မန်ယူအသင်းကွင်းလယ်လူသစ် ဘရူနိုဖာနန်ဒက်စ်သည် ဖေဖော်ဝါရီ (၁)ရက် (ယနေ့)တွင် ကစားမည့် ဝုလ်ဗ်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ပါဝင်ကစားဖွယ်ရှိနေကြောင်း သိရသည်။
မန်ယူအသင်းကွင်းလယ်လူသစ် ဘရူနိုဖာနန်ဒက်စ်သည် ဖေဖော်ဝါရီ (၁)ရက် (ယနေ့)တွင် ကစားမည့် ဝုလ်ဗ်နှင့် ပရီးမီးယားလိဂ်ပွဲစဉ်၌ ပါဝင်ကစားဖွယ်ရှိနေကြောင်း သိရသည်။
အသက် (၂၅)နှစ်အရွယ်ရှိ ပေါ်တူဂီကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်သည် ဇန်နဝါရီ (၃၀)ရက်က စပို့တင်းလစ္စဘွန်းအသင်းမှ မန်ယူအသင်းသို့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး သောကြာနေ့က အသင်းနှင့်အတူ လေ့ကျင့်ခန်းဆင်းခဲ့ကြောင်း သိရသည်။
မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက ဘရူနိုဖာနန်ဒက်စ်အနေဖြင့် ဝုလ်ဗ်နှင့်ပွဲတွင် ပါဝင်ကစားရန် ကြံ့ခိုင်မှုအပြည့်ရှိကြောင်းနှင့် အသင်းလူစာရင်းတွင် ၎င်းကို ထည့်သွင်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆိုးလ်ရှားက "ဘရူနိုဖာနန်ဒက်စ်အနေနဲ့ ဝုလ်ဗ်နဲ့ပွဲမှာ ပါဝင်ကစားဖို့ ကြံ့ခိုင်မှုပြည့်ဝပါတယ်။ သူ့အနေနဲ့ ဝုလ်ဗ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ပါတယ်။ သေချာတာကတော့ ဝုလ်ဗ်နဲ့ ကစားမယ့် အသင်းလူစာရင်းမှာ သူ ပါလာမှာပါ။ ဘရူနိုဖာနန်ဒက်စ်က စပို့တင်းလစ္စဘွန်းအသင်းမှာ အသင်းခေါင်းဆောင်တစ်ဦးအဖြစ် ကစားခဲ့သူဖြစ်ပြီး ဒီ(မန်ယူအသင်း)မှာလည်း အသင်းဖော်တွေကို အကောင်းဆုံးကူညီပါလိမ့်မယ်။ ဘရူနိုဖာနန်ဒက်စ်က အရှုံးကို မုန်းတဲ့သူဖြစ်ပြီး သူ့ကို ခေါ်ယူနိုင်ခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်"ဟု ပြောကြားခဲ့သည်။
ဘရူနိုဖာနန်ဒက်စ်သည် ယခုရာသီတွင် စပို့တင်းလစ္စဘွန်းအသင်းအတွက် ပြိုင်ပွဲစုံ (၂၈)ပွဲတွင် (၁၅)ဂိုးသွင်းယူခဲ့ပြီး ဂိုးဖန်တီးမှု (၁၄)ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့သည်။
ဘရူနိုဖာနန်ဒက်စ်က မိမိအနေဖြင့် မန်ယူအသင်းအတွက် အစွမ်းကုန်ပေးဆပ်သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။
မန်ယူအသင်းသည် ယနေ့ (မြန်မာစံတော်ချိန် ည ၁၂ နာရီ)တွင် ဝုလ်ဗ်အသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်၌ လက်ခံကစားရမည်ဖြစ်သည်။















