Distinct Trading Co.,Ltd မှ Managing Director ဦးထွဋ်ထိပ်နှင့် တွေ့ဆုံမေးမြန်းခြင်း

Distinct Trading Co.,Ltd မှ Managing Director ဦးထွဋ်ထိပ်နှင့် တွေ့ဆုံမေးမြန်းခြင်း
Published 1 February 2020
စည်သူအောင်



အစိုးရအနေနဲ့လည်း တစ်ဖက်က လုပ်ငန်းရှင်တွေ ထိခိုက်နစ်နာနိုင်မှု၊ တစ်ဖက်က ဝန်ထမ်းတွေရဲ့မျှော်လင့်ချက်။ ဒီနှစ်ခုအပေါ်မှာ ထိန်းညှိရပါတော့မယ်။ ဘယ်လိုအဖြေထွက်လာမယ်ဆိုတာ ဆက်လက်စောင့်ကြည့်ရပါဦးမယ် . . .

ပြည်သူ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်းများကို မော်တော်ယာဉ် တင်သွင်းခွင့်ပြုသွားမည်ဖြစ်ပြီး ပထမအဆင့်အနေဖြင့် ညွှန်ချုပ်နှင့်အထက်၊ ဒုတိယအဆင့်အနေဖြင့် ဒုညွှန်ချုပ်နှင့် လုပ်သက် ၂၅ နှစ်ပြည့်ပြီး နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ် ရရှိသူများအား ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ အခွန်ကင်းလွတ်ခွင့်ရရှိမည့် အထူးပါမစ်ကြောင့် ယခင်ကတည်းက အရောင်းအဝယ်နည်းပါးနေသော ကားစျေးကွက်သည် ဇန်နဝါရီလအတွင်း လုံးဝအေးစက်သွားပြီး အရောင်းအဝယ် ရပ်ဆိုင်းလုနီးပါးဖြစ်သွားကာ အရှိန်ရနေသည့် Brand New ကားသစ်စျေးကွက်ကိုလည်း ထိခိုက်မှုများဖြစ်ပေါ်စေခဲ့သည်။ အထူးပါမစ်သည် ကားတင်သွင်းခွင့်ရရှိမည့် ဝန်ထမ်းများအတွက် အခွင့်အရေးကောင်းတစ်ရပ်ဖြစ်စေသော်လည်း ကားစျေးကွက် ကမောက်ကမဖြစ်နိုင်ခြင်း၊ ဆုံးရှုံးနစ်နာသူများပြားနိုင်ခြင်း၊ ရင်းနှီးမြှုပ်နှံသူများ ယုံကြည်မှုပျောက်ဆုံးခြင်း စသည့်အခြေအနေများ ဖြစ်ပေါ်နိုင်ကြောင်း ထင်မြင်ယူဆချက်များထွက်ပေါ်ခဲ့ကာ ဇန်နဝါရီ ၃၁ ရက်တွင် နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အထူးပါမစ်ဆိုင်းငံ့ကြောင်း ပြောကြားခဲ့ရာ အဆိုပါအထူးပါမစ်အစီအစဉ်နှင့် လတ်တလော ကားစျေးကွက်အခြေအနေကို သိရှိစေရန် Distinct Trading Co.,Ltd မှ Managing Director ဦးထွဋ်ထိပ်နှင့် တွေ့ဆုံမေးမြန်းခဲ့သည်ကို ဖော်ပြလိုက်ပါသည်။

မေး။   ။ လတ်တလော ခေတ်စားနေတဲ့ အထူးပါမစ်အကြာင်း အကြမ်းဖျင်းလေးရှင်းပြပေးပါ။

ဖြေ။   ။ ဒုတိယညွှန်ကြားရေးမှူးချုပ်နဲ့အထက် အရာရှိတွေရယ်၊ နောက်ပြီး ပြည်သူ့ဝန်ထမ်းတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေအတွက် လုပ်သက် ၂၅ နှစ်နဲ့အထက် နိုင်ငံ့ဝန်ထမ်းကောင်းတံဆိပ် ရရှိဖူးသူတွေကို အထူးပါမစ်အနေနဲ့ မော်တော်ယာဉ်တင်သွင်းဖို့ လျှောက်လွှာတွေ ထုတ်ဝေပေးခဲ့ပါတယ်။ ထူးခြားတာက  ပုံမှန်ကားတင်သွင်းရင် ပေးဆောင်ရမယ့်  အကောက်ခွန်၊ ကညန မှတ်ပုံတင်ကြေးတွေ ပေးဆောင်ဖို့ မလိုအပ်တဲ့အပြင် သက်ဆိုင်ရာ မိမိဌာနက ထောက်ခံစာနဲ့ဆို ဝင်ငွေခွန်ပါ သက်သာခွင့်၊ ခုနှိမ်ခွင့်ရရှိမှာပါ။ နောက်ပြီး ရန်ကုန်အိမ်ထောင်စု သန်းခေါင်စာရင်းရှိတဲ့ ဝန်ထမ်းဆို ရန်ကုန်လိုင်စင်ပါ တစ်ခါတည်း ရရှိမှာမို့ အခွင့်အရေးတွေ အများကြီးရှိနေပါတယ်။

