မြစ်ကမ်းပါးတာ ပြိုကျနေမှုကို ကြုံတွေ့နေရသည့် ညောင်တုန်းမြို့ ပြည်သူများက မြို့ပတ်တာကို မိုးရာသီအမီ အမြန်ဆုံး ပြန်လည် မပြုပြင်နိုင်မည်ကို စိုးရိမ်နေ

မြစ်ကမ်းပါးတာ ပြိုကျနေမှုကို ကြုံတွေ့နေရသည့် ညောင်တုန်းမြို့ ပြည်သူများက မြို့ပတ်တာကို မိုးရာသီအမီ အမြန်ဆုံး ပြန်လည် မပြုပြင်နိုင်မည်ကို စိုးရိမ်နေ
Published 10 February 2020
မင်းသူဝင်းထွဋ်

ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ ဒေသတွင်တည်ရှိသာ ညောင်တုန်းမြို့၏ မြို့ ပတ်တာမှာ ဇန်နဝါရီ ၈ ရက်က စတင်ကာ ၂၁ လမ်းနှင့် ၂၃ လမ်းကြားတွင် ပေ ၅၀၀ ခန့်ထိ မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပေါ်ခဲ့ပြီးနောက် မိုးရာသီကာလအချိန်မီ ပြန်လည်မပြုပြင်နိုင်မည်ကို ဒေသခံများမှ စိုးရိမ်ပူပန်နေရလျက်ရှိကြောင်း သတင်းရရှိသည်။

ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာတွင် တည်ဆောက်ထားသော ညောင်တုန်းမြို့မှာ မြို့ပတ်တာကိုသာ အားပြုနေထိုင်နေရပြီး နှစ်စဉ်မိုးရာသီကာလ ရောက်ရှိချိန်တိုင်း မြစ်ရေကြီးမြင့်မှုကို ကြုံတွေ့နေရသည့်မြို့ ဖြစ်ကြောင်း၊ ညောင်တုန်းမြို့ မြို့ပတ်တာကို ယခင် သမ္မတဦးသိန်းစိန် လက်ထက်တွင် ကွန်ကရစ်တာအဖြစ် အစိတ်အပိုင်းအချို့ကို မြှင့်တင်ခဲ့သေးသော်လည်း မြေသားတာအဖြစ် ကျန်ရှိနေသေးသည့် အစိတ်အပိုင်းအချို့လည်း ကျန်ရှိနေခဲ့သေးကြောင်း၊ ကျန်ရှိနေသော အစိတ်အပိုင်းများအနက် ၂၁ လမ်းနှင့် ၂၃လမ်းကြားရှိ မြို့ပတ်တာ အစိတ်အပိုင်း ပေ၃၆၅ပေခန့်မှာ ဇန်နဝါရီ  ၇ ရက် ညပိုင်းမှ စတင်ကာ မြေသားနိမ့်ကျမှုများ ဖြစ်ပေါ်ခဲ့ပြီး အလျားပေ ၁၅၀ ခန့်မှာမူ ကိုးပေခန့်အထိ မြစ်အတွင်းသို့ နိမ့်ဆင်းသွားခဲ့ကြောင်း၊ မြို့ပတ်တာပြိုကျမှုကြောင့် မြို့ပတ်တာအနီးရှိ စာသင်ကျောင်း တစ်ကျောင်းနှင့် လမ်းမီးတိုင်များကို အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရပြီး အရေးပေါ်ပြင်ဆင်နိုင်ရန်အတွက် အစိုးရအဖွဲ့မှ လုပ်ဆောင်နေသော်လည်း တင်ဒါစည်းမျဉ်းစည်းကမ်းများ လုပ်ထုံးလုပ်နည်း များကြောင့် အချိန်ကြန့်ကြာကာ မိုးရာသီ မရောက်ရှိမီအချိန်တွင် အချိန်မှီမပြီးစီးမည်ကို ဒေသခံများက စိုးရိမ်ပူနေလျက်ရှိကြောင်း သိရသည်။

