ဘာစီလိုနာအသင်းသည် အသင်း၏ပုံရိပ်နှင့် အသင်းဥက္ကဋ္ဌ ဘာတိုမူ၏ပုံရိပ်ကို မြင့်တက်စေရန် လူမှုကွန်ရက်မှတစ်ဆင့် မသမာသောနည်းဖြင့် လုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရ ပြီး ယင်းစွပ်စွဲမှုများကို ဘာစီလိုနာအသင်းက ကြေညာချက်ထုတ်ပြန်ကာ ငြင်းဆန်ခဲ့သည်။
ဘာစီလိုအသင်းသည် လွန်ခဲ့သည့်(၃)နှစ်ကတည်းက ယခုအစီအစဉ်ကို စတင်အကောင်အထည်ဖော်ခဲ့ပြီး ကုမ္ပဏီတစ်ခုအားငွေပေးကာ လူမှုကွန်ရက်မှတစ်ဆင့် နည်းပြဟောင်း ဂွါဒီယိုလာအပါအဝင် အဓိကကစားသမားအချို့အား အပုပ်ချတိုက်ခိုက်မှုများ ပြုလုပ်စေခဲ့သည်ဟု စွပ်စွဲခံရခြင်းဖြစ်သည်။
စပိန်ရေဒီယို Caneda SER က ဘာစီလိုနာအသင်း လက်တွဲနေသည့် 13 Ventures ကုမ္ပဏီသည် လူမှုကွန်ရက်မှ တိုက်ခိုက်မှုများပြုလုပ်ရန် စေခိုင်းခံထားရသည့် ကုမ္ပဏီဖြစ်ပြီး ၎င်းတို့က အကောင့်တုများဖွင့်ကာ ကစားသမားများကို ပရိသတ်အမြင်စောင်းစေမည့် သတင်းတင်ဆက်မှုများ ပြုလုပ်ခဲ့ကြ ခြင်းဖြစ်သည်ဟု စွပ်စွဲခဲ့ခြင်းဖြစ်သည်။
ပစ်မှတ်ထားခံရသည့် ကစားသမားများထဲ၌ မက်ဆီ၊ ပီကေး၊ ပူယိုးလ်၊ ဇာဗီ စသည့် အသင်း၏ အဓိကကစားသမားများ ပါဝင်ခဲ့သည့်အပြင် နည်းပြဟောင်း ဂွါဒီယိုလာလည်း ပါဝင်ခဲ့သည်ဟု ဆိုခဲ့သည်။
ယင်းကဲ့သို့ပြုလုပ်ခြင်းမှာ ဘာတိုမူနှင့် ၎င်း၏ဘုတ်အဖွဲ့ဝင်များ နာမည်ကောင်းရရှိရန်ဖြစ်သလို၊ ၂၀၂၁ ဥက္ကဋ္ဌရွေးကောက်ပွဲအတွက် ပြင်ဆင်ခြင်းဖြစ်သည်ဟုလည်းဆိုသည်။
ထို့ကြောင့် ဘာစီလိုနာအသင်းက ကြေညာချက်ထုတ် ပြန်ကာ ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။
အဆိုပါကြေညာချက်၌ 13 Ventures သည် အသင်း၏နည်းပညာပိုင်းကို ကူညီပေးနေသည့် ကုမ္ပဏီတစ်ခုသာဖြစ်ပြီး အခြားမည်သည့်ဆက်နွယ်မှုမျှမရှိကြောင်း၊ စွပ်စွဲမှုမှာ လုံးဝမှန်ကန်မှုမရှိကြောင်း ပါရှိခဲ့သည့်အပြင် စွပ်စွဲမှုကို လူသိရှင်ကြား ပြန်လည်ရုပ်သိမ်းခြင်းမပြုပါက တရားဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်းလည်း သတိပေးခဲ့သည်။