မေး။   ။ တကယ်လို့သာ အထူးပါမစ်တွေ အမှန်တကယ်ခွင့်ပြုခဲ့ရင် စျေးကွက်မှာ ထိခိုက်မှုတွေ ရှိလာနိုင်လား။

ဖြေ။   ။ စျေးကွက်ထိခိုက်မှုရှိမှာ ကျိန်းသေပါတယ်။ ဘာလို့လဲဆိုတော့ ပုံမှန်အတိုင်းတင်သွင်းတဲ့အခါ ကျပ်သိန်း ၆၀၀- ၇၀၀ လောက် ကျသင့်မယ့် ကားတစ်စီးဟာ အထူးပါမစ်နဲ့သာဆို ကျပ်သိန်း ၃၅၀ လောက်သာ ကျသင့်တော့မှာမို့ စျေးကွက်အတွင်းက ကားတွေအားလုံးအပေါ် သက်ရောက်မှုရှိနိုင်ပါတယ်။ ဒါ့အပြင် ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်နေတဲ့ SKD, CKD ကားတွေအပေါ်မှာပါ တိုက်ရိုက်မဟုတ်တောင် သွယ်ဝိုက်သောအားဖြင့် ထိခိုက်လာနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သိန်း ၃၀၀- ၄၀၀ ဝန်းကျင်နဲ့  ပြည်ပကနေ ကားပေါင်းများစွာ ဝင်ရောက်လာတဲ့အခါ ပြည်တွင်းထုတ်ကားတွေအနေနဲ့ စျေးကွက်ယှဉ်ပြိုင်ဖို့ရာ အခက်အခဲအများကြီး ရှိလာနိုင်တယ်။ ကားစျေးတွေ ကျဆင်းလာတာနဲ့အတူ အရစ်ကျဝယ်ယူထားသူတွေအဖို့ ငွေဆက်မသွင်းကြမှာတွေ၊ ကားဝယ်ယူဖို့ စရန်ပေးချေထားသူတွေအဖို့ ငွေအကျေမချေတော့ဘဲ စရံအဆုံးခံတာမျိုးတွေ စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေလည်း ရှိလာနိုင်ပါတယ်။

မေး။   ။ အခု အထူးပါမစ်ဆိုင်းငံ့သွားရတဲ့ အကြောင်းလည်း ရှင်းပြပေးစေချင်ပါတယ်။

ဖြေ။   ။ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ  အထူးပါမစ်ကိစ္စ ဆိုင်းငံ့ထားတယ်ဆိုတဲ့အကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်‌ဌေးက တရားဝင် ကြေညာသွားပါတယ်။ အကြောင်းရင်းကတော့ စျေးကွက်အတွက် သက်ရောက်မှု ဘယ်လောက်ရှိမလဲ၊ နိုင်ငံတော်အနေနဲ့ရော အခွန်နစ်နာမှု ဘယ်လောက်ရှိမလဲ၊ လုပ်ငန်းရှင်တွေ ထိခိုက်နစ်နာမှုနဲ့ စျေးကွက်ကမောက်ကမ မဖြစ်အောင်ရော ဘယ်လိုလုပ်ရမလဲ စတာတွေ ပြန်သုံးသပ်မှာမို့ ဒီအထူးပါမစ်အစီအစဉ်ကို ဆိုင်းငံ့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

