ကိုဘီဘရိုင်ယန်အမှတ်တရ NBA All-Star ပွဲတွင် လီဘရွန်ဂျိမ်းစ်အသင်း အနိုင်ရ

ကိုဘီဘရိုင်ယန်အမှတ်တရ NBA All-Star ပွဲတွင် လီဘရွန်ဂျိမ်းစ်အသင်း အနိုင်ရ
Published 18 February 2020

 

ရဟတ်ယာဉ်ပျက်ကျမှုကြောင့် ကွယ်လွန်ခဲ့သည့် ကိုဘီဘရိုင်ယန်အတွက် အမှတ်တရအစီအစဉ်များပါဝင်သော ၂၀၂၀ NBA All-Star ပွဲစဉ်ကို မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၇ ရက် နံနက်ပိုင်းကကျင်းပရာ လီဘရွန်ဂျိမ်းစ်ဦးဆောင်သည့် Team Lebron က အနိုင်ရခဲ့ကြောင်း သိရသည်။

ဇုန်တစ်ခုချင်းအလိုက် မဲအများဆုံးရရှိသူကို အသင်းခေါင်းဆောင်အဖြစ်ရွေးချယ်ရာ အနောက်ပိုင်းဇုန်အသင်းခေါင်းဆောင်အဖြစ် လီဘရွန်ဂျိမ်းစ်နှင့် အရှေ့ပိုင်းဇုန် အသင်းခေါင်းဆောင် ဂျီယန်နစ်တို့က နှစ်နှစ်ဆက်တိုက် ဆောင်ရွက်ခွင့်ရခဲ့သည်။ 

ယခုနှစ် NBA All-Star ပွဲစဉ်ကို ကိုဘီဘရိုင်ယန် အမှတ်တရအဖြစ် ပုံစံအသစ်ဖြင့်ကျင်းပခဲ့ပြီး တစ်ပိုင်းချင်းစီ အနိုင်ရသည့်အသင်းအား ဒေါ်လာတစ်သိန်းချီးမြှင့်၍ နောက်ဆုံးစတုတ္ထပိုင်းတွင် အနိုင်ရသည့်အသင်းအား ဒေါ်လာ နှစ်သိန်းချီးမြှင့်ခဲ့သည်။ 

စတုတ္ထပိုင်းကို အချိန်ကန့်သတ်ချက်မထားဘဲ တတိယပိုင်းအပြီးတွင် ဦးဆောင်ထားနိုင်သည့်အသင်း၏ရမှတ်ကို ၂၄ မှတ်ထပ်ပေါင်း၍ (ကိုဘီဘရိုင်ယန်၏ နံပါတ် ၂၄ ကိုဂုဏ်ပြုခြင်းဖြစ်) ယင်းရမှတ်ကို ဦးစွာရရှိသည့်အသင်းအား အနိုင်သတ်မှတ်ပေးခြင်းဖြစ်သည်။ 

ပထမပိုင်းတွင် Team Lebron က ၅၃-၄၁ မှတ်ဖြင့် အနိုင်ရပြီး ဒုတိယပိုင်းတွင် Team Giannis က ၅၁-၃၀ မှတ်ဖြင့် ပြန်လည်အနိုင်ရကာ တတိယပိုင်း တွင် ၄၁ မှတ်စီသရေကျခဲ့သည်။ 

တတိယပိုင်းအပြီးတွင် Team Giannis က ၁၃၃ မှတ်ဖြင့်  ဦးဆောင်ထားနိုင်သောကြောင့် ၂၄ မှတ်ထပ် ပေါင်း၍ ၁၅၇ မှတ်ဦးစွာရရှိသည့်အသင်းက အနိုင်ရမည်ဖြစ်ရာ Team Lebron က ၃၃ မှတ် ထပ်မံရယူနိုင်သဖြင့် ၁၅၇-၁၅၅ မှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ 

ကိုဘီဘရိုင်ယန်ဆုအဖြစ် အမည်ပြောင်းလဲလိုက်သည့် All-Star ပွဲစဉ်၏ MVP ဆုကို Team Lebron မှ ကောဟီလီယိုနက်က ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။