NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့အစည်းအဝေး ရန်ကုန်မြို့တွင် ပြုလုပ်လျက်ရှိပြီး လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းအား မည်သို့အဆင့်လိုက် ဆောင်ရွက်မည်ကို ဆွေးနွေးရန် အစိုးရကိုယ်စားလှယ် တိုက်တွန်း

NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အဖွဲ့အစည်းအဝေး ရန်ကုန်မြို့တွင် ပြုလုပ်လျက်ရှိပြီး လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းအား မည်သို့အဆင့်လိုက် ဆောင်ရွက်မည်ကို ဆွေးနွေးရန် အစိုးရကိုယ်စားလှယ် တိုက်တွန်း
Published 2 February 2020

အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ NCA အကောင်အထည်ဖော်မှုဆိုင်ရာ မူဘောင်ညှိနှိုင်းရေး အစည်းအဝေးကို ဖေဖော်ဝါရီ ၂ ရက်မှစတင်၍ ရန်ကုန်မြို့တွင် ပြုလုပ်နေပြီး လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းအား မည်သို့အဆင့်လိုက် ဆောင်ရွက်မည်ကို ဆွေးနွေးရန် အစိုးရကိုယ်စားလှယ်ဖြစ်သူ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက တိုက်တွန်းသည်။

ယခုအစည်းအဝေးကို ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်တွင် ပြုလုပ်နေပြီး အဆိုပါအစည်းအဝေး အဖွင့်နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် NRPC ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့ချုပ် ဦးထွန်းထွန်းဦးက ထိုသို့တိုက်တွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“ အပစ်ရပ်လုပ်ငန်းစဉ် ခိုင်မာရေးအပြင် NCA ပါ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းကို ဘယ်လိုဘယ်ပုံ အဆင့်လိုက်စဉ်းစား ဆောင်ရွက်ရမယ်ဆိုတာတွေလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြဖို့ လိုပါတယ်။ ဒီလို ဆွေးနွေးဆောင်ရွက်ဖို့ဆိုရင် တစ်ဖက်နဲ့တစ်ဖက် ယုံကြည်မှုရှိရှိနဲ့ အပေးအယူ၊ အလျှော့အတင်းတွေနဲ့ သဘောတူညီချက်တွေ ရယူကြနိုင်ကြဖို့ ဆွေးနွေးညှိနှိုင်းကြဖို့ လိုပါတယ်” ဟု ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်းသည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် ဆွေးနွေးသည့် ကဏ္ဍကြီး ငါးခုအနက် လုံခြုံရေးကဏ္ဍတွင် ပါဝင်နေပြီး လက်ရှိအချိန်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ သုံးကြိမ်ကျင်းပပြီး ဖြစ်သော်လည်း လုံခြုံရေးကဏ္ဍမှ မည်သည့်သဘောတူညီချက်မျှ မရသေးပေ။

ပြီးခဲ့သည့် လအတွင်းက ရန်ကုန်မြို့တွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ လုံခြုံရေးကဏ္ဍလုပ်ငန်း ကော်မတီအစည်းအဝေး ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြကာ လာမည့် ၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် လုံခြုံရေးကဏ္ဍမှ သဘောတူညီချက်အချို့ ရရှိရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများဘက်က မျှော်မှန်းထားသည်။

“ တစ်ဖက်မှာ နိုင်ငံရေးအခြေခံမူတွေအတွက် ဆွေးနွေးညှိနှိုင်းရမှာဖြစ်သလို တစ်ဖက်မှာလည်း ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာရေးကနေ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေးအထိ ဆွေးနွေးညှိနှိုင်းကြဖို့ လိုအပ်မှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

ထို့ပြင် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေးမှ ရရှိလာသော သဘောတူညီချက်များကို အခြေခံ၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါအဝင် ဥပဒေများကို လိုအပ်သလို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းနှင့် ပယ်ဖျက်ခြင်းများကို လုပ်ထုံးလုပ်နည်းနှင့် အညီဆောင်ရွက်ရန် NCA စာချုပ် လက်မှတ်ရေးထိုးစဉ်ကပင် ကတိကဝတ်ပြုထားပြီးဖြစ်ကြောင်းလည်း ၎င်းက ပြောကြားသည်။

“ ဒါကြောင့်မို့လို့ နိုင်ငံရေးပိုင်း၊ တပ်ပိုင်း ဟန်ချက်ညီ အကောင်အထည်ဖော်နိုင်ရေး အဆင့်လိုက် လုပ်ငန်းစဉ်တွေကို ကျေကျေလည်လည် ညှိနှိုင်းဆောင်ရွက်သွားကြဖို့ လိုပါကြောင်း ပြောကြားလိုပါတယ်” ဟု ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

 အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၏ တူညီသောပန်းတိုင်ဖြစ်သည့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးကို ရရှိစေနိုင်မည့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် NCA ကတိကဝတ်တွင် ပါဝင်သော လုပ်ငန်းစဉ်များအား အကောင်အထည်ဖော်ရန် မည်သို့သော လုပ်ငန်းစဉ်များ ချမှတ်မည်ကို နှစ်ဦးနှစ်ဖက် အကျေအလည် ညှိနှိုင်းဆွေးနွေးသွားရမည်ဟု ၎င်းက ပြောကြားသည်။

ယခုပြုလုပ်သည့် တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများမှတဆင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တစ်ရပ်ကို ၂၀၂၀ ရွေးကောက်ပွဲ အလွန်ကာလအထိ မျှော်မှန်းချမှတ်နိုင်ရေးကိုလည်း နှစ်ဖက်အဖွဲ့အစည်းများက ကြိုးပမ်း အားထုတ်ကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက ပြောကြားသည်။

 

Most Read

Most Recent