အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့် တွေ့ဆုံခြင်း

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းနှင့် တွေ့ဆုံခြင်း
Published 1 February 2020
စည်သူ၊ အောင်မင်းသိန်း

 

“တပ်မတော်ကိုတော့ သတင်းပေးတယ်ဆိုတာ မဟုတ်ရပါဘူး။ တပ်မတော်နဲ့ ကျွန်တော် စကားပြောတာဆိုတာတော့ နည်းနည်းရှိတယ်။ တိုက်ပွဲရှောင်ပြည်သူတွေရှိတဲ့အတွက် ဆန်ကိစ္စကို သယ်ယူရေးကိစ္စကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တိုင်ပင်ပြီးတော့ ပြောတာဆိုတာ ဆွေးနွေးတာ…..”

 

AA အဖွဲ့၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာပြီး ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တက်ရောက်လာသည့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းအား ဇန်နဝါရီ ၃၁ ရက်က နေပြည်တော်ရှိ လွှတ်တော်၌ The Daily Eleven သတင်းစာအပါအဝင် သတင်းမီဒီယာများက တွေ့ဆုံမေးမြန်းစဉ် ပြန်လည်ဖြေကြားခဲ့မှုများကို ဖော်ပြအပ်ပါသည်။

မေး။ ။ အဖမ်းခံခဲ့ရတဲ့ဖြစ်စဉ်အခြေအနေလေးကို ပြောပြပေးပါဦး။

ဖြေ။ ။ ကျွန်တော် စပြောရမယ်ဆိုရင်တော့ ၁၄ ကြိမ်မြောက် ပုံမှန်အစည်းအဝေးကို တက်ရောက်ဖို့အတွက် ပလက်ဝမြို့နေ ကျွန်တော် မဲဆန္ဒနနယ်မြေကနေပြီးတော့ အိမ်ကနေပြီးတော့ နိုဝင်ဘာ ၃ ရက်နေ့ ပလက်ဝဆိပ်ကမ်းက ၈ နာရီ ၄၅ မိနစ် စပိဘုတ်နဲ့ စထွက်တော့ ကျောက်တော်မြို့နယ် ကျောက်တန်းကျေးရွာအနီးမှာ AA အဖွဲ့တွေက ကျွန်တော့်ကို ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။

မေး။ ။ ထိန်းသိမ်းခံခဲ့ရတဲ့အခါမှာ ဘယ်လိုမျိုးဆက်ဆံလဲ၊ ဘယ်လိုမျိုးထားလဲ။

ဖြေ။ ။ ကျွန်တော်ကလည်း ပြည်သူက ရွေးချယ်တဲ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့အတွက် အထဲမှာရောက်တဲ့အခါမှာလည်း နှိပ်စက်မှုတွေ ဘာမှတော့မရှိပါဘူး။ သို့သော်လည်းပဲ ကျွန်တော်ကို ခေါ်တဲ့အခါမှာတော့ လက်ထိပ်တွေခတ်ပါတယ်။ ပြီးတော့ သူတို့စခန်းမှာရောက်တဲ့အခါမှာတော့ ခြေကျင်းတွေ ခတ်ပါတယ်။ ပြီးတော့ ထိပ်တုံးနဲ့ ကျွန်တော့်ကိုခတ်ပါတယ်။ ဆိုတော့ အဲဒီအထဲမှာလည်း မေးတဲ့ မြန်းတဲ့အခါမှာလည်း စစ်ကြောမေးတဲ့အခါမှာလည်း ကြမ်းကြမ်းတမ်းတမ်း မေးတာတော့မရှိပါဘူး။ အဓိက ကျွန်တော်ကို စွပ်စွဲတာကတော့ မြန်မာ့တပ်မတော်ကနေပြီးတော့ သူတို့နဲ့ ဆက်သွယ်သတင်းပေး သတင်းယူလုပ်တဲ့ နယ်စပ်ဒေသက သတင်းပေး သတင်းယူသူတွေနဲ့ အဆက်အသွယ်ရှိတယ်လို့ နံပါတ်တစ် စွပ်စွဲတယ်။ နှစ်အချက်က အဲဒီသတင်းပေးအဖွဲ့တွေက ရတဲ့သတင်းတွေကို မြန်မာ့တပ်မတော်ကို သတင်းပေးတယ်ဆိုပြီးတော့ ဒုတိယစွပ်စွဲတယ်။ တတိယအချက်ကတော့ ကျွန်တော်သည် ယခင်က လွှတ်တော်ကိုယ်စားလှယ်မတိုင်ခင်က ပလက်ဝမြို့ ခူမီးလူငယ်များအသင်းမှာ Founder တစ်ဦးအနေနဲ့ ကျွန်တော်ထူထောင်ပေးတဲ့အတွက် ခူမီးလူငယ်များကို ခူမီးချင်းလူငယ်များကို စည်းရုံးပြီးတော့ ပြည်သူ့စစ်သင်တန်းတွေကို တက်ခိုင်းတယ်လို့ ကျွန်တော်ကို စွပ်စွဲတယ်။ ဒီစွပ်စွဲချက်တွေက ဘာတစ်ခုမှ ကျွန်တော်နဲ့ မပတ်သက်ပါဘူး။ ရှင်းရှင်းလင်းပဲ။ ကျွန်တော်သည် ပြည်သူက ရွေးချယ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့အတွက် ဒေသအကျိုးကိုသာ ကျွန်တော်ဆောင်ရွက်နေခြင်း ဖြစ်ပါတယ်။

