UNDP ပါတီက ရခိုင်၊ ချင်းနှင့် ကယားပြည်နယ်တို့ကို ချန်လှပ်၍ ကျန်တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ရွေးကောက်ပွဲယှဉ်ပြိုင်မည်

UNDP ပါတီက ရခိုင်၊ ချင်းနှင့် ကယားပြည်နယ်တို့ကို ချန်လှပ်၍ ကျန်တိုင်းဒေသကြီး၊ ပြည်နယ်များတွင် ရွေးကောက်ပွဲယှဉ်ပြိုင်မည်
Published 8 February 2020
ဉာဏ်လင်းထွန်း

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) က ကရင်ပြည်နယ်ရှိ မြို့နယ်အားလုံးနှင့် ကချင်ပြည်နယ်၊ မွန်ပြည်နယ်တို့ရှိ မြို့နယ်အချို့တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ပါတီဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

တိုင်းဒေသကြီး မဲဆန္ဒနယ်အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သော်လည်း မဟာမိတ်ဖြစ်သည့် UNA အဖွဲ့ဝင် တိုင်းရင်းသားပါတီများ တည်ရှိရာ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ရွေးကောက်ပွဲ ယှဉ်ပြိုင်မည်မဟုတ်ဟု ၎င်းက ဆိုသည်။

“ ကျွန်တော်တို့က UNA နဲ့ မိတ်ဖက်ဖြစ်တဲ့အတွက် UNA က တိုင်းရင်းသားပါတီတွေနဲ့ ထိပ်တိုက်သွားဆုံလို့ မဖြစ်ဘူးလေ။ မဖြစ်တော့ တိုင်းရင်းသားပြည်နယ်တွေမှာ တိုင်းရင်းသားတွေကိုပဲ ဦးစားပေးပြီးတော့ ဆောင်ရွက်ရမှာလေ။ ဒါပေမဲ့ ကရင်ပြည်နယ်မှာ ဘာကြောင့်ဝင်လဲဆိုတော့ UNA အဖွဲ့ဝင်ဖြစ်တဲ့  ကရင်အမျိုးသားပါတီက ကရင်ပြည်နယ်မှာ မဝင်လို့” ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) ဥက္ကဋ္ဌ ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

ကချင်ပြည်နယ်တွင် ဗမာလူမျိုးအများစုရှိရာ မြစ်ကြီးနားနှင့် ဗန်းမော်မြို့နယ်၊ မွန်ပြည်နယ်တွင် မော်လမြိုင်၊ ဘီးလင်းနှင့် ပေါင်မြို့နယ်များတွင်သာ ရွေးကောက်ပွဲယှဉ်ပြိုင်မည်ဟု ၎င်းက ဆိုသည်။

UNA အဖွဲ့ဝင်များဖြစ်သည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ရှိရာ ရှမ်းပြည်နယ်နှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ရှိရာ ရခိုင်ပြည်နယ်တို့တွင် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ဘဲ တိုင်းရင်းသားပါတီများကို ဝန်းရံသွားမည်ဟု ဦးဒေးဗစ်လှမြင့်က ပြောကြားသည်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ (UNDP) သည် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA) အဖွဲ့ဝင်အဖြစ် ဇန်နဝါရီအတွင်း လျှောက်လွှာတင်ထားသည်။

UNDP ပါတီသည် ၁၉၉၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ကို အခြေခံပြီး ညီညွတ်သော အမျိုးသားဒီမိုကရေစီအင်အားစု (UNDO) ၊ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ၊ လူ့အခွင့်အရေးချိုးဖောက်မှု စုံစမ်းဖော်ထုတ်ရေးကော်မတီ စသည့် နိုင်ငံရေးအင်အားစုများ ပူးပေါင်းတည်ထောင်ခြင်း ဖြစ်သည်။

UNDP ပါတီ တည်ထောင်ခွင့်ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံ ၂၀၁၉ ခုနှစ် ဧပြီက စတင်လျှောက်ထားခဲ့ပြီး စက်တင်ဘာတွင် ပါတီတည်ထောင်ခွင့်ရရှိကာ ပါတီမှတ်ပုံတင်ကို ဒီဇင်ဘာ ၁၁ ရက်က ရရှိခဲ့သည်။

 

 

Most Read

Most Recent