“ကျွန်တော်တို့ အိမ်ဟာဆိုရင်တာနဲ့ ကပ်လျက်ဖြစ်တာကြောင့် ဘာပဲဖြစ်ဖြစ် ပြိုမယ်ဟေ့ဆိုရင် ကျွန်တော်တို့အိမ်က အရှေ့ဆုံးက ပါမှာဖြစ်ပါတယ်။ စိုးရိမ်ပူပန်ပါတယ် နောက်တစ်ခါ ယခုခေတ် ကုန်စျေးနှုန်းအရ အိမ်တစ်လုံးဖျက်ဖို့ ဆောက်ဖို့ဆိုတာလည်း လွယ်တဲ့ကိစ္စ မဟုတ်တဲ့အတွက် အဓိက ကမ်းကို အချိန်မီ ထိန်းသိမ်းပြီးတော့ ကြိုးကြိုးစားစားနဲ့ ပြုပြင်သွားမယ် ဆိုရင်တော့ ပိုပြီးတော့ ချမ်းသာပါတယ်။ မိုးတွင်းကာလ မေလအလယ်လောက်ဆို ရေကတက်လာပြီ ဖြစ်တဲ့အတွက်ကြောင့် မိုးတွင်းကာလမှာ လုပ်တယ်ဆိုရင် အချိန်ကမမီတော့ဘူး။ အခုက ကျွမ်းကျင်ပညာရှင်တွေကတော့ မပြောတတ်ဘူးပေါ့ဗျာ။ အနည်းဆုံး အချိန်တစ်လနှစ်လ ယူပြီးတော့မှ ပြင်ဆင်မှ ရမှာဖြစ်တဲ့အတွက်ကြောင့် ကြိုတင်ပြင်ဆင်တာ ပိုပြီးတော့ ကောင်းပါတယ်။ နောက်တစ်ခါ မိုးကလည်း ပြောမရဘူး။ မိုးဦးကျစောရင်စောမယ်။ နောက်တစ်ခါ နောက်ကျရင် နောက်ကျမယ် မသေချာတဲ့ အတွက်ကြောင့် ကြိုတင်ပြင်ဆင်ပြီးတော့ ဝီရိယစိုက်ထားတာ အချိန်ယူ ထားတာကတော့ ပိုကောင်းမယ်လို့ ထင်ပါတယ်ခင်ဗျာ။ စိုးရိမ်ပူပန်မှုကတော့ အတိုင်းထက်အလွန် ရှိပါတယ်။ ညတောင်မှ တစ်ခါတစ်ခါ အိပ်တဲ့အခါ ကောင်းကောင်းအိပ်မပျော်ဘူးပေါ့နော်။ သေချာစဉ်းစား လိုက်ရင်တော့ အိပ်မပျော်ဘူးပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ ယုံကြည်တာကတော့ အစိုးရအနေနဲ့လည်း ပြည်သူ့မျက်နှာကို ကြည့်နေတာကြောင့် ပြည်သူတွေ ဒုက္ခရောက်အောင်တော့ မလုပ်ဘူး။ အမြန်ဆုံးလုပ်မယ်လို့ ယူဆတဲ့အတွက်ကြောင့် အစိုးရကိုတော့ အားလည်းကိုးပါတယ်။ လုပ်လည်း လုပ်မယ်လို့လည်း ယူဆပါတယ်။ ဒါပေမဲ့ အစိုးရရဲ့ လုပ်ထုံးလုပ်နည်းအရ တင်ဒါခေါ်တာတို့ လိုတာတို့ ရှိတော့ရှိတတ်ပါတယ်။ ဒါပေမဲ့ အဲဒါကိုလည်း အမြန်ဆုံး တင်ဒါခေါ် အမြန်ဆုံးလုပ်ပြီးတော့ ဘတ်ဂျက်လိုငွေလည်း ရမယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အခုထိတော့ ဒီဇိုင်းထုတ်နေတုန်း ဘာညာ ဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ ဆန္ဒကတော့ အရေးကြီးရင် ကြီးသလို မြန်မြန်ဆန်ဆန်နဲ့ သွက်သွက်လက်လက် လုပ်တာ ပိုစိတ်ချရတယ်လို့ ယူဆရပါတယ်” ဟု ညောင်တုန်းမြို့ပတ်တာ ပြိုကျမှုဖြစ်စဉ် ဖြစ်ပွားနေသည့် အနီးတွင် နေထိုင်သူ ဦးတင်လှက ပြောကြားသည်။

မြစ်ကမ်းပါး ထိန်းသိမ်းနိုင်ရေးအတွက် အစိုးရအနေဖြင့် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်ပေးရန် တိုက်တွန်းထားကြောင်း ညောင်တုန်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောသည်။