မေး။ ။ လွတ်မြောက်ဖို့အတွက် AA နဲ့ အပေးယူ လုပ်ခဲ့ရတာမျိုးရှိလား။

ဖြေ။ ။ သဘောတူထားချက်တွေကတော့ မရှိပါဘူး။ ကျွန်တော်ပြောတဲ့ ဆိုတဲ့အခါမှာ ဗီဒီယိုဖိုင်တွေ ရိုက်တာမျိုးတော့ ရှိပါတယ်။ ဘယ်လိုမျိုးအပေးအယူ၊ ဘယ်လိုမျိုးလုပ်ရမယ်ဆိုတဲ့ဟာတော့ ကျွန်တော်တို့ အဲထဲမှာ ဆွေးနွေးတာ ဘာမှမရှိပါဘူး။

မေး။ ။ ပြန်လွှတ်ပေးမယ့်အချိန်မှာ တောင်းဆိုမှုတွေ ပြုလုပ်တာမျိုးရှိသေးလား။

ဖြေ။ ။ တောင်းဆိုမှုတွေတော့ မရှိပါဘူး။ ဒါပေမယ့် ပလက်ဝမြို့နယ်အတွင်းမှာတော့ သူတို့ လောလောဆယ်အနေနဲ့ စစ်နယ်မြေရဲ့ အနေအထားအရ ရှိနေမယ်လို့တော့ သူတို့ ကျွန်တော်ကိုတော့ ပြောခဲ့တာရှိတယ်။

မေး။ ။ သူတို့က ဘာကိုတော့လုပ်ပါ၊ ဘာကိုတော့ မလုပ်ပါနဲ့လို့ သတိပေးခဲ့တာမျိုးတွေရော ရှိလား။

ဖြေ။ ။ အဲလိုမျိုးသတိပေးတာတော့ မရှိပါဘူး။ ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားတွေနဲ့ ပလက်ဝမှာရှိတဲ့ ခူမီးချင်းတိုင်းရင်းသားတွေသည် အတူတကွ လက်တွဲနေထိုင်ခဲ့တာလည်း နှစ်ပေါင်း ၁၀၀ ကျော်ရှိပါပြီ။ အတူတကွ အခုလည်း ပလက်ဝမြို့ပေါ်မှာပဲ ရခိုင်ရယ်၊ ခူမီးရယ်၊ ချင်းရယ် အကုန်လုံး လူမျိုးပေါင်းစုံနေထိုင်တဲ့အတွက် အတူတကွ ယှဉ်တွဲနေထိုင်ပေမယ့် သူတို့ဟိုဟာလွဲနေတာဖြစ်ပါတယ်။ ဒါပဲရှိပါတယ်။ ကျန်တာမရှိပါဘူး။

