စစ်ကိုင်းတိုင်းဒေသကြီးတွင် ခန္တီးမြို့နယ်သည် တီဘီရောဂါလူနာ အများဆုံးဖြစ်နေသဖြင့် Mobile Team ဖြင့် အခမဲ့ကွင်းဆင်းကုသ

စစ်ကိုင်းတိုင်းဒေသကြီးတွင် ခန္တီးမြို့နယ်သည် တီဘီရောဂါလူနာ အများဆုံးဖြစ်နေသဖြင့် Mobile Team ဖြင့် အခမဲ့ကွင်းဆင်းကုသ
Published 15 February 2020
မဖေငြိမ်း

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းတွင် ခန္တီးမြို့နယ်သည် တီဘီရောဂါလူနာ အများဆုံးဖြစ်နေသဖြင့် Mobile Team ဖြင့် အခမဲ့ ကွင်းဆင်းကုသနေကြောင်း သိရသည်။

ခန္တီးမြို့အတွင်းရှိ ဇီးဖြူကုန်းရပ်ကွက်၊ ဆင်သေကျေးရွာ၊ ရွှေပြည်သာကျေးရွာ၊ ကောင်းဟိန်ကျေးရွာနှင့် ခန္တီးအကျဉ်းထောင်တို့တွင် စစ်ကိုင်းတိုင်းဒေသကြီး TB Regional Officer ဦးဆောင်သည့် Mobile Team အဖွဲ့မှ ဖေဖော်ဝါရီပထမအပတ်နှင့် ဒုတိယအပတ်အတွင်း လိုက်လံစစ်ဆေး၍ အခမဲ့ ကုသပေးမည်ဖြစ်ကြောင်း ခန္တီးမြို့နယ် ကျန်းမာရေးဦးစီးမှူး ဒေါ်စုနိုင်၏ ပြောကြားချက်အရ သိရသည်။

“ခန္တီးမှာ သုံးမိုင်အကျဉ်းထောင်သွားပြီးပြီ။ အခုတော့ လဟယ်တက်သွားကြတယ်။ လဟယ်ကဆင်းလာမှ ဆင်သေသွားမယ်။ ပြီးရင် ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက် သွားမယ်။ ပြီးရင် ကောင်းဟိန်တိုက်နယ် ဘက်သွားမယ်။ အဲဒီလို အစီအစဉ်ဆွဲထား ကြတယ်။ ခန္တီးမြို့နယ်အတွင်းက ဇီးဖြူကုန်း ရပ်ကွက်၊ သုံးမိုင်ထောင်၊ ကောင်းဟိန်ရွာ၊ ဆင်သေရွာနဲ့ နန်စီပွန်မှော် စုစုပေါင်း ငါးနေ ရာရွေးထားတယ်။ ကျန်တဲ့နေရာကျတော့ လူဦးရေနည်းပြီး ရွာသေးသေးလေးတွေဆိုတော့ လူဦးရေများတဲ့နေရာတွေကို ရွေးလိုက်တာ။ခန္တီးက စစ်ကိုင်းတိုင်းအတွင်းမှာ တီဘီဖြစ်ပွားမှုနှုန်း အများဆုံးဖြစ်နေတော့ တိုင်းက အထူးအစီအစဉ်နဲ့ လာလုပ်တာပါ။ ဒီမှာက ရွှေမျောတွေရှိတယ်။ ကျောက်မှော်တွေနဲ့ မှော်တွေပေါတော့ အနယ်နယ်အရပ်ရပ်က လူပေါင်းစုံလာကြတာရှိတယ်။ နောက် ခန္တီးဆိုတော့ လဟယ်နယ်ထဲကလည်း လာတယ်။ အိန္ဒိယနယ်စပ်အရှေ့ဘက်ကလည်း လာတယ်။ အဲဒီလိုမျိုးပေါ့။ အဲဒီလိုဆိုတော့ စစ်ကိုင်းတိုင်းမှာက ကျွန်မတို့က အများဆုံးဖြစ်နေတယ်။ Top ဖြစ်နေတာ။ အခုတိုင်းဒေသကြီးအစီအစဉ်နဲ့ တိုင်းဒေသကြီးကနေ Mobile Team နဲ့ ကွင်းဆင်းတယ်ဆိုတာက သူတို့မှာ ဓာတ်မှန်စက်တွေပါတယ်။ သလိပ်စစ်မယ့်လူလည်း ပါတော့ ဓာတ်မှန်တစ်ခါ တည်းရိုက် ကုသဆိုတော့ လူနာတွေက ခန္တီး ကို ဓာတ်မှန်လာရိုက်စရာ အချိန်မကုန်‌တော့ဘူး။ လူနာတွေအတွက် ပိုကောင်းတာပေါ့။ ပိုအဆင်ပြေတာပေါ့။ ထောင်ထဲမှာဆိုရင်လည်း ဆေးရုံကို ခေါ်လာစရာမလိုတော့ဘူး။ အဲဒီမှာပဲ ဓာတ်မှန်တစ်ခါတည်းရိုက်  စစ်ဆေးကုသပေးတော့ ပိုအဆင်ပြေတာပေါ့။ ကျွန်မတို့ဆီမှာကျတော့ လူနာလာပြီး ဆရာ ဝန်ကိုပြ ဓာတ်မှန်ရိုက် အဲဒီလိုဆိုတော့လေ။ အခုလို ကွင်းဆင်းပေးတာက ပိုထိရောက်တာပေါ့” ဟု ဒေါ်စုနိုင်က ပြောကြားသည်။

ခန္တီးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူနေမှုအဆင့်အတန်း နိမ့်ကျခြင်း၊ ဘာသာ စကားအခက်အခဲနှင့် ဆေးပုံမှန်မသောက် ခြင်းတို့ကြောင့် တီဘီရောဂါကုသရာတွင် အခက်အခဲရှိနေကြောင်း သိရသည်။

ခန္တီးမြို့နယ်အတွင်းတွင် ယခုနှစ်အတွင်း တီဘီရောဂါလူနာဦးရေ ၂၀၀ ကျော် ခန့်ရှိကြောင်းနှင့် ခန္တီးမြို့နယ်အတွင်းတွင် ယခင်ကလည်း Mobile Team အဖွဲ့ဖြင့် ကွင်းဆင်းကုသဖူးပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent