NLD ပါတီဦးဆောင်တင်သွင်းသည့် အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းတွင် နိုင်ငံ၏အချုပ်အခြာအာဏာနှင့် အမျိုးသားရေးစရိုက်လက္ခဏာ မပပျောက်စေရန်ကာကွယ်ထားသည့် အရေးကြီးပုဒ်မ ၅၀ ခန့်ပါဝင်နေသည်ကို အံ့သြဖွယ်တွေ့ရသည်ဟု ပြည်ခိုင်ဖြိုးပါတီ ပြောကြား

NLD ပါတီဦးဆောင်တင်သွင်းသည့် အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေမူကြမ်းတွင် နိုင်ငံ၏အချုပ်အခြာအာဏာနှင့် အမျိုးသားရေးစရိုက်လက္ခဏာ မပပျောက်စေရန်ကာကွယ်ထားသည့် အရေးကြီးပုဒ်မ ၅၀ ခန့်ပါဝင်နေသည်ကို အံ့သြဖွယ်တွေ့ရသည်ဟု ပြည်ခိုင်ဖြိုးပါတီ ပြောကြား
ပြည်ခိုင်ဖြိုးပါတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘာကြောင့်ပြင်မလဲ၊ ဘယ်လိုပြင်မလဲခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ဖေဖော်ဝါရီ ၅ ရက်က ရန်ကုန်မြို့ မီလီယာဟိုတယ်တွင် ပြုလုပ်စဉ်
ပြည်ခိုင်ဖြိုးပါတီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဘာကြောင့်ပြင်မလဲ၊ ဘယ်လိုပြင်မလဲခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲ ဖေဖော်ဝါရီ ၅ ရက်က ရန်ကုန်မြို့ မီလီယာဟိုတယ်တွင် ပြုလုပ်စဉ်
Published 5 February 2020
ဉာဏ်လင်းထွန်း

ပြည်ထောင်စုလွှတ်တော်သို့ NLD ပါတီဦးဆောင်တင်သွင်းထားသည့် ၂၀၀၈  ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဥပဒေ မူကြမ်းနှစ်ခုတွင် နိုင်ငံ၏အချုပ်အခြာအာဏာနှင့် အမျိုးသားရေးစရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ကာကွယ်ထားသည့် အရေးကြီးပုဒ်မများထဲမှ ပုဒ်မ ၅၀ ခန့် ပါဝင်နေသည်ကို အံ့သြဖွယ်ရာ တွေ့ရှိရသည်ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘာကြောင့်ပြင်မလဲ၊ ဘယ်လိုပြင်မလဲခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၅ ရက်က ရန်ကုန်မြို့ မီလီယာဟိုတယ်တွင် ပြုလုပ်ခဲ့ပြီး အခမ်းအနားတွင် ဒေါက်တာနန္ဒာလှမြင့်နှင့် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး၊ ဥပဒေပညာရှင် ဒေါက်တာ အင်ဒရူးငွန်ကျုံးလျန်တို့ ပါဝင်ဆွေးနွေးခဲ့ကြသည်။

၂၀၀၈ အခြေခံဥပဒေတွင် အချက်ပေါင်း ၄၅၇ ချက် ပါဝင်သည့်အနက် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နိုင်ငံ၏အမျိုးသားရေး စရိုက်လက္ခဏာများ မပပျောက်စေရေးအတွက် ပြင်ဆင်ရခက်ခဲအောင် ရေးဆွဲထားသည့် အချက် ၉၅ ချက်ရှိပြီး ယင်း ၉၅ ချက်ထဲမှ အချက် ၅၀ ခန့်ကို NLD ကိုယ်စားလှယ်အများစု ပါဝင်သည့် အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မီက ပြင်ဆင်ရန် ကြိုးပမ်းထားသည်ဟု ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