မေး။ ။ သူတို့ ဖမ်းသွားတဲ့ဖြစ်စဉ်တစ်လျှောက် ဘယ်ကိုခေါ်သွားတယ်။ တခြားလူတွေလည်းပါတော့ ဒီအခြေအနေလေးတွေ ရှင်းပြပါဦး။

ဖြေ ။ ကျွန်တော်ကို စဖြစ်တာကတော့ နိုဝင်ဘာ ၃ ရက်နေ့က စဖြစ်တာပေါ့။ ကျောက်တော်မြို့နယ် ကုလားတန်မြစ်ရဲ့ အရှေ့ဘက်ကမ်း ကျောက်တန်းကျေးရွာမှာ စဖမ်းပါတယ်။ စပြီးတော့ ကျွန်တော်ကို ထိန်းသိမ်းတာပေါ့။ အဲဒီကနေ တစ်နာရီလောက် သူတို့လူကြီးနဲ့ ပြောတာဆိုတာ ရှိကောင်းရှိနိုင်ပါတယ်။ တစ်နာရီလောက်နေပြီးတော့ ကုလားတန်မြစ်ရဲ့ အနောက်ဘက်ကမ်းကို ကျွန်တော်ကို သူတို့ရဲ့ လုံခြုံရေးအရ အဲဘက်ကို စက်လှေနဲ့ ကျောက်တန်းရွာကနေ ကျောက်တော်ဘက်ကို မိနစ်သုံးဆယ်လောက် စက်လှေနဲ့မောင်းပြီး ကျွန်တော့်ကို ပို့ပါတယ်။ ရွာကိုတော့ ကျွန်တော်မသိပါဘူး။ ကိုယ့်ရဲ့ မဲဆန္ဒနယ်မြေလည်း မဟုတ်တဲ့အတွက် ရွာတော့ အတိအကျမသိတော့ဘူး။ အဲဒီရွာကဖြတ်ပြီး သူတို့တောင်ကုန်းကို နှစ်နာရီခွဲလောက် တက်ရပါတယ်။ အဲဒီမှာချက်ချင်းပဲ ကျွန်တော့်ကို ခြေခြင်းတွေခတ်ပြီးတော့ ထားပါတယ်။ ထမင်းတွေ ဘာတွေကတော့ ကျွန်တော်ကို သူတို့စားတဲ့အတိုင်းပဲ ကောင်းကောင်းမွန်မွန် ကျွေးပါတယ်။ ကျွန်တော့်ကို တာဝန်ယူပေးတဲ့ တပ်စိတ်တစ်စိတ်ပေါ့၊ ၁၅ ယောက်လောက်ရှိတယ်။ တပ်ကြပ်ကြီး ဦးဆောင်ပြီးတော့ ကျွန်တော့်ကို နည်းနည်း ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို သူတို့ပဲ ကူညီတဲ့ စောင့်ရှောက်ပေးတဲ့ အနေအထားတော့ရှိပါတယ်။