မေး။   ။ အထူးပါမစ်ဆိုင်းငံ့မှုအပေါ် ဘယ်လို သုံးသပ်ချင်ပါသလဲ။

ဖြေ။   ။ ဒါကိုဖြေဖို့ အပိုင်းတွေ ခွဲပြောမှရပါမယ်။ အမြင်ချင်းကတော့ ထပ်တူမကျနိုင်ပါဘူး။ ပထမဆုံးကတော့ ပါမစ်ရရှိမယ့် ဝန်ထမ်းတွေအတွက်ကတော့ ဆိုင်းငံ့လိုက်တာဟာ စိတ်မချမ်းမြေ့ဖွယ်ရာ ဖြစ်စေပါတယ်။ တော်တော်များများ လျှောက်လွှာတောင် ဖြည့်ပြီးသွားကြပါပြီ။ အားလုံး ကိုယ်စီကိုယ်င စိတ်ကူးမျှော်လင့်ချက်တွေနဲ့မို့ အခုလို ရုတ်တရပ် ဆိုင်းငံ့လိုက်တာဟာ သူတို့ အိပ်မက်တွေကို ရိုက်ချိုးလိုက်သလိုတော့ ဖြစ်သွားစေမှာပါ။ ဒုတိယက အပိုင်းကတော့ လုပ်ငန်းရှင်တွေ အမြင်ပါ။ အထူးသဖြင့် ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်နေကြတဲ့ လုပ်ငန်းရှင်တွေအဖို့ အရင်းအနှီး ဒေါ်လာသန်းပေါင်းများစွာ လာရောက်ရင်းနှီးမြှုပ်နှံထားရတာပါ။ ဒီတော့ သူတို့အဖို့ စျေးကွက်ထိခိုက်မှာမျိုးကို မလိုလားဘူး၊ နောက်ထပ် ထပ်မံဝင်ရောက်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI တွေ မူဝါဒ မတည်ငြိမ်မှုကြောင့် ယုံကြည်မှု ပျောက်ကွယ်ကုန်မှာ မလိုလားဘူး။ အခုလို ဆိုင်းငံ့ပေးလိုက်တာကတော့ လက်ရှိအနေအထားမှာ သူတို့အဖို့ ကျေနပ်စရာအကောင်းဆုံး ဖြစ်စေမှာပါ။ တတိယအပိုင်းကတော့ သာမန်ပြည်သူတွေပေါ့။ သူတို့ကကျတော့ ပါမစ်လည်း မရသလို ကျန်တာတွေလည်း အများကြီး စိတ်ဝင်စားမှုမရှိပါဘူး။ ကားစျေးတွေ ကျစေချင်တယ်။ ကားကောင်းကောင်းတွေကို စျေးတန်တန်နဲ့ စီးချင်ကြတယ်။ ဒီလိုလူတွေ အတွက်ကျတော့ အခုလို ဆိုင်းငံ့လိုက်တာဟာ ကားစျေး ကျစေဖို့အတွက်တော့ အဟန့်အတားတစ်ခုလို မြင်နေကြပါတယ်။ အားလုံးကတော့ ကိုယ်စီအတွေး၊ ကိုယ်စီအမြင်နဲ့မို့ ဘယ်ဟာ အမှန်ဆုံးလည်း ဆုံးဖြတ်ဖို့က ခက်ခဲပါလိမ့်မယ်။

မေး။   ။ အခုလိုဆိုင်းငံ့မှုကြောင့် ကားစျေးကွက်မှာ နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်မလဲ။

ဖြေ။   ။ ၂၀၁၉ တုန်းက ကားမူဝါဒတွေ လည်း တည်ငြိမ်ခဲ့သလို စျေးကွက်ကလည်း တည်တည်ငြိမ်ငြိမ် ရပ်တည်နိုင်ခဲ့ပါတယ်။ အရင်တင်သွင်းထားတဲ့ ညာမောင်းတွေရှိမယ်၊ အသစ်ထပ်မံတင်သွင်းတဲ့ ဘယ်မောင်း မော်ဒယ်မြင့်တွေရှိမယ်၊ ပြည်တွင်းထုတ်ကားတွေရှိမယ်၊ စသဖြင့်ပေါ့၊ သူ့အပိုင်းနဲ့သူ ရှင်သန်နေခဲ့ကြတာပါ။ အခု ၂၀၂၀ နှစ်စပိုင်းမှာ အထူးပါမစ် အသံလည်းထွက်ရော အားလုံးအပေါ်မှာတော့ ထိခိုက်မှုရှိခဲ့ပါတယ်။  စျေးကွက်က ရပ်တန့်သွားသလောက်ကို အေးစက်သွားခဲ့တာပါ။ အခုတစ်ဖန် အထူးပါမစ်ကိစ္စ ဆိုင်းငံ့လိုက်တော့ စျေးကွက်အနေနဲ့ ၂၀၁၉ ကလို ပြန်လည်လှုပ်ရှား သက်ဝင်လာမယ်လို့တော့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့ ချက်ချင်းကြီးတော့ စျေးကွက်ပြန်လှုပ်လာမယ် မထင်မိပါဘူး။ အချိန်အတိုင်းအတာ တစ်ခုအထိတော့ ပြန်စောင့်ရပါမယ်။ စျေးကွက်ပုံမှန် လည်ပတ်နိုင်ဖို့အတွက် အရှိန်ပြန်ယူရပါမယ်။

မေး။   ။ နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက် ပြောချင်ပါသေးလဲ။

ဖြေ။   ။ ဆိုင်းငံ့ဆိုတာ မတင်မကျဖြစ်စေတဲ့ စကားလုံးပါ။ ဆိုင်းငံ့ဟာ ပယ်ဖျက်လိုက်တာမဟုတ်တော့ အချိန်မရွေး အထူးပါမစ် အစီအစဉ်ဟာ ပြန်ပြီးအသက်ဝင် လာနိုင်တာကိုလည်း သတိချပ်ကြစေချင်ပါတယ်။ အစိုးရအနေနဲ့လည်း တစ်ဖက်က လုပ်ငန်းရှင်တွေ ထိခိုက်နစ်နာနိုင်မှု၊ တစ်ဖက်က ဝန်ထမ်းတွေရဲ့ မျှော်လင့်ချက်။ ဒီနှစ်ခုအပေါ်မှာ ထိန်းညှိရပါတော့မယ်။ ဘယ်လိုအဖြေထွက် လာမယ်ဆိုတာ ဆက်လက်စောင့်ကြည့်ရပါဦးမယ်။

 

 

Most Read

Most Recent