နှစ်နှစ်လျှင် အနည်းဆုံးတစ်ကြိမ် ပြင်ဆင်သတ်မှတ်ရမည့် အနည်းဆုံးအခကြေး ငွေဥပဒေ(၂၀၁၃ခုနှစ်)အား အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်အကိုင်ဆိုင်ရာကော်မတီက ပြောင်းလဲပြင်ဆင်မည့်အပေါ် အလုပ်သမားအဖွဲ့အစည်းကိုးခုက ကန့်ကွက်ကြောင်း ဇန်နဝါရီ ၃ ရက်တွင် လှိုင်သာယာမြို့နယ် ရွှေကမ်းသာယာအိမ်ရာရှိ Sky ဟိုတယ်၌ ပူးပေါင်းသတင်းစာရှင်းလင်းခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၃၀ ရက်က အမျိုးသားလွှတ်တော်တွင် (၂၀၁၃ ခုနှစ်) အနည်းဆုံး အခကြေးငွေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးအတည်ပြုဆုံးဖြတ်ပေးရန် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးက အဆိုတင်သွင်းခဲ့သည်။
ထိုသို့ တင်သွင်းခဲ့သည့်အဆိုအပေါ် အလုပ်သမားအဖွဲ့အစည်းကိုးခုဖြစ်သော မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံစက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်၊ Action Labour Light ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက်၊ လယ်သမားအလုပ်သမားရေးရာ လှုပ်ရှားဆောင်ရွက်သူများအဖွဲ့၊ အနာဂတ်အလင်းတန်းဆုံမှတ်၊ အလုပ်သမအချင်းချင်း ရိုင်းပင်းကူညီပေးရေးအဖွဲ့၊ Labour Power Group၊ တို့မျိုးဆက်ကွန်ရက် စသည့် အလုပ်သမားအဖွဲ့အစည်းကိုးခုက ပူးပေါင်းကန့်ကွက်ကြောင်း သတင်းစာရှင်းလင်းခဲ့သည်။
“အခြေခံအလုပ်သမား၊ လူထုတွေရဲ့ ဘဝအခြေအနေအမှန်ကို နားထောင်ပြီးတော့မှ ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်တာ သင့်တော်လိုက်မယ်လို့ မြင်ပါတယ်။ အခုလိုမျိုး အလုပ်သမားအကျိုးစီးပွားကို ထိခိုက်နစ်နာစေတဲ့ ရည်ရွယ်ချက်နဲ့ တင်သွင်းထားတဲ့ ဥပဒေကြမ်းကို အလုပ်သမားထုအနေနဲ့ မြင်ရတဲ့အမြင်ဟာ အလုပ်ရှင်ဘက်ကို တစ်ဖက်သတ်ရပ်ပြီး ဆောင်ရွက်နေတယ်လို့မြင်တယ်။ ဒီဥပဒေကြမ်းကို အတည်ပြုသွားပြီဆိုရင် တစ်နိုင်ငံလုံးမှာရှိတဲ့ အလုပ်သမားတွေအကုန်လုံး လမ်းပေါ်ရောက်ပြီး တစ်နိုင်ငံလုံးနဲ့ ညီမျှတဲ့ သပိတ်ကြီး ဖြစ်ပေါ်လာလိမ့်မယ်ဆိုတာ မြင်ယောင်နေပါတယ်။ အဲဒီတော့ ဒီဥပဒေကြမ်းအတည်မဖြစ်ဖို့ အလုပ်သမားထုတွေက ဘယ်လို အဖွဲ့အစည်းမျိုးနဲ့ဖြစ်ဖြစ် လက်တွဲရ လက်တွဲရ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် နောက်မဆုတ်တမ်း ရပ်တည်ရင်ဆိုင်သွားမယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများကွန်ရက် ဦးဆောင်ကော်မတီဝင် မလှလှက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေ ဥပဒေကိုပြင်ဆင်ရန် အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်အကိုင်ဆိုင်ရာကော်မတီနှင့် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားသုံးပွင့်ဆိုင်တို့ နှစ်ကြိမ်တွေ့ဆုံဆွေးနွေးခဲ့ရာ သဘောတူညီချက်များ မရရှိခဲ့ကြောင်း၊ ယင်းဥပဒေကို ပြင်ဆင်ရန် ဇန်နဝါရီ ၃၀ ရက်က ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ၁၅ ကြိမ်မြောက်ပုံမှန် အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈) အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်အကိုင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးကျော်ထွေးမှ “အနည်းဆုံးအခကြေးငွေကို တစ်နှစ်အတွင်းလည်း ပြင်သင့်ရင်ပြင်ရမယ်။ ၁ဝနှစ်အတွင်းလည်း ပြင်သင့်ရင်ပြင်ရမယ်” ဟု တင်ပြပြောဆိုခဲ့မှုအပေါ် အလုပ်သမားများအနေဖြင့် ကန့်ကွက်သည့် ထုတ်ပြန်ကြေညာချက်တစ်စောင်ကို အဆိုပါသတင်းစာရှင်း လင်းပွဲတွင် ထုတ်ပြန်ကြေညာခဲ့သည်။
“နှစ်နှစ်လျှင်တစ်ကြိမ် သတ်မှတ်ရမယ်ဆိုတာကို ပြင်ဆင်ရမယ်ဆိုတာက လက်ရှိမြန်မာနိုင်ငံအနေနဲ့ ဒီဥပဒေကို မပြင်ဆင်သေးဘူး။ တကယ်လို့ ပြင်ဆင်ချင်တယ်ဆိုရင်လည်း ပြင်ဆင်လို့ရတယ်။ ဒါပေမဲ့ အခုမဟုတ်ဘူး။ ကျွန်တော်တို့ကလည်း သူတို့ကိုတင်ပြတယ်။ အခု မပြင်ဆင်သင့်သေးဘူးဆို တာကို။ ဒါပေမဲ့ တစ်နေ့နေ့တစ်ချိန်ချိန်မှာ ပြင်ဆင်ဖို့လိုတယ်။ ကုန်စျေးနှုန်းတွေ တည်ငြိမ်သွားပြီ။ ငွေကြေးဖောင်းပွမှုတွေ မရှိတော့ဘူး။ တိုင်းပြည်ကလည်း စီးပွားရေးမြင့်တက်လာပြီ။ ကျွန်တော်တို့အလုပ်သမားတွေကလည်း အနိမ့်ဆုံးစံနှုန်းတစ်ခုကို ကျော်လွန်လာပြီဆိုရင် သေချာတယ် ပြင်သင့်ပြီ။ ဒါကို ပြင်ဖို့ကြိုးစားခြင်းသည် ကျွန်တော့်အမြင်အရ ပြောရရင် သူတို့ကတော့ သပိတ်မှောက်မှုတွေများလို့ ဆန္ဒပြမှုတွေများလို့လို့ပြောပေမဲ့ ဒါပြင်လိုက်မှ ပိုပြီးများလာလိမ့်မယ်” ဟု အမျိုးသားအဆင့် အခကြေးငွေသတ်မှတ်ရေး ကော်မတီဝင် အလုပ်သမားကိုယ်စားလှယ်ဦးဝင်းဇော်က ပြောကြားသည်။
နှစ်နှစ်လျှင်အနည်းဆုံးတစ်ကြိမ်ပြင်ဆင်သတ်မှတ်ရမည့် အနည်းဆုံးအခကြေး ငွေဥပဒေ (၂၀၁၃ ခုနှစ်) ကို အမျိုးသားလွှတ်တော် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်း ပြည်ပ အလုပ်အကိုင်ဆိုင်ရာကော်မတီ၏ ပြောင်းလဲပြင်ဆင်မည့်အပေါ် အလုပ်သမားအဖွဲ့ချုပ်များနှင့် အလုပ်သမားရေးလှုပ်ရှားသူများပူးပေါင်း၍ အလုပ်သမားရေးရာနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသော ဖိုရပ်တစ်ခုရှိကြောင်း၊ ယင်းဖိုရမ်တွင်ဆွေးနွေး၍ ဆက်လက်လုပ်ဆောင်သွားမည့်ကိစ္စများအား ချပြသွားမည်ဖြစ်ကြောင်း သိရသည်။















