဝါရီ (၂၂)ရက် (စနေနေ့)ကလည်း အပျော်တမ်းနှင့် လူငယ်ဘောလုံးပြိုင်ပွဲများမှ ပွဲစဉ် (၄၀) ကျော်ကို ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။ 

 

Most Read

Most Recent