မေး။ ။ အတူပါသွားတဲ့ အိန္ဒိယနိုင်ငံသားတွေ သေဆုံးတဲ့ဖြစ်စဉ်ကရော။

ဖြေ။ ။ ဟုတ်ကဲ့ အဲတာသိပါတယ်။ ကျွန်တော်တို့က ပထမ နိုဝင်ဘာ ၂ ရက်မှာ အဲဒီမှာ တာဝန်ရှိတဲ့ ကုမ္ပဏီက တာဝန်ရှိတဲ့ လူကိုဖုန်းဆက်တော့၊ ခင်ဗျားတို့မနက်ဖြန် Speed Boat ထွက်ဖို့ရှိလားဆိုတော့ ရှိတယ်တဲ့။ အိန္ဒိယနိုင်ငံသားတွေ ကျောက်တော် - စစ်တွေ- ရန်ကုန် အိန္ဒိယကို သွားဖို့ရှိတယ်တဲ့။ ကိုယ်ကလည်း လိုက်ချင်တယ်ရမလားဆိုတော့ ရတယ်လို့ပြောတယ်။ အဲဒီမှာ ၃ ရက်နေ့၊ အိန္ဒိယနိုင်ငံသားက ခုနစ်ဦးဖြစ်ပါတယ်။ ကျွန်တော်ရယ် ယာဉ်မောင်းတစ်ဦးရယ် ဆယ်ယောက်လောက်တော့ ရှိတယ်။ စထွက်တော့ အဲဒီမှာ ကျောက်တန်းကျေးရွာမှာ ဖြစ်တော့ Speed Boat က နှစ်စီး၊ ကျွန်တော်ကို စပြီးတားတယ်။ တားပြီးတော့ သုံးမိနစ်လောက်မှာ သူတို့လည်း အိန္ဒိယနိုင်ငံသားပါတဲ့ လူငါးယောက်ကလည်း ထိန်းသိမ်းခံရတယ်။ ကျွန်တော့်ကို ရောက်ရောက်ခြင်းပဲ လက်ကို ကြိုးချည်ထားတာပေါ့။ အဲဘက်ကမ်းမှာ ရောက်တဲ့အခါမှာ အတူတူပဲ ကျွန်တော်ရယ် ယာဉ်မောင်းနှစ်ဦးရယ်က နည်းနည်းသွက်သွက်လက်လက် ဖြစ်တဲ့အတွက် အရင်သွားနှင့်ပါတယ်။ လုံခြုံတဲ့စခန်းကို သူတို့ကျွန်တော့်ကို ခေါ်သွားတယ်။ အိန္ဒိယနိုင်ငံသားတွေ ခုနစ်ဦးကတော့ နောက်မှာကျန်ခဲ့ပြီးတော့ သူတို့သွားတယ်လို့ ကျွန်တော်ကြားရပါတယ်။ ကျွန်တော်က လုံခြုံတဲ့စခန်းကို ၃ နာရီခွဲ ၄ နာရီလောက်ရောက်တယ်။ ဒါပေမဲ့ အိန္ဒိယနိုင်ငံသားတွေက နည်းနည်းဝိတ်ကလည်း နည်းနည်းကြီးတဲ့အခါ အဲဒီဆုံးသွားတဲ့ဟာကလည်း အမောဆို့တာဟုတ်ပါတယ်။ ဒါတော့ကျွန်တော် သိခဲ့တဲ့ဟာ။ သူကလည်း နည်းနည်း အရင်ကလည်း သွေးတိုးရှိတယ်လို့ ကျွန်တော်ထင်ပါတယ်။ ၀ိတ်ကလည်း ၂၂၀ ပေါင်လောက်ရှိတဲ့ အနေအထားရှိတော့ ရှိတယ်။ အမောဆို့ပြီး သေတယ်ဆိုတာတော့ ကျွန်တော်လည်း ယုံကြည်ပါတယ်။

မေး။ ။ လွှတ်တော်ကိုယ်စားလှယ်မှန်းသိရက်နဲ့ ဦးဝှေ့တင်းမှန်းသိရက်နဲ့ ကြိုစောင့်ပြီး ဖမ်းတဲ့သဘောလား။

ဖြေ။ ။ ကျွန်တော့်ကို ပလက်ဝမှာ AA နဲ့ ဆက်နွယ်တဲ့ ဒေသခံအချို့တွေ ရှိကောင်းရှိနိုင်တယ်။ သူတို့က ကျွန်တော့်ကို ဒီလမ်းကြောင်းက လာမယ်ဆိုတာ မနက်စောစောကြီး သတင်းပို့တယ်။ပိ့ုပြီးတော့ အဲဒီမှာပဲဆီးပြီးတော့ တားပြီး ထိန်းသိမ်းခံလိုက်ရတာ။ လွှတ်တော်ကိုယ်စားလှယ်မှန်းသိပါတယ်။

