နာမည်ကြီး ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီက WBC ဟဲဗီးဝိတ်တန်းချန်ပီယံ အမေရိကန်လက်ဝှေ့သမား ဒီယွန်တေးဝိုင်လ်ဒါနှင့် မကျေပွဲတွင် အငြင်းပွားဖွယ်ဆုံးဖြတ်ချက် ထပ်မလိုချင်သဖြင့် အလဲထိုးနိုင်ပွဲရရန် လိုအပ်ကြောင်း ကြုံးဝါးပြောဆိုသည်။
တိုင်ဆန်ဖျူရီနှင့် ၀ိုင်လ်ဒါတို့၏မကျေပွဲကို ဖေဖော်ဝါရီ ၂၂ ရက် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၃ ရက် နံနက်) တွင် အမေရိကန်နိုင်ငံ လတ်စ်ဗေးဂတ်စ်ရှိ MGM Grand Garden Arena ၌ ကျင်းပမည်ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဒီဇင်ဘာတွင် ထိုးသတ်ခဲ့သည့် ပထမပွဲ၌ အငြင်းပွားဖွယ်သရေရလဒ် ထွက်ပေါ်ခဲ့သည်။
ယင်းပွဲအတွက် ဖေဖော်ဝါရီ ၁၃ ရက်ကပြုလုပ်သည့် ပွဲကြိုမိတ်ဆက်ပွဲအခမ်းအနားတွင် တိုင်ဆန်ဖျူရီက ''ကျွန်တော့်အတွက် ဒီပွဲလောက် အာရုံစူးစိုက်မှုအပြည့်နဲ့ အဆင် သင့်ဖြစ်နေတဲ့ပွဲမျိုးမရှိဖူးပါဘူး။ ခင်ဗျားတို့အနေနဲ့ တိုင်ဆန်ဖျူရီရဲ့အကောင်းဆုံးပုံစံကို မြင်တွေ့ရမှာပါ။ ဒီပွဲအတွက် ကျွန်တော့်ဘက်က အဆင်သင့်ဖြစ်နေပါပြီ။ ယုံကြည်မှုလည်း အပြည့်ပါပဲ။ ဒဏ်ရာပြဿနာလည်းမရှိပါဘူး။ တစ်ချီ ဒါမှမဟုတ် ၁၂ ချီအထိယှဉ်ပြိုင်ရမယ့် စစ်ပွဲတစ်ပွဲအတွက် အဆင်သင့်ပါပဲ။ ဒီယွန်တေးဝိုင်လ်ဒါကို အနိုင်ရရင် ကျွန်တော့် ခေတ်ကာလမှာ အကောင်းဆုံး ဟဲဗီးဝိတ် ကစားသမားအဖြစ် တစ်ယောက်တည်း ရပ်တည်နိုင်မှာပါ။ အနိုင်ရတာသေချာဖို့အတွက် အလဲထိုးနိုင်ဖို့လည်းလိုပါတယ်။ နောက်ထပ် အငြင်းပွားစရာဆုံးဖြတ်ချက်တွေ ထပ်မလိုချင်တော့ပါဘူး။ ပြတ်သားတဲ့နိုင်ပွဲပဲ လိုချင်ပါတယ်။ ကျွန်တော့်ကံကြမ္မာက ကိုယ့်ရဲ့လက်သီးနှစ်ဖက်အပေါ်မှာ မူတည်ပါတယ်။ ပထမ ပွဲကအကြောင်းတွေကိုလည်း သင်ခန်းစာယူထားပါတယ်။ သူ့ဆီမှာ အရမ်းကောင်းတဲ့ ညာလက်သီးပိုင်ဆိုင်ထားပြီး အဲဒီလက်သီးကြောင့်ပဲ ဖိုက်တာကောင်းတစ်ယောက်ဖြစ် နေတာပါ။ သူက ကျွန်တော့်ကို ကြမ်းပြင်ပေါ် နှစ်ကြိမ်လဲကျစေခဲ့ပြီးတော့ အဲဒီအချီတွေမှာ အဆုံးသတ်ဖို့ နှစ်မိနစ်စီလောက် အချိန်ရခဲ့ပေမဲ့ မလုပ်နိုင်ခဲ့ပါဘူး''ဟု ပြောကြားသည်။
တိုင်ဆန်ဖျူရီ (၃၁ နှစ်) သည် WBA(Super)၊ IBF၊ WBO နှင့် IBO ဟဲဗီးဝိတ်တန်းချန်ပီယံဟောင်းတစ်ဦးဖြစ်ပြီး ပရော်ဖက်ရှင်နယ်ပွဲစုစုပေါင်း ၃၀ ထိုးသတ်ရာတွင် ၂၉ ပွဲနိုင် (အလဲထိုးပွဲ ၂၀)၊ တစ်ပွဲသာ သရေကျထားသည်။
WBC ချန်ပီယံခါးပတ်ကို ၂၀၁၅ ခုနှစ်ကတည်းကရရှိထားသည့် ၀ိုင်လ်ဒါ (၃၄ နှစ်) မှာလည်း ပရော်ဖက်ရှင်နယ်ပွဲ စုစုပေါင်း ၄၃ ပွဲထိုးရာတွင် ၄၂ ပွဲ (အလဲထိုးပွဲ ၄၁ ပွဲ) အထိ အနိုင်ရကာ တစ်ပွဲသာသရေကျ ထားသည်။
၀ိုင်လ်ဒါသည် WBC ချန်ပီယံ ခါးပတ်ရရှိပြီးနောက် ချန်ပီယံကာကွယ်ပွဲ ၁၀ ပွဲထိုးသတ်ထားပြီး တိုင်ဆန်ဖျူရီနှင့်တစ်ပွဲသာ အငြင်းပွားဖွယ်သရေကျကာ ကျန်ကိုးပွဲစလုံးကို အလဲထိုးအနိုင်ရထားကြောင်း သိရသည်။