“ ပြင်ရခက်အောင် လုပ်ထားတဲ့ ဥပဒေပုဒ်မ ၉၅ ကို လေ့လာကြည့်ရင် ကျွန်တော်တို့ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ထားခြင်း၊ ကျွန်တော်တို့ လူမျိုးတွေရဲ့ အမျိုးသားရေးစရိုက်လက္ခဏာကို ကာကွယ်ထားခြင်း၊ ကျွန်တော်တို့နိုင်ငံခေါင်းဆောင် ဖြစ်လာမယ့်သူဟာ နိုင်ငံသားစစ်စစ်၊ တိုင်းရင်းသားစစ်စစ် ဘာအချုပ်အနှောင်မှ မရှိတဲ့သူဖြစ်စေခြင်း၊ အဲဒီအကြောင်းတရားတွေ အားလုံးကို ခုနက ပုဒ်မ ၉၅ ခုနဲ့ ချုပ်ကိုင်ထားတာ။ ဆိုတော့ အဲဒီအထဲမှာ အံသြဖွယ်ရာကောင်းတာ ပုဒ်မ ၉၅ ခုမှာ ပုဒ်မ ၅၀ ကို ခုနက ပြင်ရခက်တဲ့ State Policy ပေ့ါနော်။ ကျွန်တော်တို့ရဲ့ State Policy နိုင်ငံကို ဘယ်လိုကာကွယ်မလဲဆိုတဲ့ အရေးကြီးတဲ့ ပုဒ်မ ၅၀ လောက်ကိုပြင်ဖို့ တင်ပြထားတာ ကျွန်တော်တို့ အံ့သြဖွယ်ရာတွေ့ရတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

၎င်းပြောကြားသည့် ပုဒ်မ ၉၅ မှာ အခြေခံဥပဒေအခန်း ၁၂ ပုဒ်မ ၄၃၆ (က) ပါ ပြဋ္ဌာန်းချက်ဖြစ်ပြီး ယင်းပုဒ်မများတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များကို လွှတ်တော်တွင် ပါဝင်ခွင့်ပြုသည့် ပုဒ်မ ၁၄၊ သမ္မတ အရည်အချင်းနှင့် သတ်မှတ်ချက်များ ပါဝင်သည့် ပုဒ်မ ၅၉ (စ) အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဖွဲ့စည်းရသည့် ပုဒ်မ ၂၀၁ စသည့် ထင်ရှားသည့် ပုဒ်မများ ပါဝင်သည်။

ပုဒ်မ ၄၃၆ (က) ပါ ပုဒ်မပေါင်း ၉၅ ခုကို ပြင်ဆင်လိုလျှှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ သဘောတူညီမှု လိုအပ်သည့်အတွက် တပ်မတော် သဘောထားမပါဝင်လျှင် ပြင်ဆင်ရာတွင် အခက်အခဲများ ကြုံတွေ့ရဖွယ်ရှိသည်ဟု သုံးသပ်မှုများရှိသည်။

“ ဆိုတော့ နှစ်ပေါင်းများစွာ ကိုယ်စားလှယ်ပေါင်း ထောင်နဲ့ချီ၊ အလွှာအသီးသီးက အခြေခံမူ ၁၀၄ ချက်အပေါ်မှာ ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ အမျိုးသားရေးယဉ်ကျေးမှု စရိုက်လက္ခဏာတွေ မပျောက်ပျက်အောင် ထိန်းသိမ်းကာကွယ်ဖို့ စနစ်တကျ ရေးဆွဲထားတဲ့ အရေးကြီးပုဒ်မ ၉၅ ခုထဲကဒီ ၄၅ ဦးကော်မတီကနေ ပုဒ်မ ၅၀ လောက်ကို ဟိုကဆွဲထုတ်၊ ဒီကဆွဲထုတ်၊ ဟိုနည်းနည်း၊ ဒီနည်းနည်းပြင်ဖို့ ကြိုးစားတာဟာ တိုင်းပြည်အတွက် ဘယ်လောက်အန္တရာယ်ကြီးတယ်ဆိုတာကို ပြည်သူလူထုကို အသိပေး တင်ပြလိုခြင်း ဖြစ်ပါတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် သဘောတူသော်လည်း နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးအတွက်သာပြင်ဆင်လိုပြီး အဖွဲ့အစည်းတစ်ခု၊ လူပုဂ္ဂိုလ်တစ်ခုအတွက် ပြင်ဆင်လိုခြင်းမရှိဟု ၎င်းက ဆိုသည်။

“ တချို့ပုဂ္ဂိုလ်တွေက ပြည်ခိုင်ဖြိုးပါတီက ဖွဲ့စည်းပုံအခြေခံဥပေဒကို ဖက်တွယ်ထားပြီးတော့ လုံးဝမပြင်ချင်တဲ့ပုံစံမျိုး ပုဂ္ဂိုလ်ရေး၊ အဖွဲ့အစည်းအပေါ်မှာ ပုံဖျက်ပြီးတော့ ပြောဆိုဆွေးနွေးတာတွေ ရှိတယ်။ ပြည်ခိုင်ဖြိုးပါတီရဲ့သဘောထားက ဖွဲ့စည်းပုံအခြေခံဥပဒေကို နိုင်ငံတော်နဲ့ နိုင်ငံသားများရဲ့ အကျိုးအတွက် ပြင်သင့်ပြင်ထိုက်တဲ့ အချက်တွေကို ပြင်သင့်ပြင်ထိုက်တဲ့အချိန်မှာ ဥပဒေနဲ့အညီပြင်ဖို့  ကျွန်တော်တို့ သဘောတူတယ်” ဟု ဒေါက်တာနန္ဒာလှမြင့်က ပြောကြားသည်။

