အာဏာရပြီးနောက် တိုင်းရင်းသားပါတီများနှင့် ဆက်ဆံရေးအားနည်းသွားသည်ဟု ဝေဖန်မှုများအပေါ် NLD ပါတီ လက်ခံ

အာဏာရပြီးနောက် တိုင်းရင်းသားပါတီများနှင့် ဆက်ဆံရေးအားနည်းသွားသည်ဟု ဝေဖန်မှုများအပေါ် NLD ပါတီ လက်ခံ
Published 12 February 2020
ဉာဏ်လင်းထွန်း

၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ၍ အာဏာရလာပြီးနောက် တိုင်းရင်းသားပါတီများနှင့် ဆက်ဆံရေးသည် အတိုက်အခံဘဝကလို တစ်ရင်းတစ်နှီးမရှိတော့ဆိုသည့် ဝေဖန်မှုများကိုလက်ခံသည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်က ပြောကြားသည်။

ဖေဖော်ဝါရီ ၁၂ ရက်က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ NLD ပါတီရုံးချုပ်တွင်ကျင်းပသည့် ၇၃ နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား သဘာပတိတာဝန်ယူဆောင်ရွက်စဉ် ဦးဟံသာမြင့်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

“ တိုင်းရင်းသားပါတီတွေနဲ့ ကင်းလွတ်တယ်ဆိုတဲ့ကိစ္စတွေမှာ ကျွန်တော်တို့အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် ဒီနေ့ဒီအချိန်မှာ အတိုက်အခံဘဝတုန်းကလို ရင်းနှီးမှု အဲဒီလောက်ကြီး မရှိတော့ဘူး။ နည်းသွားတယ်။  စည်းလုံးမှု မရှိတော့ဘူး။ နည်းသွားတယ်ဆိုတာ ကျွန်တော်တို့ လက်ခံပါတယ်” ဟုNLD ပါတီ ဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူးအဖွဲ့ဝင် ဦးဟံသာမြင့်က ပြောကြားသည်။

NLD ပါတီအစိုးရဖြစ်ပြီးနောက် တိုင်းရင်းသား အရေးနှင့်ပက်သက်၍ ဆောင်ရွက်နိုင်သမျှ ဆောင်ရွက်ခဲ့သော်လည်း တိုင်းရင်းသားပါတီများနှင့် ဆက်ဆံရေးလျော့နည်းခဲ့သည့်အတွက် NLD အနေဖြင့် ပါတီကြီးဝါဒ ကျင့်သုံးသည်၊ တိုင်းရင်းသားပါတီများနှင့် ကင်းလွတ်နေသည်ဆိုသည့် ဝေဖန်မှုများကို ကြုံတွေ့ရသည်ဟု ၎င်းက ဆိုသည်။

“ ကျွန်တော်တို့ အတိုက်အခံဘဝတုန်းကနဲ့ မတူဘဲ အာဏာရပါတီအနေနဲ့ ဖြစ်လာတဲ့အခါမှာ ကျွန်တော်တို့ရဲ့ အစိုးရတွေ၊ ကျွန်တော်တို့ရဲ့ လွှတ်တော်တွေလုပ်ဆောင်ရတဲ့အခါမှာ ကျွန်တော်တို့ လွှတ်တော်တွေရော၊ အစိုးရအဖွဲ့ဝင်တွေရော သူတို့မှာ ကန့်သတ်ထားတဲ့ဘောင်တွေ ရှိပါတယ်။ ဒီအပေါ်မှာ လုပ်နေရတဲ့အခါမှာ အစကထက် ရင်းနှီးမှု လျော့သွားတယ်ပေါ့ဗျာ။ ဒါကတော့ ကျွန် တော်တို့အနေနဲ့ မှန်တယ်လို့ပဲ ယူဆပါတယ်” ဟု ဦးဟံသာမြင့်က ပြောကြားသည်။