မေး။ ။ ဖမ်းဆီးခံရတာနဲ့ပတ်သက်လို့ ဘာများပြောချင််လဲ။

ဖြေ။ ။ ကိုယ်စားလှယ် တစ်ယောက်ကို ဖမ်းဆီးတာကတော့ နိုင်ငံတကာအမြင်မှာတော့ တစ်ခါမှ မရှိခဲ့ဖူးဘူးလို့တော့ ကျွန်တော့်ရဲ့အတွေ့အကြုံရတော့ ကျွန်တော်သိရပါတယ်။ ကိုယ်စားလှယ်တစ်ဦးကို ဖမ်းတာတော့ မဖြစ်သင့်ဘူးလို့ ကျွန်တော်ယူဆပါတယ်။ ဒါက ဒေသခံပြည်သူတွေရဲ့ တချို့သော AA နဲ့ ဆက်နွယ်တဲ့ ဒေသခံအချို့တွေက ကျွန်တော့်ရဲ့အပေါ်မှာ အထင်အမြင်အယူမှားမှုတွေ ဖြစ်တဲ့အတွက် ကျွန်တော်ရဲ့လုပ်ဆောင်ချက်အပေါ်မှာ အထင်အမြင်လွဲမှားမှုတွေ ရှိကောင်းရှိနိုင်တဲ့အတွက် ဒီလိုမျိုး ဖမ်းခြင်းခံရခြင်းပဲလို့ ထင်ပါတယ်။ တခြားနိုင်ငံရေးနဲ့ ပတ်သက်တဲ့ အကြောင်းအရာတော့ ဖမ်းဆီးတာ မဖြစ်နိုင်ဘူးလို့ ကျွန်တော်တော့ ယုံကြည်တယ်။

မေး။ ။ ဘာကြောင့် ပြန်လွှတ်ပေးတယ်လို့ ယူဆလဲ။ လွှတ်တော်ရဲ့ အဆိုတွေကြောင့်လား။ ဒါမှမဟုတ် တရုတ်နိုင်ငံ သမ္မတလာတဲ့အချိန်မှာ ဖိအားတွေရှိလို့လား။ ဘာကြောင့်လို့ ထင်ပါသလဲ။

ဖြေ။ ။ ဒါကတော့ အထူးသဖြင့် နိုင်ငံတော်သမ္မတကြီးအပါအဝင် နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ကြိုးစားမှု၊ လွှတ်တော်ဘက်ကလည်း ပြည်ထောင်စုလွှတ်တော်နာယကကြီး၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ အားလုံးဝိုင်းဝန်း ဆုတောင်းပေးမှု၊ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဂိုဏ်းကဏ္ဍပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်ကြီးများ ဆုတောင်းပေးမှု၊ ဒေသခံများ၊ မဲဆန္ဒရှင်ပြည်သူများရဲ့ ဆုတောင်းပေးမှုကြောင့် အားလုံးဝိုင်းဝန်းပြီးတော့မှ လွှတ်ပေးတယ်လို့ ကျွန်တော်ယူဆပါတယ်။

မေး။ ။ တပ်မတော်ကို သတင်းပေးတယ်၊ လူမျိုးရေး အမုန်းတရားဖြစ်အောင် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ဘယ်လိုရှင်းခဲ့လဲ။

ဖြေ။ ။ တပ်မတော်ကိုတော့ သတင်းပေးတယ်ဆိုတာ မဟုတ်ရပါဘူး။ တပ်မတော်နဲ့ကျွန်တော် စကားပြောတာဆိုတာတော့ နည်းနည်းရှိတယ်။ တိုက်ပွဲရှောင် ပြည်သူတွေရှိတဲ့အတွက် ဆန်ကိစ္စကို သယ်ယူရေးကိစ္စကို မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တိုင်ပင်ပြီးတော့ ပြောတာဆိုတာ ဆွေးနွေးတာတော့ရှိတာပေါ့။ ပြီးတော့ ဘာသာရေးကိစ္စနဲ့ ပတ်သက်ပြီး ပလက်ဝမြို့နယ်အတွင်းမှာရှိတဲ့ ဘာသာရေးကိစ္စကို ဒီလိုမျိုးပြိုကွဲအောင်လုပ်မယ့်အထဲမှာ ကျွန်တော်ဘာမှ မလုပ်ခဲ့ဘူး။ ကျွန်တော့်ကိုယ်ကျွန်တော် အသိဆုံးပဲ။ အဲဒီအတိုင်းပဲ ဖြေရှင်းခဲ့တယ်။

