ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းတွင် စုစုပေါင်းဧရိယာ ၆၉၂၈ ရှိပြီး ၆၆၂၄ ဧကကို မြေယာလျော်ကြေး ပေးချေရန်ကျန်ရှိကာ ပေးလျော်ရမည့်တန်ဖိုးသည် ကျပ် ၆၈၂၆၃ သန်းဖြစ်ပြီး လုပ်ငန်းလုပ်ဆောင်သူက ပေးချေရမည်ဖြစ်ကြောင်း သိရ

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းတွင် စုစုပေါင်းဧရိယာ ၆၉၂၈ ရှိပြီး ၆၆၂၄ ဧကကို မြေယာလျော်ကြေး ပေးချေရန်ကျန်ရှိကာ ပေးလျော်ရမည့်တန်ဖိုးသည် ကျပ် ၆၈၂၆၃ သန်းဖြစ်ပြီး လုပ်ငန်းလုပ်ဆောင်သူက ပေးချေရမည်ဖြစ်ကြောင်း သိရ
  ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)
ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းဧရိယာတစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ဖြိုးဇင်)
Published 20 February 2020
နီလာ

ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်းတွင် စုစုပေါင်းဧရိယာ ၆၉၂၈ ဧကရှိပြီး ၆၆၂၄ ဧကကို မြေယာလျော်ကြေးပေးချေရန်ကျန်ရှိပြီး ပေးလျော်ရမည့်တန်ဖိုးသည် ကျပ် ၆၈၂၆၃ သန်းဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။

အဆိုပါလျော်ကြေးငွေများကို လုပ်ငန်းလုပ်ဆောင်သူမှ ပေးချေရမည်ဖြစ်ကြောင်း၊ လျော်ကြေးငွေပေးချေရာတွင် စနစ်တကျရှိစေရေး၊ ပြန်လည်နေရာချထားနိုင်ရေး ကိစ္စရပ်များအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် လျော်ကြေးပေးချေရေးနှင့် ပြန်လည်နေရာချထားရေး ကော်မတီကို တနင်္သာရီတိုင်းဒေသကြီးစီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနက ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ သက်ဆိုင်ရာဌာန ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့မိမြို့ဖများပါဝင်သည့် အဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၏ အထူးစီးပွားရေးဇုန် သုံးခုဖြစ်သော ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ်နှင့် ကျောက်တန်းမြို့နယ်ရှိ သီလဝါအထူးစီးပွားရေးဇုန်၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ရခိုင်ပြည်နယ် ကျောက်ဖြူအထူးစီးပွားရေးဇုန်တို့မှ ဆောင်ရွက်နေမှုအခြေအနေတို့ကို မေးမြန်းခဲ့ရာတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်းပြောကြားသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း စတင်သည်နှင့် အီတာလျံ-ထိုင်းကုမ္ပဏီနှင့် နောင်တွင်မြေငှားရမ်းကာ လာရောက်ရင်း နှီးမြှုပ်နှံမည့်သူများအနေဖြင့် စီမံကိန်းလုပ်ငန်းများကြောင့် ထိခိုက်နစ်နာသည့် ပုဂ္ဂိုလ်များအတွက် လျော်ကြေးပေးခြင်းနှင့် ရွှေ့ပြောင်းနေရာချထားခြင်းကို နိုင်ငံတကာစံနှုန်းများနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာ အခြေအနေများအား ပြည့်မီကိုက်ညီအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီမှ သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းအတွက် ငွေလုံးငွေရင်းအရင်းအနှီးနှင့် တိကျသေချာသော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ လိုအပ်ချက်များကို တာဝန်ယူဆောင်ရွက်မည်ဖြစ်ကြောင်း အထောက်အထားများ အီတာလျံ- ထိုင်းကုမ္ပဏီထံမှရရှိပြီးသည်နှင့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီအနေဖြင့် အီတာလျံ- ထိုင်းကုမ္ပဏီသို့ စီမံကိန်းစတင်ဆောင်ရွက်ရန် အကြောင်းကြားစာ ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် စီမံကိန်းအား မကြာမီကာလအတွင်း စတင်ဆောင်ရွက်နိုင်မည်ဟု ခန့်မှန်းထားသည်။

ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့် ခွဲမှုကော်မတီသည် အီတာလျံ- ထိုင်းကုမ္ပဏီမှ ကနဦးစီမံကိန်းလုပ်ငန်းများ စတင်ဆောင် ရွက်နိုင်ရေးအတွက် ကနဦးစီမံကိန်းလုပ်ငန်းများအတွင်း ပါဝင်သည့် အခြားသောစီမံကိန်းများကိုလည်း ယခုပြင်ဆင်ပေးပို့ခဲ့သည့် ကနဦးစက်မှုဇုန်မြေငှားစာချုပ်ကဲ့သို့ ပြင်ဆင်ဆောင်ရွက်ပေးပို့သွားမည်ဖြစ်ပြီး ဆောင်ရွက်မှုများအား မကြာခင် အသိပေးကြေငြာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါဆက်လက်ပေးပို့ဆောင်ရွက်သွားမည့် စီမံကိန်းများတွင် သဘာဝဓာတ်ငွေ့ရည်ဆိပ်ကမ်းစီမံကိန်း၊ ကနဦးလျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် ဆိပ်ကမ်းငယ်စီမံကိန်းများလည်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်၏ လမ်း၊ မီး၊ ရေ၊ ဆိပ်ကမ်းစသည့် အခြေခံအဆောက် အအုံဆိုင်ရာ တည်ဆောက်မှုများ လာမည့် သုံး၊ လေးနှစ်အတွင်း အပြီးတည်ဆောက်ကာ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်မည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ဆန်းက ပြောကြားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။

ထားဝယ်အထူးစီးပွားရေးဇုန်တွင် ကနဦးစီမံကိန်းနှင့် ပင်မစီမံကိန်းဟူ၍ပါဝင်ပြီး ကနဦးစီမံကိန်းတွင် နှစ်လမ်းသွားကားလမ်း ဖောက်လုပ်မှုပါဝင်ကြောင်း သိရသည်။ ထားဝယ်အထူးစီးပွားရေးဇုန်တစ်ခုလုံးတွင် ဧရိယာ ၁၉၆ စတုရန်းကီလိုမီတာရှိပြီး ကနဦးစီမံကိန်းတွင် ၂၇ စတုရန်းကီလိုမီတာပါဝင်ကြောင်း ဒေါက်တာမြင့်ဆန်းက ဆိုသည်။

ပင်မစီမံကိန်းတွင် အပိုင်းသုံးပိုင်းခွဲခြားထားကြောင်း လက်ရှိအချိန်မှာ ၂၀၃၀ ပြည့်နှစ်အထိကို ပထမပိုင်း၊ ၂၀၃၀ ပြည့်နှစ်မှ ၂၀၄၀ ခုနှစ်အထိကို ဒုတိယပိုင်း၊ ၂၀၄၀ ပြည့်နှစ်မှ ၂၀၅၀ ပြည့်နှစ်အထိကို တတိယပိုင်းဟူ၍ ခွဲခြားထားကြောင်း၊ ပင်မစီမံကိန်းဆိုပါက  မြန်မာ၊ ထိုင်း၊ ဂျပန် သုံးနိုင်ငံပါဝင်လာပြီဖြစ်သဖြင့် သုံးနိုင်ငံအစိုးရများက မည်ကဲ့သို့ ပူးပေါင်းဆောင်ရွက်ရမည်ကို အစိုးရအချင်းချင်း ဆွေးနွေးမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။                                               

 

 

Most Read

Most Recent