ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းခုနစ်ခုမှ ပြင်ဆင်ချက်များကိုပေါင်းစည်း၍ ဥပဒေကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက လွှတ်တော်သို့ တင်ပြမှုအပေါ် သီးခြားဥပဒေကြမ်း တစ်ခုချင်းစီသာ ဆွေးနွေးရန်...

ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်းခုနစ်ခုမှ ပြင်ဆင်ချက်များကိုပေါင်းစည်း၍ ဥပဒေကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက လွှတ်တော်သို့ တင်ပြမှုအပေါ် သီးခြားဥပဒေကြမ်း တစ်ခုချင်းစီသာ ဆွေးနွေးရန်...
ဖေဖော်ဝါရီ ၁၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က မတ်တတ်ရပ်တင်ပြနေစဉ်
ဖေဖော်ဝါရီ ၁၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်မောင်မောင်က မတ်တတ်ရပ်တင်ပြနေစဉ်
Published 11 February 2020
စည်သူ၊ အောင်မင်းသိန်း

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် တင်သွင်းထားသည့် ဥပဒေမူကြမ်းခုနစ်ခုမှ ပြင်ဆင်ချက်များကို ပေါင်းစည်း၍ ဥပဒေကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီက လွှတ်တော်သို့ တင်ပြမှုအပေါ် သီးခြားဥပဒေကြမ်း တစ်ခုချင်းစီသာ ဆွေးနွေးရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က မတ်တပ်ရပ်၍ တင်ပြမှုကို ပြည်ထောင်စု လွှတ်တော်နာယကက လက်မခံခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၀ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများနှင့် စပ်လျဉ်း၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့သည်။

ပြည်ထောင်စုလွှတ်တော်သို့ ဖတ်ကြားတင်ပြခဲ့သည့် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ကော်မတီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း အခန်းပါ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ(ခ) တို့တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲများကို လွှတ်တော်သို့ တင်သွင်းထားသည့် ဥပဒေမူကြမ်းများအပေါ် လေ့လာစိစစ်ရာတွင် ကိုယ်စားပြု တင်သွင်းခဲ့ ပုဂ္ဂိုလ်များဖြစ်သော ဦးသိန်းထွန်း တင်သွင်းထားသည့် ဥပဒေမူကြမ်းသည် ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(ခ)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ အရေအတွက် ခြောက်ခုပါရှိကြောင်း၊ ဒေါက်တာမောင်သင်း တင်သွင်းထားသည့် ဥပဒေမူကြမ်းသည် ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (က)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ နှစ်ခု နှင့် ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(ခ)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ လေးခုပါရှိကြောင်း၊ ဗိုလ်မှူးချုပ်မောင်မောင် တင်သွင်းထားသည့် ဥပဒေမူ ကြမ်းသည် ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(ခ)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ နှစ်ခုပါရှိသည်ကို လေ့လာစိစစ်တွေ့ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့ပြင် ကိုယ်စားပြု တင်သွင်းခဲ့သော ပုဂ္ဂိုလ်များဖြစ်သည့် ဗိုလ်မှူးချုပ်အောင်စန်းချစ် တင်သွင်းထားသည့် ဥပဒေမူကြမ်းသည် ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(ခ)တွင် အကျုံးဝင်သော ပုဒ်မ၊ ပုဒ်မခွဲ ကိုးခုပါရှိကြောင်း၊ ဦးစိုင်းသန်းနိုင် ကိုယ်စားပြု တင်သွင်းထားသည့် ဥပဒေမူကြမ်းသည် ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ငါးခုပါရှိကြောင်း၊ ဦးထွန်းအောင် (ခ) ဦးထွန်းထွန်းဟိန် တင်သွင်းထားသည့် ဥပဒေမူကြမ်းနှစ်ခုသည် ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)တွင် အကျုံးဝင်သည့်ပုဒ်မ၊ ပုဒ်မခွဲ ၅၁ ခုနှင့် ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ (ခ)တွင် အကျုံးဝင်သည့် ပုဒ်မ၊ ပုဒ်မခွဲ ၆၃ ခုပါရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်းများအား အသေးစိတ် လေ့လာစိစစ်ရာတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က) အကျုံးဝင်သည့် ပြင်ဆင်ချက်များအဖြစ် ပြင်ဆင်ရန် ၃၃ ချက်၊ မူလအတိုင်းထားရှိရန်တစ်ချက်၊ ပယ်ဖျက်ရန် ၁၉ ချက်၊ အသစ်ဖြည့်စွက်ရန် ငါးချက် စုစုပေါင်း ၅၈ ချက်နှင့်နှင့် ပုဒ်မခွဲ(ခ)တို့တွင် အကျုံးဝင်သည့် ပြင်ဆင်ချက်များအဖြစ် ပြင်ဆင်ရန် ၄၉ ချက်၊ ပယ်ဖျက်ရန် ၃၀ ချက်၊ အသစ်ဖြည့်စွက်ရန်ငါးချက် စုစုပေါင်း ၈၄ ချက်ရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကော်မတီ၏ သဘောထားမှတ်ချက်တွင် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးချုပ်မောင်မောင်၊ ဗိုလ်မှူးချုပ်တင့်လွင်၊ ဒေါ်နန်းနီနီအေးနှင့် ဦးစတီဖန်တို့က အစီရင်ခံစာ၏ အပိုဒ် ၁၄ နှင့် အပိုဒ် ၁၈ တို့ပါ ဖော်ပြချက်များနှင့် စပ်လျဉ်း၍ အစုအဖွဲ့အလိုက် တင်သွင်းလာသော ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း တစ်ခုချင်းစီအလိုက် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁၂)နှင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ အခန်း (၁၈) များနှင့်အညီ သီးခြားစီ ဆွေးနွေးဆုံးဖြတ် ဆောင်ရွက်ရန် သဘောထား မှတ်ချက်ပြုထားပြီး ကျန်ရှိသည့် လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီဝင် အားလုံးက ပြင်ဆင်သည့် ဥပဒေမူကြမ်းများအပေါ် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၇ နှင့် ၁၃၈ များနှင့်အညီ ဆွေးနွေးပြီးသည့်အခါ ဥပဒေမူကြမ်းများ၏ ပြင်ဆင်ချက်များကို ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၃၉ နှင့်အညီ အဆုံးအဖြတ်ရယူ ဆောင်ရွက်သင့်ကြောင်း သဘောထား မှတ်ချက်ပြုထားသည်များလည်း ဥပဒေကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာတွင် ဖော်ပြပါရှိသည်။

