ကိုရိုနာဗိုင်းရပ်နှင့်ဆက်စပ်၍ မြောက်ဒဂုံမြို့နယ်ရှိ ဟိုတယ်တစ်ခု၌ တည်းခိုနေသည့် တရုတ်နိုင်ငံသားအချို့ ဖျားနာနေကြောင်း သတင်းထွက်မှုအပေါ် ဝင်ရောက်စစ်ဆေးရာ ကနဦးတွင် ဖျားနာသူမတွေ့ရှိပဲ ပိုမိုစိတ်ချရရန် ကျန်းမာရေး ဌာနက တစ်ဦးချင်းကျန်းမာရေး စစ်ဆေးနေကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးအာကာအောင်က ဖေဖော်ဝါရီ ၃ ရက် မွန်းလွဲပိုင်းက ပြောကြားသည်။
ပြည်သူများ၏ သတင်းပေးပို့ချက်အရ သက်ဆိုင်ရာဌာနအဖွဲ့အစည်းများသည် ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းက သတင်းထွက်ပေါ်ခဲ့သည့် အဆိုပါဟိုတယ်သို့ သွားရောက်စစ််ဆေးခဲ့ကြောင်း ဦးအာကာအောင်က ပြောကြားသည်။

''ပွင့်ပွင်းလင်းလင်းပြောရရင် Line ပေါ်မှာ ပြောနေကြတဲ့ သံသယတစ်ခုပေါ့။သို့သော်လည်း ကျွန်တော်တို့က လျစ်လျူရှုလို့ မရဘူး။ကျွန်တော်တို့ကလည်း အထွေထွေအုပ်ချုပ်ရေး ပါမယ်။ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေးမြို့နယ်ဆရာဝန်ကြီး၊ လဝက၊ စည်ပင်သာယာရေးပေါ့။ ဘာကြောင့် အထွေထွေအုပ်ချုပ်ရေးက သွားရလည်းဆိုတော့ ဟိုတယ်တွေကျတော့ ကျွန်တော်တို့ စည်ပင်သာယာက တိုက်ရိုက်မရှိဘူး။ ဟိုတယ်/ခရီးကသွားတာလေ။ကျွန်တော်တို့ သွားတွေ့တယ်။တည်းခိုနေခြင်းကတော့ ရှိတယ်။ ဖျားတာ၊နာတာတော့ မရှိပါဘူး။ဒါပေ့မယ်လည်း ကျွန်တော်တို့ မြို့နယ်အတွက် Safe ဖြစ်အောင် မြို့နယ်ဆရာဝန်ကြီးနဲ့ကျန်းမာရေးဦးစီးအဖွဲ့တွေပါတယ်။သူတို့ကို တစ်ယောက်ချင်း အခန်းထဲမှာ ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်နေပါတယ်''ဟု မြို့နယ်စည်ပင်ဥက္ကဋ္ဌ ဦးအာကာအောင်က ပြောကြားသည်။
လက်ရှိတွင် တစ်ဦးချင်း ကျန်းမာရေးစစ်ဆေးလျက်ရှိပြီး လိုအပ်ပါက သက်ဆိုင်ရာဌာနများက အဆင့်ဆင့်သတင်းပို့ဆောင်ရွက်မည်ဖြစ်ကြောင်း ကိုအာကာအောင်က ပြောကြားသည်။
''ကျွန်တော်တို့က သတင်းအရတော့ သွားရောက်စစ်ဆေးတာပါ။အခုလည်း ဆောင်ရွက်ဆဲဖြစ်ပါတယ်။ကျွန်တော်တို့က သတင်းကို ဘာဖြစ်တယ်ဆိုတာကို ပြောလို့မရဘူး။ကနဦးအနေနဲ့ မြို့နယ်အတွက် လုပ်တာပါ''ဟု ကိုအာကာအောင်က ပြောကြားသည်။

မြောက်ဒဂုံမြို့နယ်အတွင်းရှိ ဟိုတယ်များတွင် နိုင်ငံခြားများအဖြစ် ကိုရီးယားလူမျိုး၊တရုတ်လူမျိုးအများဆုံး လာရောက်တည်းခိုကြောင်း သိရသည်။
