NLD ပါတီလွှတ်တော်ကိုယ်စားလှယ် အများစုပါဝင်ပြီး လွှတ်တော်ရှိ အခြားပါတီများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များ အချိုးကျပါဝင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက လက်ရှိတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းနှစ်ခုကို ပြည်ထောင်စု လွှတ်တော်သို့ ဇန်နဝါရီ ၂၃ ရက်တွင် တင်သွင်းခဲ့ပြီးဖြစ်သည်။

အဆိုပါ ဥပဒေမူကြမ်း နှစ်ခုတွင် ၄၃၆ (က) ပါ ပုဒ်မနှင့် ပုဒ်မခွဲများထဲမှ ပြင်ဆင်ရန်အချက် ၅၁ ချက် နှင့် ပုဒ်မ ၄၃၆ (ခ) တွင် ပြင်ဆင်ရန် အချက် ၆၃ ချက် စုစုပေါင်း ၁၁၄ ချက်ပါဝင်ပြီး တိုင်းရင်းသားများပါ လိုလားသည့် တိုင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်များကို တိုင်းနှင့် ပြည်နယ်လွှတ်တော်က ခန့်အပ်ခွင့် ရရေးနှင့်ဆိုင်သည့် ပုဒ်မ ၂၆၁ ကိုမူ ပြင်ဆင်ထားခြင်းမရှိကြောင်း သိရသည်။

အခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်း ချောမွေ့စေရန် ပြင်ဆင်ရလွယ်ကူသည့် ပုဒ်မများကို စတင်ပြင်ဆင်သင့်ပြီး လက်ရှိပြင်ဆင်ရေး ဆောင်ရွက်မှုက ခက်ခဲသည့်ပုဒ်မများကို စတင်ပြင်ဆင်သလို ဖြစ်နေသည်ဟု ဥပဒေပညာရှင် ဒေါက်တာအင်ဒရူးငွန်ကျုံးလျန်က ဆိုသည်။

“ တပ်မတော်လည်း မကန့်ကွက်ဘူး။ ကျန်တဲ့ ၇၅ ရာခိုင်နှုန်းလည်း အကုန်လုံး သဘောတူတယ်။ ကန့်ကွက်စရာမရှိအောင် လွယ်လွယ်လေးက စပြင်။ ကျွန်တော် တပ်မတော်ကိုယ်စားလှယ်တချို့နဲ့ ရင်းနှီးတယ်။ သူတို့ကိုမေးကြည့်တယ်။ ခင်ဗျားတို့ မဲပေးမလား။ ပေးမှာပေါ့တဲ့။ ဒါ လုပ်သင့်တာကိုး။ ကျွန်တော်ထင်တာက ဒီပြည်သူရွေးတဲ့သူတွေက လုပ်ပေးပြီးတော့ ဒီ ၂၆၁ ကို ပြင်မယ်ထင်ခဲ့တာ။ ကျွန်တော့်အထင် ပြောင်းပြန်ဖြစ်သွားတယ်။ အဲဒီတော့ လွယ်ရာကနေမစတော့ဘဲ ခက်တဲ့ဟာ သွားလုပ်တယ်။ လွယ်တဲ့ဟာကို ခက်အောင် လုပ်လိုက်တော့ အခြေခံဥပဒေ ပြင်ဆင်ရေးက တော်တော် အဆင်မပြေတာတွေ ဖြစ်လာတယ်” ဟု ၎င်းက ပြောကြားသည်။

ဥပဒေမူကြမ်းနှစ်ခုတွင် ပါဝင်သည့် အချက်အများစုသည် ကိုယ်စားလှယ်အများစုရှိသည့် NLD ပါတီ၏ သဘောထားများဖြစ်ပြီး အခြားသောပါတီအစုအဖွဲ့များ၏ သဘောထားများပါဝင်မှု အားနည်းကြောင်း ဝေဖန်မှုများ ရှိနေသည့်အပြင် တပ်မတော်သား ကိုယ်စားလှယ်များကလည်း ၎င်းတို့၏ သဘောဆန္ဒမပါဝင်ဟု ရှင်းလင်းထားသည်။

 

 

Most Read

Most Recent