မေး။ ။ ထိန်းသိမ်းခံရတဲ့ အချိန်အတွင်းမှာ အပြင်က သတင်းတွေရော ကြားသိရလား။

ဖြေ။ ။ ကျွန်တော်ဘာတစ်ခုမှ မကြားဘူး။ ကျွန်တော်စာဖတ်ခွင့်လည်းမရှိဘူး။ ပြီးတော့ ရေဒီယိုနားထောင်ခွင့်လည်း မရှိဘူး။ ဒီဇင်ဘာ ၅ ရက်လောက်မှာထင်တယ် AA ခေါင်းဆောင် ဦးထွန်းမြတ်နိုင်ရဲ့ ဇနီးထိုင်းမှာ အဖမ်းခံရတယ်ဆိုတဲ့ဟာ သတင်းနည်းနည်း ရေဒီယိုကနေ နည်းနည်းကြားရတယ်။ ဒါပေမဲ့ သူတို့ရဲ့ခေါင်းဆောင်က အဲဒီရေဒီယိုကို ချက်ချင်းယူသွားပါတယ်။ ဆိုတော့ အပြင်က လွှတ်တော်ပိုင်းဆိုင်ရာ ကိစ္စရော၊ ကျန်တဲ့ကိစ္စ တောင်းဆိုတာတော့ ဘာတစ်ခုမှ မကြားရပါဘူးဗျ။

မေး။ ။ ထိန်းသိမ်းခံရတဲ့ အချိန်အတွင်းမှာ ပြန်လွှတ်လာမယ့်လို့ မျှော်လင့်ထားလား။

ဖြေ။ ။ ကျွန်တော်က နိုင်ငံရေးခံယူချက်ရှိတဲ့အတွက် ကျွန်တော့်ကို စထိန်းသိမ်းကတည်းက ဘာမှ တုန်လှုပ်ခြောက်ခြားမှုမရှိခဲ့ဘူး။ ကျွန်တော့်ကို လုံးဝမသတ်ဘူးဆိုတာ ကျွန်တော်ယုံကြည်ပြီးသား။ ဘာဖြစ်လို့လဲဆိုရင် ကိုယ့်ရဲ့လုပ်ရပ်အပေါ် ကျွန်တော်အမြဲတမ်းယုံကြည်တယ်။ ဒါအမှန်တရားအတွက် လုပ်တာပဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် ခံယူချက်ရှိတဲ့အတွက် စတင်ဖမ်းဆီးထိန်းသိမ်းတဲ့အခါမှာလည်း တုန်လှုပ်ခြောက်ခြားမှု ဘာတစ်ခုမှ မရှိခဲ့ပါဘူး။ ကိုယ်သည် အမှန်တရားလုပ်သည့်အတွက် ကျွန်တော့်ကို ဘယ်သူမှ သတ်နိုင်မှာမဟုတ်ဘူးဆိုတာ ယုံကြည်ချက် အပြည့်ရှိပါတယ်။

မေး။ ။ AA က ပြန်လွှတ်တဲ့နေရာမှာ ဘာမလုပ်နဲ့၊ ဘာလုပ်ဆိုတာမျိုး ညွှန်ကြားချက်တွေရှိလား။

ဖြေ။ ။ တပ်မတော်ကိုတော့ သတင်းမပေးနဲ့။ ကျွန်တော်တို့ရွာကိုတော့ ပလက်ဝမြို့နယ်အတွင်း ကျောက်တော်မြို့နယ်အတွင်းမှာတော့ လှုပ်ရှားနေဦးမှာဖြစ်ပါတယ်။ အဲဒါကြောင့်မလို့ တပ်မတော်နဲ့တော့ လုံးဝ သတင်းအပေးအယူတွေ မလုပ်ပါနဲ့လို့တော့ ကျွန်တော့်ကို ပြောတာရှိပါတယ်။

