ဥရောပပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရသည့်ပြစ်ဒဏ်ကြောင့် အနာဂတ်မရေမရာဖြစ်နေသည့် မန်စီးတီးကစားသမားများအနက် ပထမဆုံးအဖြစ် စတာလင်က စီးတီးအတွက်သာ အာရုံစိုက်ထားဟု ကတိပြု

ဥရောပပြိုင်ပွဲယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရသည့်ပြစ်ဒဏ်ကြောင့် အနာဂတ်မရေမရာဖြစ်နေသည့် မန်စီးတီးကစားသမားများအနက် ပထမဆုံးအဖြစ် စတာလင်က စီးတီးအတွက်သာ အာရုံစိုက်ထားဟု ကတိပြု
Published 18 February 2020

 

 

ဥရောပပြိုင်ပွဲယှဉ်ပြိုင်ခွင့် နှစ်ရာသီပိတ်ပင်ခံရသည့်ပြစ်ဒဏ်ကြောင့် အနာဂတ်မရေ မရာဖြစ်နေသည့် မန်စီးတီးအသင်းကစားသမားများအနက် အင်္ဂလန်လက်ရွေးစင် တောင်ပံကစားသမား စတာလင်က စီးတီး အတွက်သာ အာရုံစိုက်ထားကြောင်း ကတိပြု ပြောကြားသည်။

မန်စီးတီးအသင်းသည် ၂၀၁၂ မှ ၂၀၁၆ ခုနှစ်အတွင်း စပွန်ဆာစာချုပ်များမှရရှိသည့်ဝင်ငွေကို အမှန်တကယ်ရရှိသောပမာဏထက်ပို၍ ဘဏ်စာရင်းတွင် ထည့်သွင်းမှု ပြုလုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က လာမည့် ၂၀၂၀-၂၀၂၁ နှင့် ၂၀၂၁-၂၀၂၂ နှစ်ရာသီတွင် ဥရောပကလပ်အသင်းပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မပြုရန်နှင့် ဒဏ်ကြေး ယူရိုသန်း ၃၀ (ပေါင် ၂၅ သန်း) ပေးဆောင်ရန် ဖေဖော်ဝါရီ ၁၄ ရက်တွင် ပြစ်ဒဏ်ချမှတ်ခဲ့သည်။ 

ယင်းပြစ်ဒဏ်အရ မန်စီးတီးအသင်းအနေဖြင့် လာမည့်နှစ်ရာသီတွင် ပြည်တွင်းပြိုင်ပွဲများသာ ယှဉ်ပြိုင်ရမည်ဖြစ်သောကြောင့် ဝင်ငွေရရှိမှု သန်းရာနှင့်ချီ၍ လျော့ကျသွားမည်ဖြစ်သလို နည်းပြ ဂွါဒီယိုလာအပါအဝင် စတာလင်၊ ဒီဘရိုင်းနား၊ အဂွဲရိုး၊ ဆာနေးစသည့် ကစားသမားများကိုပါ လက်လွှတ်ရနိုင်သည့်အခြေအနေ ရင်ဆိုင်ရ ဖွယ်ရှိကြောင်း ဗြိတိန်မီဒီယာများက ခန့်မှန်းဖော်ပြလျက်ရှိသည်။ 

ထို့ပြင် ရီးယဲလ်မက်ဒရစ်အသင်းက စတာလင်ကိုခေါ်ယူရန် ယခင်ကတည်းက စိတ်ဝင်စားခဲ့သောကြောင့် လာမည့်နွေရာသီတွင် ကြိုးပမ်းလာနိုင်ကြောင်း သတင်းများထွက်ပေါ်လျက်ရှိရာ စတာလင် ကျောင်းသားဘဝကတည်းက ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ခဲ့သည့် Colossal Sports Management ကုမ္ပဏီတည်ထောင်သူနှင့် အမှုဆောင်ချုပ်ဖြစ်သူ အစ်ဒီဝက်ဒ်က ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။

''ရာဟင်(စတာလင်)က မန်ချက်စတာစီးတီးအတွက်ပဲ အာရုံစိုက်ထားပါတယ်။ အခုအချိန်မှာ တခြားအသင်းတွေနဲ့ အပြောင်းအရွှေ့ကိစ္စပြောဆိုမှုတွေကြောင့် သူ့စိတ်ကို အနှောင့် အယှက်ဖြစ်စေမှာ မဟုတ်ပါဘူး''ဟု ၎င်းက ဖေဖော်ဝါရီ ၁၆ ရက် ညပိုင်းတွင် Daily Mail သတင်းစာသို့ ပြောကြားသည်။

စတာလင်(၂၅ နှစ်)နှင့် မန်စီးတီးအသင်း၏ စာချုပ်သက်တမ်းမှာ ၂၀၂၃ ခုနှစ်အထိ ကျန်ရှိနေသေးပြီး လက်ရှိစာချုပ်အရ တစ်ပတ်လစာ ပေါင်သုံးသိန်းဖြင့် ပရီးမီးယားလိဂ်၏ လစာအများဆုံးကစားသမားများအနက် တစ်ဦးအပါအဝင်အဖြစ် ရပ်တည်နေသည်။ 

စာချုပ်တစ်နှစ်သာကျန်ရှိတော့သည့် နည်းပြ ဂွါဒီယိုလာကိုမူ ဂျူဗင်တပ်စ်အသင်းက ခေါ်ယူရန် ရေပန်းစားနေကြောင်း သိရသည်။

 

 

Most Read

Most Recent