မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်၍ ချင်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ စာပေများကို ထိန်းသိမ်းမြှင့်တင်ပြီး ပြည်ထောင်စုကြီး၏အလှကို ဖန်တီးပုံဖော်ပေးကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်း

မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်၍ ချင်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ စာပေများကို ထိန်းသိမ်းမြှင့်တင်ပြီး ပြည်ထောင်စုကြီး၏အလှကို ဖန်တီးပုံဖော်ပေးကြရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တိုက်တွန်း
Published 21 February 2020

မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်၍ ချင်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ စာပေများကို ထိန်းသိမ်းမြှင့်တင်ပြီး ပြည်ထောင်စုကြီး၏အလှကို ဖန်တီးပုံဖော်ပေးကြပါရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျရောက်သည့်  (၇၂) နှစ်မြောက် ချင်းအမျိုးသားနေ့သို့ ပေးပို့သောသဝဏ်လွှာတွင် တိုက်တွန်းထားသည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်၌ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့သော ပင်လုံစာချုပ်တွင် ပြည်မနှင့် တောင်တန်းဒေသများ အတူတကွ လွတ်လပ်ရေးရယူရန်အတွက် ချင်းအမျိုးသားကိုယ်စားလှယ်များဖြစ်သည့်  ဦးလှူရ်မှုန်၊ ဦးထောင်ဇာခုပ်နှင့် ဦးကီယိုမန်းတို့က ပါဝင်လက်မှတ်ရေးထိုးခဲ့ကာ ချင်းအမျိုးသားများ၏ အမြော်အမြင်ကြီးမားမှုကို ပြသနိုင်ခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင်လည်း ချင်းလူမျိုးတို့သည် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးအတွင်း အခြားသောတိုင်းရင်းသားညီအစ်ကို မောင်နှမများနှင့်အတူ ကောင်းတူ၊ ဆိုးဖက်၊ အေးအတူပူအမျှ၊ ညီညီညွတ်ညွတ် နေထိုင်လာခဲ့သည်ကို တွေ့ရှိရကြောင်း၊ ချင်းတိုင်းရင်းသား ညီအစ်ကို မောင်နှမများအနေဖြင့် ကျွနု်ပ်တို့၏ ပြည်ထောင်စုကြီးအား ငြိမ်းချမ်းသာယာဝပြောပြီး ဖွံ့ဖြိုးတိုးတက်သည့် ပြည်ထောင်စုမြန်မာ နိုင်ငံတော်ကြီးဖြစ်ပေါ်စေရေး ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန်၊ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားဖြစ်သည့် ဒို့တာဝန်အရေးသုံးပါးကို ဦးထိပ်ပန်ဆင်လျက် ချင်းလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ဘာသာစကား၊ စာပေများကို ထိန်းသိမ်းမြှင့်တင်ပြီး ပြည်ထောင်စုကြီး၏အလှကို ဖန်တီးပုံဖော်ပေးကြပါရန် တိုက်တွန်းကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ သဝဏ်လွှာတွင်ပါရှိသည်။

ချင်းတိုင်းရင်းသားများသည် တိဗက် မြန်မာအနွယ်ဝင်များဖြစ်ပြီး တိဗက်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ပျံ့နှံ့နေထိုင်ခဲ့ကြခြင်းဖြစ်သည်ဟု မှတ်သားရပါကြောင်း၊ အောက်ချင်းငှက်နှင့် တောင်ဇလပ်ပန်းတို့သည် ချင်းပြည်နယ်နှင့် ချင်းအမျိုးသားတို့၏ သင်္ကေတများဖြစ်ပါကြောင်း၊ တောင်ဇလပ်ပန်းသည် ရဲရဲနီပြီး သတ္တိနှင့် ရဲရင့်မှုကိုပြသကာ တောင်စွန်းတောင်ဖျားများပေါ်တွင် ဝင့်ကြွားစွာ ပေါက်ရောက်တတ်သောကြောင့် ချင်းလူမျိုးတို့၏ ရဲရင့်မှု၊ သတ္တိရှိမှုနှင့် ဝင့်ကြွားမှုဟူသည့် လက်ရုံးရည်ကို ပြသခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်ချင်းငှက်တို့သည် မေတ္တာတရားနှင့် သစ္စာတရားကြီးမားသော ငှက်မျိုးဖြစ်သည့်အတွက် အောက်ချင်းငှက်သင်္ကေတသည်လည်း ချင်းလူမျိုးတို့၏ မေတ္တာတရားနှင့် သစ္စာတရားကြီးမားမှုကို ဖော်ညွှန်းလျက်ရှိကြောင်း၊ အောက်ချင်းငှက်ဖိုနှင့် ငှက်မတို့၏ သစ္စာတရားကြီးမားစွာဖြင့် ဥမကွဲ၊ သိုက်မပျက် အတူတကွနေထိုင်တတ်သည့် အလေ့အကျင့်အတိုင်းပင် ချင်းလူမျိုးတို့သည် ကျွနု်ပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးတွင် ဥမကွဲ၊ သိုက်မပျက် အတူတကွ လက်တွဲနေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သဝဏ်လွှာတွင် ရေးသားထားသည်။

ရှေးအတိတ်ကာလ နယ်ချဲ့ဆန့်ကျင်ရေးနှင့် ဖက်ဆစ်တော်လှန်ရေးတိုက်ပွဲများတွင် ချင်းလူမျိုးမျိုးချစ်ပုဂ္ဂိုလ်ကြီးများ ရွပ်ရွပ်ချွံချွံ၊ စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခဲ့ပြီး ချင်းတိုင်းရင်းသားများအား ခေါင်းဆောင်ကာ တိုက်ပွဲဝင်ခဲ့ကြသည့် ဗိုလ်ကြန်ဘိခ်နှင့် ဗိုလ်ခိုင်ကမ်းတို့သည် ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော ချင်းတိုင်းရင်းသားခေါင်းဆောင်ကြီးများအဖြစ် ဂုဏ်ယူဖွယ်ရာ မှတ်တမ်းများရှိခဲ့ပြီးဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

အလားတူ နယ်ချဲ့လက်အောက်ကျရောက်ခဲ့စဉ် ဗြိတိသျှအစိုးရထံမှ ချင်းလူမျိုးတို့၏ အခွင့်အရေးနှင့် နစ်နာချက်များ တောင်းယူရန်အတွက် ချင်းတောင်ညီညွတ်ရေးအဖွဲ့ကို ၁၉၂၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ လွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ လ ၂၀ ရက်တွင် ချင်းပြည်နယ် ဖလမ်းမြို့တွင် လူထုညီလာခံတစ်ရပ်ကျင်းပခဲ့ပြီး မျိုးနွယ်စုအကြီးအကဲဖြစ်သော တိုက်သူကြီးများအုပ် ချုပ်သည့်စနစ်မှ ဒီမိုကရေစီအုပ်ချုပ်ရေး စနစ်သို့ ပြောင်းလဲကျင့်သုံးရန် ဆုံးဖြတ်ခဲ့ကြကြောင်း၊ ထိုကဲ့သို့ လူထုညီလာခံကျင်းပခဲ့သည့် ၁၉၄၈ ခုနှစ် ဖေဖော်ဝါရီ ၂၀ ရက် အား ချင်းအမျိုးသားနေ့အဖြစ် ရွေးချယ်သတ်မှတ်အတည်ပြုခဲ့သည်မှာ ယခုဆိုလျှင် ၇၂ နှစ်မြောက်ခဲ့ပြီဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

 

Most Read

Most Recent