ပရီးမီးယားလိဂ်၏ ဇန်နဝါရီအသုံးစရိတ် ဒုတိယအများဆုံးရာသီဖြစ်ခဲ့သော်လည်း နောက်ဆုံးနေ့အသုံးစရိတ်မှာ ၂၀၁၀ နောက်ပိုင်း အနည်းဆုံးအဖြစ် မှတ်တမ်းဝင်

ပရီးမီးယားလိဂ်၏ ဇန်နဝါရီအသုံးစရိတ် ဒုတိယအများဆုံးရာသီဖြစ်ခဲ့သော်လည်း နောက်ဆုံးနေ့အသုံးစရိတ်မှာ ၂၀၁၀ နောက်ပိုင်း အနည်းဆုံးအဖြစ် မှတ်တမ်းဝင်
Photos: Getty Images
Photos: Getty Images
Published 1 February 2020

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီအပြောင်း အရွှေ့ကာလတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ အသုံးစရိတ်စုစုပေါင်းမှာ ပေါင်သန်း (၂၃၀) ဖြင့် ဒုတိယသုံးစွဲမှုအများဆုံးရာသီဖြစ်ခဲ့သော်လည်း အပြောင်းအရွှေ့နောက်ဆုံးနေ့ ဖြစ်သည့် ဇန်နဝါရီ (၃၁) ရက်တွင်မူ ပေါင် (၂၅) သန်းသာ အသုံးပြုခဲ့သောကြောင့် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း (၁၀) နှစ်အတွင်း သုံးစွဲမှု အနည်းဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီအသုံးစရိတ် စုစုပေါင်းမှာ ၂၀၁၈ ခုနှစ်တွင် စံချိန်တင်ခဲ့သည့် ပေါင်သန်း (၄၃၀) နောက်ပိုင်း ဒုတိယသုံးစွဲမှုအများဆုံး ဖြစ်ခဲ့သည်။ သို့သော် အပြောင်းအရွှေ့ နောက်ဆုံးရက်တွင် အပြီးသတ်ခေါ်ယူမှုထက် အငှားခေါ်ယူမှုများသာ အများဆုံးပြုလုပ်ခဲ့ကြပြီး မန်ယူအသင်းက တရုတ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်း၏ နိုင်ဂျီးရီးယားတိုက် စစ်မှူး အီဂါလိုကို အငှားဖြင့်ခေါ်ယူခြင်းမှာ မီဒီယာစာမျက်နှာများတွင် အလှုပ်ခတ်ဆုံး သတင်းဖြစ်ခဲ့ကြောင်း သိရသည်။ 

မန်ယူ အသင်းသည် အသက် (၃၀) ရှိပြီဖြစ်သည့် အီဂါလိုကို ရာသီဝက်အငှားစာချုပ်ဖြင့်သာ ကာလတိုခေါ်ယူခဲ့ခြင်းဖြစ်ပြီး အပြီးသတ်ခေါ်ယူရ မည့်အချက်မပါဝင်ကြောင်း သိရသည်။ 

၎င်းအား အငှားခေါ်ယူခြင်းအတွက် ပေါင်သုံးသန်း ပေးချေရမည်ဖြစ်ပြီး လစာမှာလည်း မူရင်း လစာ တစ်ပတ်ပေါင်သုံးသိန်း၏ သုံးပုံတစ်ပုံအဖြစ် တစ်ပတ်ပေါင်တစ်သိန်းပေးချေရ မည်ဖြစ်ကြောင်း Daily Mail သတင်းဌာနက ဖော်ပြသည်။ 

အပြောင်းအရွှေ့နောက်ဆုံးနေ့၏ တန်ဖိုးအမြင့်ဆုံးခေါ်ယူမှုမှာ လိဂ်ချန်ပီယံရှစ်ကလပ် ဟားလ်စီးတီးအသင်းတိုက်စစ်မှူး ဂျာရော့ဒ်ဘိုဝမ်ကို ဝက်စ်ဟမ်းအသင်းက ကနဦးပြောင်းရွှေ့ကြေး ပေါင် (၁၈) သန်းဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။ 

ထို့ပြင် ယခုဇန်နဝါရီ တွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ တန်ဖိုးအမြင့် ဆုံးအပြောင်းအရွှေ့အဖြစ် စပို့တင်းလစ္စဘွန်း အသင်းမှ မန်ယူအသင်းသို့ ကနဦးပြောင်း ရွှေ့ကြေး ပေါင် (၄၇) သန်းဖြင့် ရောက်ရှိလာ သည့် ဘရူနိုဖာနန်ဒက်စ်က ရပ်တည်ခဲ့သည်။ 

ပရီးမီးယားလိဂ်ကြီး (၆)ကြီးစာရင်းဝင် အသင်းများအနက် လက်ရှိချန်ပီယံ မန်စီးတီး နှင့် ချယ်လ်ဆီးအသင်းတို့မှာမူ ကစားသမား သစ်ခေါ်ယူခဲ့ခြင်းမရှိကြောင်း သိရသည်။

ယခုရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၏ နွေရာသီနှင့် ဇန်နဝါရီအသုံးစရိတ် စုစုပေါင်းမှာ ပေါင် (၁.၆၄) ဘီလျံရှိခဲ့ပြီး ၂၀၁၇- ၂၀၁၈ ရာသီတွင် ပေါင် (၁.၉) ဘီလျံဖြင့် စံချိန်တင်ခဲ့ပြီးနောက်ပိုင်း ဒုတိယသုံးစွဲမှု အများဆုံးရာသီအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ 

 

Most Read

Most Recent