ထိုသို့ ဥပဒေကြမ်း လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ တင်သွင်းပြီးချိန်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့မှ ဗိုလ်မှူးချုပ်မောင်မောင်က “ကျွန်တော်အပါအဝင် တပ်မတော်သား ၁၄၄ ဦးကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေမူကြမ်းတစ်ခု တင်သွင်းထားပါတယ်။ အလားတူ တင်သွင်းထားတဲ့ ဥပဒေမူကြမ်းက ငါးခုရှိပါတယ်။ ဒီ ၄၅ ဦးကော်မတီက တင်သွင်းတဲ့ ဥပဒေကတစ်ခုပါ။ တစ်ခုကို ဇယားနှစ်ခု ခွဲလိုက်တော့ အားလုံးခုနစ်ခု ရှိပါတယ်။ ၂၈ ရက်နေ့ ဆုံးဖြတ်ထားတာကတော့ တင်သွင်းတဲ့ ဥပဒေမူကြမ်း တစ်ခုချင်း အလိုက်ကို ကန့်လန့်ဖြတ်ဇယား တစ်ခုစီနဲ့ လွှတ်တော်တွင်း တင်သွင်းပြီးတော့မှ ဥပဒေကြမ်း တစ်ခုအလိုက် ဆွေးနွေးပါမယ်။ ဆွေးနွေးပြီးမှသာလျှင် မဲခွဲဆုံးဖြတ်မှုလုပ်တဲ့ အခါမှာတော့  ၄၃၆ (က)(ခ) နဲ့ လုပ်ပါမယ်လို့ ဒီလိုအကြမ်းဖျင်း သဘောတူထားတာ ဖြစ်ပါတယ်” ဟု လွှတ်တော်အတွင်း၌ မတ်တပ်ရပ်၍ တင်ပြခဲ့သည်။

