လက်ရှိအစိုးရလက်ထက် ချင်းပြည်နယ်ကို ဦးစားပေးဖွံ့ဖြိုးရေးပြည်နယ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

လက်ရှိအစိုးရလက်ထက် ချင်းပြည်နယ်ကို ဦးစားပေးဖွံ့ဖြိုးရေးပြည်နယ်အဖြစ် သတ်မှတ်ဆောင်ရွက်ခဲ့ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
 ဖေဖော်ဝါရီ ၂၀ ရက်က ချင်းပြည်နယ် ထန်တလန်မြို့နယ်၌ ပြုလုပ်သည့် ချင်းအမျိုးသားနေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
ဖေဖော်ဝါရီ ၂၀ ရက်က ချင်းပြည်နယ် ထန်တလန်မြို့နယ်၌ ပြုလုပ်သည့် ချင်းအမျိုးသားနေ့ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်
Published 21 February 2020
ဉာဏ်လင်းထွန်း

လူမှုစီးပွားရေးဖွံ့ဖြိုးမှု အနည်းဆုံးဒေသများထဲမှတစ်ခုဖြစ်သည့် ချင်းပြည်နယ်ကို လက်ရှိအစိုးရက ဦးစားပေး ဖွံ့ဖြိုးရေးပြည်နယ်အဖြစ် သတ်မှတ်ပြီး ဘက်စုံထောင့်စုံက ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖေဖော်ဝါရီ ၂၀ ရက်တွင် ချင်းပြည်နယ်၌ကျင်းပသည့် ချင်းအမျိုးသားနေ့ အခမ်းအနားတွင် ပြောကြားသည်။

၇၂ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ချင်းပြည်နယ် ထန်တလန်မြို့ အားကစားကွင်းတွင် ကျင်းပခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မိန့်ခွန်း ပြောကြားခဲ့သည်။

ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုဖြစ်သည့် မြန်မာနိုင်ငံအတွင်း အကြောင်းကြောင်းကြောင့် ဖွံ့ဖြိုးရေးအနည်းဆုံး ဒေသဖြစ်သည့်အပေါ် စိတ်မကောင်းကြောင်းနှင့် ယင်းအတွက်ကြောင့် ချင်းပြည်နယ်ကို ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ဒီလိုဆောင်ရွက်ရာမှာ တိုင်းရင်းသားလူမျိုးစုခေါင်းဆောင်များနဲ့ ရပ်ရွာလူထုတို့ကို ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုရှိပြီး လူထုက တုံ့ပြန်မှုပေးနိုင်တဲ့စနစ်နဲ့ တိုင်ပင်ဆွေးနွေးပြီး ဆောင်ရွက်ဖို့ မူဝါဒချမှတ်ထားပြီး ဒီအတိုင်းပဲ တာဝန်ရှိသူတွေကို ကျွန်မတို့ ဆောင်ရွက်စေပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မြေပြင်ပထဝီ အနေအထားအရ ဆက်သွယ်သွားလာမှု အခက်အခဲမရှိစေရန် ဆက်သွယ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး နောက်ကျကျန်ရစ်ခဲ့သည့် ပညာရေး၊ ကျန်းမာရေးနှင့် လျှပ်စစ်ဓာတ်အားရရှိရေးတို့အတွက်လည်း အလေးထားဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

၂၀ ရာစုပင်လုံညီလာခံတွင် မိဘများမျှော်မှန်းခဲ့သည့် ပြည်ထောင်စုကြီးတည် ဆောက်ရေးသည် ကံမကောင်းစွာဖြင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခကို ရင်ဆိုင်ခဲ့ရပြီး ဆုံးခန်းမတိုင်ခဲ့သော  ပြည်ထောင်စုအိပ်မက်ကို ဆက်လက်ဖြည့်ဆည်းနိုင်ရန် ၂၁ ရာစု ပင်လုံညီလာခံ ခေါ်ယူကျင်းပလျက်ရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

“မပြီးဆုံးသေးတဲ့ ပြည်ထောင်စုတည်ဆောက်ရေးခရီးလမ်းကို ကျွန်မတို့ခေတ်၊ ကျွန်မတို့အချိန်အခါမှာ ဆက်လက်လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။ 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ပင်လုံအစည်းအဝေးတွင် ချင်းတိုင်းရင်းသားကိုယ်စားလှယ်များ တက်ကြွစွာပါဝင်လျက်ရှိသည့်အပေါ် များစွာဝမ်းမြောက်ကြောင်း ကျေးဇူးတင်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ရေး ကြိုးပမ်းအားထုတ်မှုတွင် ပြည်ထောင်စုသားသမီးများဖြစ်တဲ့ အခြားသောတိုင်းရင်းသားတွေနဲ့အတူ ချင်းတိုင်းရင်းသားများလည်း တက်တက်ကြွကြွ စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းပါဝင်နိုင်ပါစေကြောင်း နှိုးဆော်တိုက်တွန်းပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ချင်းတိုင်းရင်းသားများအနေဖြင့် ဒေသအလိုက် ဘာသာစကားနှင့် စာပေမတူညီကြသော်လည်း မတူကွဲပြားမှုကို စည်းလုံးမှုအင်အားတစ်ရပ်အဖြစ် အသုံးချပြီး ချင်းပြည်နယ်ကောင်းရာကောင်းကျိုးအတွက် ကြိုးပမ်းကြမည်ကို အခိုင်အမာယုံကြည်ထားသည်ဟုလည်း ၎င်းက ဆိုသည်။

ချင်းပြည်နယ်၏ အမှတ်တံဆိပ်ဖြစ်သည့် အောက်ချင်းငှက်သည် သစ္စာရှိမှု၊ လေးနက်တည်ကြည်မှုကို ကိုယ်စားပြုပြီး ချင်းအမျိုးသားများ၏ သစ္စာရှိမှု၊ လေးနက်တည်ကြည်မှုများသည် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးခရီးလမ်းတွင် တစ်တပ်တစ်အားဖြစ်စေသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ချင်းပြည်နယ်သည် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးပြီးလျှင် စတုတ္ထမြောက် ဘဏ္ဍာငွေအများဆုံးရသည့် ပြည်နယ်ဖြစ်သည်ဟု ဖေဖော်ဝါရီ ၁၉ ရက်က ထန်တလန်မြို့ခံများနှင့် တွေ့ဆုံပွဲတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

သို့သော် ဒေသတွင်းနေထိုင်သည့် လူဦးရေအချိုးအစားနှင့် ကြည့်မည်ဆိုလျှင် ချင်းပြည်နယ်သည် ပြည်ထောင်စုအစိုးရ၏ ငွေကြေးထောက်ပံ့မှုအများဆုံးရသည့် ပြည်နယ်တစ်ခုဟုဆိုနိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

 

 

Most Read

Most Recent