ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ၏ အရင်းခံ အကြောင်းတရားဖြစ်သော နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတ ပြောကြား

ခေတ်အဆက်ဆက် အစိုးရများအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ၏ အရင်းခံ အကြောင်းတရားဖြစ်သော နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတ ပြောကြား
Published 12 February 2020
ဇေယျာထွန်း

ခေတ်အဆက်ဆက် အစိုးရများနေဖြင့် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ချဉ်းကပ်ကြိုးစားခဲ့သော်လည်း လက်နက်ကိုင်ပဋိပက္ခများ၏ အရင်းခံ အကြောင်းတရားဖြစ်သော နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားသည်။

ဖေဖော်ဝါရီ ၁၂ ရက်က နေပြည်တော်ရှိ မြို့တော်ခန်းမ၌ ပြုလုပ်သည့် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာအား ဒုသမ္မတဦးမြင့်ဆွေက ဖတ်ကြားရာ၌ အထက်ပါအတိုင်း ပါရှိခဲ့ခြင်းဖြစ်သည်။

“ ခေတ်အဆက်ဆက်အစိုးရများသည် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် ငြိမ်းချမ်းရေးအတွက် နည်းလမ်းအမျိုးမျိုးဖြင့် ချဉ်းကပ်ကြိုးစားခဲ့သော်လည်း လက်နက်ကိုင်ပဋိပက္ခများ၏ အရင်းခံ အကြောင်းတရားဖြစ်သော နိုင်ငံရေးပြဿနာများကို ဖြေရှင်းရန် နိုင်ငံရေးတွေ့ဆုံမှုများ ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိခဲ့ပါ။ မိမိတို့အစိုးရအနေဖြင့် ပြည်ထောင်စုဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီခိုင်မာရေး၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးတို့သည် အလွန်အရေးကြီးသည်ဟု ယုံကြည်သည့်အလျောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အဓိကဦးစားပေး လုပ်ငန်းစဉ်ကြီးတစ်ရပ်အဖြစ် သတ်မှတ်ကာ မူဝါဒချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဒုသမ္မတဦးမြင့်ဆွေက သဝဏ်လွှာအား ဖတ်ကြားသည်။

ဖွဲ့စည်းပုံအခြခံဥပဒေသည် နိုင်ငံတော်၏ အသက်တမျှ အရေးပါလှသည့်အတွက် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရာ၌ ဒီမိုကရေစီ စံချိန်စံညွှန်းများနှင့်အညီ နိုင်ငံတော်၏ ပကတိအခြေအနေ၊ အနာဂတ်မျှော်လင့်ချက်တို့နှင့် ကိုက်ညီသော ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းလာစေရေးအတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ဆက်လက်ဝိုင်းဝန်းကြိုပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးလာသည်နှင့်အမျှ  ဒီမိုကရေစီ၏ အနှစ်သာရများဖြစ်သည့် တရားမျှခြင်း၊ လွတ်လပ်ခြင်း၊ ညီမျှခြင်းများကို တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ရရှိခံစားနိုင်သည့်အပြင် စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်နိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

နိုင်ငံတော်တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းလာသည်နှင့်အမျှ ဒေသအားလုံး ဖွံ့ဖြိုးတိုးတက်လာပြီး တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ ဘဝလုံခြုံရေးနှင့် လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးကို ပိုမိုအထောက်အကူပြုလာမည်ဖြစ်ပြီး နိုင်ငံတစ်ဝန်း တရားဥပဒေစိုးမိုးရေး၊ မှန်ကန်သည့် တရားစီရင်ရေးနှင့် နိုင်ငံသားများ ဘေးကင်းလုံခြုံရေးတို့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံး ကျရာအခန်းကဏ္ဍမှ နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲပူးပေါင်း ဆောင်ရွက်သွားကြရန် အထူးလိုအပ်ကြောင်း နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ပါရှိသည်။

နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ တိုင်းရင်းသားလုပ်ငန်းရှင်များ၏ အခန်းကဏ္ဍကိုလည်း မြှင့်တင်ပေးရန် လိုအပ်ပါသည်။ ပြည်ထောင်စုတစ်ဝန်းလုံး လမ်းပန်းဆက်သွယ်မှု တိုးတက်ကောင်းမွန်ရေး၊ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု ပိုမိုတိုးတက်မြင့်မားလာရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်စည်ကူးသန်းရောင်းဝယ်မှု အဆင်ပြေချောမွေ့စေရေး၊ ဒေသထုတ်ကုန်များ တိုးတက်ရေး၊ အသေးစားနှင့် အလတ်စား စက်မှုလက်မှုလုပ်ငန်းများ၊ ပုဂ္ဂလိလုပ်ငန်းများ ပိုမိုဖြစ်ထွန်းလာစေရေးတို့ကို နိုင်ငံတော်က အလေးပေးဆောင်ရွက်လျက် ရှိပါတယ်” ဟု ဒုသမ္မတဦးမြင့်ဆွေက သဝဏ်လွှာအား ဖတ်ကြားသည်။

တိုင်းရင်းသားများ၏ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ရိုးရာဓလေ့ထုံးစံများအား မပျောက်ပျက်စေရန် အလေးထားထိန်းသိမ်း စောင့်ရှောက်ရေး၊ တိုင်းရင်းသားလူမျိုးများ အားလုံးတန်းတူညီမျှရှိရေးနှင့် လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ပြီး တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား သံသယစိတ်ကင်းစင်ကာ တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ အမျိုးသားပြန်လည်သင့်မြတ်မှုတို့ကို ခိုင်မာသည်ထက်ခိုင်မာအောင် တည်ဆောက်နိုင်သည်နှင့်အမျှ စစ်မှန်သည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးကို မလွဲမသွေ စုပေါင်းတည်ဆောက်နိုင်မည်ဟု ခြွင်းချက်မရှိ ယုံကြည်ကြောင်း နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ်၏ (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေးဦးတည်ချက် ငါးရပ်ဖြစ်သည့် (၁) ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးတို့အတွက် တိုင်းရင်းသားအားလုံးထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး၊ (၂) ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပြည်ထောင်စုစိတ်ဓာတ် အရင်းခံ၍ အောင်မြင်သည်အထိ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ (၃) တရားဥပဒေစိုးမိုးရေး၊ မှန်ကန်သည့် တရားစီရင်ရေးနှင့် နိုင်ငံသားများ ဘေးကင်းလုံခြုံရေးတို့အတွက် တိုင်းရင်းသားအားလုံး၏ စုပေါင်းအင်အားဖြင့် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး၊ (၄) မူးယစ်ဆေးဝါးအန္တရာယ်ကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ကြိုတင်တားဆီးကာကွယ်ခြင်းဖြင့် ပြည်သူများ၏ လူမှုအဆင့်အတန်း တိုးတက်မြင့်မားရေး၊ (၅) စစ်မှန်သော ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုနှင့် ကိုက်ညီသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ပေါက်ရေးတို့အား အောင်မြင်အောင် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက ၀ိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် နိုင်ငံတော်သမ္မတက လေးနက်စွာ တိုက်တွန်းခဲ့သည်။

 

 

Most Read

Most Recent