မေး။ ။ သဘောတူညီချက် သဘောမျိုးလား။

ဖြေ။ ။ သဘောတူညီချက်တော့ မဟုတ်ပါဘူး။ သူတို့ ကျွန်တော့်ကိုမှာကြားတဲ့ အနေအထားလေးပါပဲ။

မေး။ ။ ခြိမ်းခြောက်မှုတွေရော ရှိလား။

ဖြေ။ ။ ခြိမ်းခြောက်မှုတော့ မရှိပါဘူး။ သူတို့လည်း သူတို့ရဲ့နိုင်ငံရေး၊ ရခိုင်နိုင်ငံတော် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေကြတယ်ဆိုတော့ ဒါသူတို့ရဲ့ရည်မှန်းချက်လမ်းစဉ်ပါပဲ။ ကျွန်တော်အနေနဲ့ သူတို့ရဲ့ ရည်မှန်းချက်အပေါ်မှာ ဘာမှသုံးသပ်စရာလည်း မရှိပါဘူး။ သူတို့အကြောင်းကို သူတို့ပဲ အသိဆုံးဖြစ်မှာပါ။

မေး။ ။ တပ်မတော်နဲ့ AA အဖွဲ့ရဲ့ တိုက်ပွဲတွေအကြားမှာ ဒေသခံပြည်သူတွေ ထိခိုက်မှုတွေ ရှိနေတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ။ ။ အခုလည်း ဆက်လက်ပြီးတော့ တိုက်ပွဲတွေ ကျွန်တော်တို့ ပလက်ဝမြို့နယ်မှာတော့ ဖြစ်နေဆဲပါပဲ။ ဆိုတော့ ဒီတိုက်ပွဲဖြစ်တယ်ဆိုတာတော့ နှစ်ဦးနှစ်ဖက်ကတော့ အကျအဆုံးတော့ အနည်းအကျင်းတော့ ရှိကောင်းရှိနိုင်ပါတယ်။ အဲဒီကြားမှာတော့ ကျွန်တော်တို့ ဒေသခံပြည်သူတွေကတော့ မြေစာပင်တွေပဲ ဖြစ်ရပါတယ်။ အခုတိုက်ပွဲရှောင် ပြည်သူတွေလည်း ပလက်ဝမြို့နယ်အတွင်းမှာ ၂၀၀၀ ကျော် ပတ်ဝန်းကျင်ရှိပါတယ်။ အထူးသဖြင့်တော့ နှစ်ဦးနှစ်ဖက် ပလက်ဝမြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်တာကိုတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ အေးဆေးသင့်ပြီလို့ ပြောချင်ပါတယ်။

မေး။ ။ ပြန်လည်လွှတ်မြောက်လာပြီးနောက် ပါတီ၏တာဝန်ရှိသူများနှင့် တွေ့ဆုံပြီးပြီလား။

ဖြေ။ ။ မနက်က ငါးနာရီခွဲလောက်မှာ ပါတီ CEC ခေါင်းဆောင်တွေနဲ့ တွေ့ပြီးသားဖြစ်ပါတယ်။ မနက်ကလည်း ပြည်ထောင်စုလွှတ်တော် နာယကကြီးနဲ့လည်း ကျွန်တော်တွေ့ပြီးပါပြီ။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌနဲ့လည်း တွေ့ပြီးပါပြီ။ အခုလည်းနိုင်ငံတော်သမ္မတကြီးကို နှုတ်ဆက်ရင်းသွားဖို့ရှိပါတယ်။

မေး။ ။ သူတို့က ဘာပြောလိုက်တာရှိလဲ။

ဖြေ။ ။ လောလောဆယ် လွှတ်တော်ရဲ့ကိစ္စ၊ နိုင်ငံရေးကိစ္စကို ဆက်လက်ပြီးလုပ်ပါ ဒါပေမဲ့ စကားအပြောအဆိုမှာတော့ နည်းနည်းဆင်ခြင်သုံးသပ်ပြီး ပြောဖို့တော့ ကျွန်တော့်ကိုမှာတာရှိပါတယ်။



 

Most Read

Most Recent