ဒီမိုကရေစီအရေးအတွက် NLD ပါတီနှင့် ဆက်ဆံရေးတည်ဆောက်ခြင်းက အကောင်းဆုံးဖြစ်မည်ဟု ထင်မှတ်ခဲ့သော်လည်း ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရပြီးနောက် တိုင်းရင်းသားများနှင့် ပက်သက်သည့် မူဝါဒနှင့် လုပ်ဆောင်ချက်များ ရေရေရာရာမရှိခဲ့ဟု ကချင်ပြည်နယ် ပြည်သူ့ပါတီ ဒုတိယဥက္ကဋ္ဌ ဂွမ်ဂေါင်အောင်ခမ်းက မှတ်ချက်ပြုသည်။

“ မဟာလူမျိုးကြီးဝါဒ၊ မဟာပါတီကို တည်ဆောက်တဲ့ ပုံစံမျိုးပဲဖြစ်ခဲ့တယ်” ဟု ၎င်းက ဆိုသည်။

တိုင်းရင်းသားပါတီများနှင့် ဆက်ဆံရေး လျော့နည်းသွားသည့် အခြေအနေများကို ဖြေရှင်းရန်  ပါတီဗဟိုကော်မတီ အစည်းအဝေးတွင် ပါတီဝင်များကိုယ်တိုင်က တင်ပြ တောင်းဆိုမှုများရှိခဲ့သည်ဟု ဦးဟံသာမြင့်က ပြောကြားသည်။

ထို့ကြောင့် အဆိုပါကိစ္စရပ်များကို ဖြေရှင်းရန် တိုင်းရင်းသားများဆက်ဆံရေးနှင့် ပက်သက်သည့် ကော်မတီတစ်ခုဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ပြီး ယခုအခါ အဆိုပါကော်မတီက လုပ်ငန်းတာဝန်များကို စတင်ဆောင်ရွက်နေသည်ဟု ၎င်းက ပြောကြားသည်။

“ ဒီကော်မတီက စတင်လှုပ်ရှားနေတဲ့ အခါကျတော့ ခုနကပြောတဲ့ အေးစက်လာတယ်လို့ယူဆရတဲ့ တိုင်းရင်းသားများနဲ့ ဆက်ဆံရေးများကို ပြန်လည်ပြီးတော့ မြှင့်တင်ဖို့၊ ပြန်လည်နွေးထွေးလာဖို့ စပြီးလုပ်နေပြီဆိုတဲ့အကြောင်း ပြောချင်ပါတယ်” ဟု ဦးဟံသာမြင့်က ပြောကြားသည်။

NLD ပါတီအနေဖြင့် တိုင်းရင်းသားများ ပြောကြားနေသည့် တန်းတူညီမျှမှုရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရှိရေးဆိုသည့်ကိစ္စများကို ပါတီစတင်ထူထောင်စဉ်ကတည်းက လုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်အထိလည်း အဆိုပါမူဝါဒများအပေါ် ဖောက်ပြန်ခြင်းမရှိဟု ၎င်းက ဆိုသည်။

လက်ရှိအစိုးရ သုံးစွဲလျက်ရှိသည့် ပြည်ထောင်စုဘတ်ဂျက်ကို ကြည့်မည်ဆိုလျှင် ပြည်နယ်များကို တိုင်းဒေသကြီးများထက် ပိုမိုသုံးစွဲလျက်ရှိသည်ကို တွေ့ရမည်ဖြစ်ပြီး ၂၁ ရာစုပင်လုံအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပက်သက်သည့် ကိစ္စရပ်များတွင် တိုင်းရင်းသားများကို အလေးထား ဆောင်ရွက်ခဲ့သည်မှာလည်း အငြင်းပွားဖွယ်မဟုတ်ဟု ဦးဟံသာမြင့်က ပြောကြားသည်။

NLD ပါတီက တိုင်းရင်းသားရေးရာ ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဇန်နဝါရီ  ၂ ရက်ကဖွဲ့စည်းခဲ့ပြီး ရွေးကောက်ပွဲ နီးကပ်ချိန်မှ ယင်းသို့ဆောင်ရွက်ခြင်းအပေါ် ဝေဖန်မှုအချို့ရှိသော်လည်း ကော်မတီကိုရွေးကောက်ပွဲ အောင်နိုင်ရေးတစ်ခုတည်းအတွက် ရည်ရွယ်ဖွဲ့စည်းခြင်းမဟုတ်ဟု    ပါတီတာဝန်ရှိသူများက ငြင်းဆိုထားသည်။

 

 

Most Read

Most Recent