၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၁၀၀ ဝန်းကျင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်ထောင်စု တစ်ဝန်းလုံးအတွင်း မဲဆွယ်စည်းရုံးမည့်ပါတီ ၇၈ ခုရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ပြောကြား

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၁၀၀ ဝန်းကျင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်ထောင်စု တစ်ဝန်းလုံးအတွင်း မဲဆွယ်စည်းရုံးမည့်ပါတီ ၇၈ ခုရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ပြောကြား
Published 7 February 2020
နေရိုင်း၊ ဇေယျာထွန်း

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီ ၁၀၀ ဝန်းကျင် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ပြီး ပြည်ထောင်စု တစ်ဝန်းလုံးအတွင်း မဲဆွယ်စည်ရုံးမည့်ပါတီ ၇၈ ပါတီရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်ငံက ပြောကြားသည်။

နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ဖေဖော်ဝါရီ ၆ ရက်က ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲ၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“၂၀၂၀ ရွေးကောက်ပွဲမှာဆိုရင် နိုင်ငံရေးပါတီ ၁၀၀ ဝန်းကျင်ခန့် ပါဝင်ပြီး ယှဉ်ပြိုင်နိုင်ဖွယ် ရှိပါတယ်။ ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမယ်ဆိုပြီး ပြောထားတဲ့ပါတီက ၇၈ ပါတီရှိတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွင်းမှာ စည်းရုံးမယ့်ပါတီ ၂၁ ပါတီရှိပါတယ်” ဟု ပြောကြားသည်။

ပြည်ထောင်စု တစ်ဝန်းလုံး စည်းရုံးမည့် ပါတီများအနေဖြင့် ပါတီမှတ်ပုံတင်သည့်နေ့မှ စတင်ကာ ရက်ပေါင်း ၉၀ အတွင်း အနည်းဆုံး ပါတီဝင် ၁၀၀၀ စည်းရုံးပြီးဖြစ်ကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သို့ တင်ပြရပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အတွင်း စည်းရုံးမည့်ပါတီများ အနေဖြင့် မှတ်ပုံတင်ခွင့် ရရှိသည့်နှင့် တစ်ပြိုင်နက် ပါတီဝင် ၅၀၀ အားစည်းရုံးပြီး ဖြစ်ကြောင်းကို ကော်မရှင်ထံသို့ တင်ပြရကြောင်း သိရသည်။

“ပြည်ထောင်စု တစ်ဝန်လုံးမှာ စည်းရုံးတဲ့ ပါတီကတော့ တစ်နိုင်ငံလုံး မဲဆန္ဒနယ်မှာ ဝင်ရောက် ယှဉ်ပြိုင်လို့ရတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အတွင်းမှာ စည်းရုံးတဲ့ပါတီကတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အတွင်းမှာ ပါဝင်ပြီး ယှဉ်ပြိုင်အရွေးခံရမယ်။ ပါတီတိုင်း ပါတီတိုင်းကတော့ လွှတ်တော်အနည်းဆုံး သုံးနေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ရမယ်။ သုံးနေရာ ဝင်ရောက်ယှဉ်မပြိုင်နိုုင်ရင် အဲဒီပါတီကို ဖျက်သိမ်းရမယ်လို့ ဥပဒေက ပြဋ္ဌာန်းထားပါတယ်” ဟု ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောကြားသည်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး၌ ဆန္ဒမဲပေးနိုင်သည့်ဦးရေ ၃၇ သန်းကျော်ရှိပြီး ကချင်ပြည်နယ်တွင် ဆန္ဒမဲပေးနိုင်သည့်ဦးရေ ၁၀ သန်းကျော်၊ ကယားပြည်နယ်တွင် နှစ်သိန်းကျော်၊ ကရင်ပြည်နယ်တွင် ၁၀ သိန်းကျော်၊ ချင်းပြည်နယ်တွင် သုံးသိန်းကျော်၊ စစ်ကိုင်းဒေသကြီးတွင် လေးသန်းကျော်၊ တနင်္သာရီတိုင်းဒေသကြီးတွင် ကိုးသိန်းကျော်၊ ပဲခူးတိုင်းဒေသကြီးတွင် သုံးသန်းကျော်၊ မန္တလေးတိုင်း ဒေသကြီးတွင် လေးသန်းကျော်၊ မကွေးတိုင်းဒေသကြီးတို့တွင် လေးသန်းကျော်၊ မွန်ပြည်နယ်တွင် တစ်သန်းကျော်၊ ရခိုင်ပြည်နယ်တွင် တစ်သန်းကျော်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ငါးသန်းကျော်၊ ရှမ်းပြည်နယ်တွင် သုံးသန်းကျော်၊ ဧရာဝတီတိုင်းဒေသကြီးတွင် လေးသန်းကျော်နှင့် နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် ရှစ်သိန်းကျော်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

Most Read

Most Recent