လေ့လာစိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအရဆိုပါက အားလုံးပေါင်း၍ ဆွေးနွေးလိုက်သည့်သဘော ဖြစ်နေပြီ မူလပူးပေါင်းကော်မတီ အစည်းအဝေးတွင် ကန့်လန့်ဖြတ်ဇယား တစ်ခုစီနှင့် သီးခြားဆွေးနွေးမည်၊ ဆုံးဖြတ်ချက်ချသည့် အခါတွင်သာ ပေါင်းဆုံးဖြတ်မည်ဟု ပထမရက်တွင် သဘောထားမှတ်ချက် ပေးထားသည့် ဆုံးဖြတ်ချက်သည် အစီရင်ခံစာတွင် ပါမလာတော့ကြောင်း၊ မိမိတို့အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ရပိုင်ခွင့်အရ လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းကိုယ်စီ လက်မှတ်ရေးထိုး တင်ပြထားသည့် ဥပဒေများသည် ရောသွားပြီး ဇယားထဲ၌ ပေါင်း၍ဖော်ပြထားကြောင်း၊ မိမိတို့၏ လိုလားချက်သည် သီးခြားဇယားစီနှင့် သီးခြားဥပဒေကြမ်းအဖြစ် လွှတ်တော်သို့ တင်သွင်းရန် တင်ပြထားခြင်း ဖြစ်သည့်အတွက် ယင်းအတိုင်းသာ ဆက်လက်ဆောင်ရွက် ပေးစေလိုကြောင်း ဗိုလ်မှူးချုပ်မောင်မောင်က တင်ပြခဲ့သည်။

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်၏ တင်ပြချက်နှင့် ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က “လွှတ်တော်ကိုယ်စားလှယ် ကိုယ်တိုင်က စိစစ်ရေး ပူးပေါင်းကော်မတီမှာ ပါဝင်တာ ဖြစ်ပါတယ်။ တင်လာတဲ့ ဥပဒေကြမ်းအတိုင်းကို စိစစ်ရေး ပူးပေါင်းကော်မတီကနေ တစ်ခုချင်းစီ တင်ခဲ့တာတွေ ရှိပါတယ်။ အဲဒီအချိန်မှာလည်း ဒါဆုံးဖြတ်ထားတာကတော့ ဒီလိုပဲ ဥပဒေကြမ်း အားလုံးကို ပူးပေါင်းပြီး ဥပဒေ တစ်ခုအဖြစ် ဆောင်ရွက်ဖို့ဆိုပြီးမှ ဆုံးဖြတ်ထားတဲ့ အပိုင်းတွေလည်း ရှိပါတယ်။ အဲဒါကြောင့် စိစစ်ရေး ပူးပေါင်းကော်မတီမှာ ညှိနှိုင်းဆုံးဖြတ်ထားတဲ့ကိစ္စကို မိမိတို့ လွှတ်တော်ကို တင်ပြလာတဲ့အချိန်မှာ မိမိတို့ လွှတ်တော်အနေနဲ့လည်း ဒါကို အလေးထားပါတယ်” ဟု လွှတ်တော်၌ ပြောကြားခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း ဆိုသည့် ခေါင်းစဉ်အောက် တစ်ခုတည်းတွင်သာ ပုဒ်မအလိုက် ဆွေးနွေးသွားရမည် ဖြစ်သည့်အတွက် သီးခြားစီ ဆွေးနွေးရန် မဖြစ်နိုင်ကြောင်း၊ လက်ရှိသည် အငြင်းပွားရမည့် အချိန်မဟုတ်ဘဲ စိစစ်ရေး ပူးပေါင်းကော်မတီ၏ အစီရင်ခံစာအတိုင်း လွှတ်တော်က ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစီရင်ခံစာ၏ နောက်ဆက်တွဲ ဇ (၁)နှင့် စျ (၁) များပါ ပြင်ဆင်သည့် ဥပဒေကြမ်းများနှင့် စပ်လျဉ်းပြီး ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေများအရ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဖေဖော်ဝါရီ ၁၇ ရက် နောက်ဆုံးထား၍ ပြည်ထောင်စု လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ ဆောင်ရွက်ရာတွင်  လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ထောက်ခံမဲ လိုအပ်သဖြင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၆၅၅ ဦးရှိခြင်းကြောင့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ၄၉၁ ဦးကျော်၏ ထောက်ခံဆန္ဒမဲ အရေအတွက် ရရှိမှသာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၃၆ နှင့်အညီ ပြင်ဆင်သည့် ဥပဒေမူကြမ်းများကို အတည်ပြု ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ကော်မတီ၏ အစီရင်ခံစာတွင် ပါရှိသည်။

Most Read

Most Recent