မြန်မာ့လက်ရွေးစင်အသင်း၏ ဖေဖော်ဝါရီနှင့် မတ်လအတွင်းကစားမည့် ခြေစမ်းပွဲများ ချိတ်ဆက်မှုအဆင်မပြေသဖြင့် ယှဉ်ပြိုင်ကစားဖြစ်မည်မဟုတ်

မြန်မာ့လက်ရွေးစင်အသင်း၏ ဖေဖော်ဝါရီနှင့် မတ်လအတွင်းကစားမည့် ခြေစမ်းပွဲများ ချိတ်ဆက်မှုအဆင်မပြေသဖြင့် ယှဉ်ပြိုင်ကစားဖြစ်မည်မဟုတ်
Photos: MFF
Photos: MFF
Published 18 February 2020

 

 

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂  ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲစဉ်များအတွက် ပြင်ဆင်မှုအနေဖြင့် ဖေဖော်ဝါရီနှင့် မတ်လတွင် ခြေစမ်း ပွဲများကစားရန် ချိတ်ဆက်ခဲ့သော်လည်း အဆင်မပြေသဖြင့် ယှဉ်ပြိုင်ကစားတော့မည်မဟုတ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက အတည်ပြုပြောကြားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် မတ်လအတွင်းကစားရမည့် ခြေစစ်ပွဲများအတွက် ပြင်ဆင်မှုအနေဖြင့် ဖေဖော်ဝါရီနှင့် မတ်လတွင် ခြေစမ်းပွဲတစ်ပွဲစီကစားရန် စီစဉ်ခဲ့သော်လည်း ဖေဖော်ဝါရီမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ ချုပ် (FIFA) က သတ်မှတ်ထားသည့် နိုင်ငံတကာရက်သတ္တပတ်ကာလမဟုတ်သောကြောင့် အဆင်မပြေခဲ့သလို မတ်လအတွက် ချိတ်ဆက်ရာတွင်လည်း အခက်အခဲများရှိနေသောကြောင့် ယှဉ်ပြိုင်ကစားဖြစ်မည်မဟုတ်ကြောင်း သိရသည်။ 

'' မြန်မာ့လက်ရွေးစင်အသင်းနဲ့ ခြေစမ်းကစားဖို့အတွက် ကမ္ဘာ့အဆင့်ရပ်တည်မှု အဆင့် ၁၀၀ အတွင်းမှာရှိတဲ့အသင်းတွေကို ချိတ်ဆက်ခဲ့ပါတယ်။ ဒါပေမဲ့ အခက်အခဲတွေ အများကြီးရှိခဲ့တာကြောင့် အဆင်မပြေဖြစ်ခဲ့သလို သက်ဆိုင်ရာလိဂ်ပြိုင်ပွဲတွေလည်း ကျင်းပနေဆဲကာလဖြစ်တာကြောင့် ဘယ်လက်ရွေးစင်အသင်းနဲ့မှ ချိတ်ဆက်လို့မရခဲ့ပါဘူး။ ဒါကြောင့် မြန်မာ့လက်ရွေးစင်အသင်းအနေနဲ့ ဖေဖော်ဝါရီနဲ့ မတ်လအတွင်းမှာ ခြေစမ်းပွဲတွေကစားဖို့မရှိတော့ပါဘူး''ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောကြားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစမ်းပွဲကစားရန် အဆင်မပြေသောကြောင့် မတ် ၂၆ ရက်တွင် ဂျပန်အသင်းနှင့်ကစားရမည့် အဝေးကွင်းပွဲစဉ်၊ မတ် ၃၁ ရက်တွင် ကာဂျစ္စတန်အသင်းနှင့်ကစားရမည့် အိမ်ကွင်းပွဲစဉ်အတွက် ပြည်တွင်း၌သာ လေ့ကျင့်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် အန်တွမ်နီဟေးသည် ဂျပန်၊ ကာဂျစ္စတန်အသင်းတို့နှင့်ကစားရမည့် ခြေစစ်ပွဲစဉ်များအတွက် မြန်မာ့လက်ရွေးစင်အသင်း၏ လေ့ကျင့်မှုကို  မတ်လဒုတိယပတ်တွင်စတင်ရန် ဆန္ဒရှိနေပြီး  အပြီးသတ်လူစာရင်းကိုပါ ဆက်လက်ထုတ်ပြန်ဖွယ်ရှိကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားနှင့် အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စု (F) တွင် ငါးပွဲကစား နှစ်ပွဲနိုင်၊ သုံး ပွဲရှုံး၊ ခြောက်မှတ်ဖြင့် ဂျပန် (၁၂ မှတ်)၊ ကာ ဂျစ္စတန်၊ တာဂျစ်ကစ္စတန် (ခုနစ်မှတ်စီ) တို့၏နောက် အဆင့် ၄ နေရာ ရပ်တည်နေသည်။

 

 

Most Read

Most Recent