၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် သတင်းတု၊ သတင်းမှားများ ထွက်မလာနိုင်ရေး အတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ လူမှုကွန်ရက် စာမျက်နှာအား Blue Mark လုပ်ဆောင်ပေးမည်ဟုဆို

၂၀၂၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် သတင်းတု၊ သတင်းမှားများ ထွက်မလာနိုင်ရေး အတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ လူမှုကွန်ရက် စာမျက်နှာအား Blue Mark လုပ်ဆောင်ပေးမည်ဟုဆို
Published 6 February 2020
နေရိုင်း၊ ဇေယျာထွန်း

၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် သတင်းတု၊ သတင်းမှားများ ထွက်မလာနိုင်ရေးအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ လူမှုကွန်ရက် စာမျက်နှာအား Blue Mark လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေးက ပြောကြားသည်။

ဖေဖော်ဝါရီ ၆ ရက်က နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် အချိန်နှင့်တစ်ပြေးညီ သတင်းမှားများ တက်လာသည့်အပေါ် ကော်မရှင်အနေဖြင့် စောင့်ကြည့်ရန် ဘယ်လိုစီမံထားသလဲဟု သတင်းထောက် တစ်ဦး၏ မေးမြန်းမှုကို ကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေးက အထက်ပါကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“သတင်းတု၊ သတင်းမှားတွေမပေါ်ဖို့ရာ အတွက်လည်းပဲ Blue Mark ကို နိုင်ငံရေးပါတီတွေ အတွက်လည်း လုပ်ပေးဖို့ ထောက်ခံပေးသွားပါမယ်။ ကျွန်တော်တို့က သတင်းတု၊ သတင်းမှားတွေ မထွက်နိုင်အောင် ဒီလို  Blue Mark လုပ်လိုက်ခြင်း ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေတိုင်းရဲ့ Page တွေကိုလုပ်ပေးမှာပါ။ နိုင်ငံရေးပါတီ ဌာနချုပ်တွေကို လုပ်ပေးမှာပါ။ ကျွန်တော်တို့ ကော်မရှင်လည်း Blue Mark နဲ့သွားမှာပါ” ဟု ကော်မရှင် အဖွဲ့ဝင် ဦးသန်းဌေးက ပြောကြားသည်။

ယင်းသို့  သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၏ လူမှုကွန်ရက် စာမျက်နှာအား Blue Mark လုပ်ဆောင်ပေးရန် Facebook Team ဖြင့် ညှိနှိုင်းထားပြီး နိုင်ငံရေးပါတီများနှင့် တွေ့ဆုံရာတွင် ယင်းကိစ္စကို အသိပေးသွားမည် ဖြစ်ကြောင်း ဦးသန်းဌေးက ဆိုသည်။

၎င်းက “(Blue Mark အား ဘယ်တော့လောက် စတင်ဆောင်ရွက်မလဲ)။ ရွေးကောက်ပွဲ မတိုင်ခင်တော့ ဖြစ်လာနိုင်ပါတယ်။ မဲဆွယ်ကာလလည်း မရောက်သေးပါဘူး။ နောက်ဆုံးမှာ Silent Day မှာတောင် Facebook ကိုပိတ်ထားရင် ဘယ်လိုရသလဲဆိုတာ လောက်အထိကို ကြိုတင်မျှော်မှန်းပြီး ဆွေးနွေးနေတယ်။ အကောင်းဆုံး ဖြစ်အောင်တော့ ဆွေးနွေးနေပါတယ်” ဟု ပြောကြားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် နိုင်ငံရေးပါတီများကိုသာ ကြီးကြပ်ရန် တာဝန်ရှိပြီး သက်ဆိုင်ရာ နိုင်ငံရေးပါတီများ၏ နိုင်ငံရေးနှင့် ပတ်သက်သည့် ကြေညာချက်များအပေါ် ကြီးကြပ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင် ဦးသန်းဌေးက ဆိုသည်။

 

Most Read

Most Recent