“ညောင်တုန်းမြစ်ကမ်းပါး ပြိုကျတာကိုတော့ မြစ်ချောင်းဖြိုးက ၀ါးဖောင်တွေနဲ့ ကာထားတယ်ပေါ့။ တာကိုဆက်မပြိုအောင်ပေါ့ အထိန်းတွေတော့ လုပ်ထားပါတယ်။ နိမ့်ကျသွားတာကတော့ ၁၃ ပေ ၁၅ ပေ နိမ့်ကျသွားပါတယ်။ အရှည်ကျတော့ ပေ ၅၀၀ အထိရှိပါတယ်။ အမြန်ဆုံး ပြင်ဆင်ဖို့ လိုပါတယ်။ မိုးရာသီရောက်သွားရင် မမီတော့ဘူး။ အဲဒီအတွက်ကိုလည်း ပြည်ထောင်စု ဘတ်ဂျက်နဲ့လုပ်ဖို့ အစီအစဉ် ရှိပါတယ်။ ပြည်ထောင်စုဘက်ဂျက်နဲ့ ဘယ်လောက်ငွေအမောင့် ကုန်မယ်လို့ ခန့်မှန်းလို့မရပေမဲ့ ပြည်ထောင်စု ဘတ်ဂျက်နဲ့လုပ်မယ် ဘတ်ဂျက်မလောက်ဘူးဆိုရင် သမ္မတရန်ပုံငွေကို ဆက်လက်တောင်းခံမယ်။ နည်းပညာကတော့ နယ်သာလန်နိုင်ငံက ဒီဇိုင်းနဲ့လုပ်မှာပါ။ နယ်သာလန်နိုင်ငံက ဒီဇိုင်းထုတ်ပေးပါတယ်။ အဲဒီဇိုင်းအတိုင်း မြစ်ချောင်းဖြိုးကနေ လုပ်မယ်လို့ သိရပါတယ်။ လုပ်ငန်းဆောင်ရွက်မှုကတော့ ကျွန်မစုံစမ်းမှု အရတိုင်းမှာ တင်ဒါခေါ်ဖို့ စီစဉ်နေပါပြီ။ မိုးရာသီအမီ ပြင်ဆင်မှု ပြီးမြောက်အောင်ပေါ့နော်။ အခုက အရမ်းစိုးရိမ်ရပါတယ်။ အချိန်မီ မထိန်းသိမ်းနိုင်ဘူးဆိုရင် ကျွန်မတို့ညောင်တုန်းမြို့ရဲ့ တည်ဆောက်ပုံက ဒယ်အိုးပုံစံရှိနေတာ မြစ်ကအပေါ်မှာ မြို့က အောက်မှာရှိနေတာ တကယ့်တကယ် မထိန်းသိမ်းနိုင်ဘူးဆိုရင် မိုးရာသီမှာ ကျွန်မတို့မြို့က ရေအောက်ကို ရောက်သွားမှာပါ အဲဒီအတွက် အရမ်းစိုးရိမ်ရပါတယ်။ အခုချိန်ဆို ကျွန်မတို့က တစ်လပိုင်း ကုန်သွားပြီလေ ကြားထဲမှာ နှစ်လ၊ သုံးလ၊ လေးလပိုင်း၊ ဧပရယ်၊ မေဆိုရင် ရေတက်လာပြီပေါ့နော်။ မမီမှာ စိုးတဲ့အတွက် မြို့လူထုကတော့ ကျွန်မကိုလာပြီးတော့ မြန်မြန်လေး လုပ်ဆောင်ပေးဖို့ လာပြီးတော့ ပြောတာတို့ လာပြီးတော့ မေးမြန်းတာတို့တော့ ရှိပါတယ်။ ကျွန်မတို့က လွှတ်တော်ကိုယ်စားလှယ်ဆိုတော့ ပြည်သူ့အသံ လွှတ်တော်အသံပေါ့နော်။ ပြည်သူတွေရဲ့ မေးမြန်းချက် ပြည်သူ့အသံတွေကို နားထောင်ပြီးတော့ တကယ်လည်း ညောင်တုန်းမြို့သူ မြို့သားတွေ ဖြစ်တဲ့အတွက် တကယ်လည်း ညောင်တုန်းမြို့ကြီးအတွက် ဒီမြစ်ကမ်းထိန်း လုပ်ဖို့က အရမ်းပဲ အရေးကြီးပါတယ်။ အဲဒီအတွက်ကိုလည်း ဌာနဆိုင်ရာတွေနဲ့ အစိုးရနဲ့ ပူးပေါင်းပြီးတော့ ကျွန်မတို့ ညောင်တုန်းမြို့ကြီးကို ဘတ်ဂျက်မြန်မြန် ကျပြီးတော့ လုပ်ငန်းမြန်မြန်ပြီးအောင် မိုးရာသီအမီ ပြီးစီးအောင် လုပ်ကိုင်ပေးစေချင်ပါတယ်။ ကျွန်မတို့အနေနဲ့ ပြည်သူတွေကိုယ်စား တောင်းဆိုတာပါ” ဟု လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက ပြောကြားသည်။

ညောင်တုန်းမြို့သည် ၁၉၉၈-၁၉၉၉ ခုနှစ် မှတ်တမ်းများအရ အကျယ်အဝန်း ဧရိယာဧက ၁၉၂၈ ဧကရှိခဲ့ရာမှ မြစ်ရေတိုက်စားမှုကြောင့် ယနေ့အချိန်တွင် ၁၆၀၂ ဧကခန့်သာ ကျန်ရှိတော့ကြောင်း၊ မြစ်ကမ်းပါးပြိုကျမှုကို ကာကွယ်နိုင်ရန် Permanment Structure ဖြင့် အလျားပေ ၁၄၀၀၀ ရှိ မြစ်ကမ်းထိန်းတာ တစ်ခုကို တည်ဆောက်ရန် တိုင်းဒေသကြီးအစိုးရမှ ဘဏ္ဍာငွေတင်ပြ တောင်းခံထားချိန်တွင် ယခုကဲ့သို့ တာပြိုကျမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

 

Most Read

Most Recent