ထိန်ပင်အမှိုက်ပုံတွင် စွန့်ပစ်အမှိုက် ပြုပြင်သန့်စင်သည့် စီမံကိန်းအတွက် ပိုလန်နိုင်ငံမှ ODA ချေးငွေ ယူရိုသန်း ၅၀ ရယူရေးကိစ္စ ပြည်ထောင်စုလွှတ်တော် အတည်ပြု

ထိန်ပင်အမှိုက်ပုံတွင် စွန့်ပစ်အမှိုက် ပြုပြင်သန့်စင်သည့် စီမံကိန်းအတွက် ပိုလန်နိုင်ငံမှ ODA ချေးငွေ ယူရိုသန်း ၅၀ ရယူရေးကိစ္စ ပြည်ထောင်စုလွှတ်တော် အတည်ပြု
Published 1 February 2020
စည်သူ၊ အောင်မင်းသိန်း

ထိန်ပင်နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင် စွန့်ပစ်အမှိုက်ပြုပြင်သန့်စင်သည့် စီမံကိန်းအတွက် ပိုလန်နိုင်ငံမှ ဦဗ ချေးငွေ ယူရို သန်း ၅၀ ရယူရေးကိစ္စအား ပြည်ထောင်စု လွှတ်တော်တွင် မဲခွဲဆုံးဖြတ်၍ အတည်ပြုခဲ့ကြောင်း သိရသည်။

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စွန့်ပစ်အမှိုက်များ ပြုပြင်သန့်စင်သည့် စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ပိုလန်နိုင်ငံအစိုးရထံမှ ODA ချေးငွေ ယူရိုသန်း ၅၀ ရယူရေးကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်အစည်းအ ဝေးတွင် ပြန်လည်ရှင်းလင်းကာ လွှတ်တော် အဆုံးအဖြတ် ရယူအတည်ပြုခဲ့ခြင်းဖြစ်သည်။

“စီမံကိန်းမှထွက်ရှိမယ့် ထုတ်ကုန်များအနက်မှ CNG ဓာတ်ငွေ့တစ်ရက်လျှင် တန် ၃၀ အား Dispenser Unit ဖြင့် CNG သုံး ယာဉ်များအားလုံးသို့ တိုက်ရိုက်ရောင်းချခြင်းနှင့် အုတ်စက်ရုံ၊ အစားအသောက်လုပ်ငန်းများ ထုတ်လုပ်သည့် စက်ရုံများသို့ တိုက်ရိုက်ရောင်းချရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ညှိနှိုင်းထားပြီးဖြစ်ပါတယ်။ Liquefied CO2 တန် ၄၀ အား အချိုရည်စက်ရုံ များနှင့် သား၊ ငါး၊ ဟင်းသီးဟင်းရွက်အအေး ခန်းများသို့ တိုက်ရိုက်ရောင်းချရန် သက်ဆိုင်ရာဌာနများနဲ့ ဆွေးနွေးထားပြီးဖြစ်ပါတယ်။ အလားတူ  Refuse Derived Fuel (RDF) တန် ၁၈၀ အား ဘိလပ်မြေစက်ရုံများနဲ့ ဘွိုင် လာသုံးစက်ရုံများသို့ တိုက်ရိုက်ရောင်းချ ရန် သက်ဆိုင်ရာစက်ရုံများနှင့် ဆွေးနွေးထား ပြီးဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

အဆိုပါစီမံကိန်းအတွက် ချေးယူရခြင်း ကိစ္စအား ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေးတွင် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင် ဝင်းက လွှတ်တော်သို့ တင်ပြခဲ့ခြင်းဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း ၂၉ ဦး က ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီသည် ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးနယ်နိမိတ် ၃၃ မြို့ နယ်အတွင်း နေ့ စဉ်အမှိုက်သိမ်းဆည်းခြင်းလုပ်ငန်းများကို  ဆောင်ရွက်ပြီး  အိမ်ထောင်စုထွက် အမှိုက် သည် ၂၃၀၀ မှ ၂၅၀၀ တန်ခန့်နှင့် စက်မှုဇုန် ထွက်အမှိုက် ၁၅၀ တန်ခန့်၊ ဆေးရုံ ဆေးခန်း ထွက်အမှိုက်သည် ၂ ဒသမ ၄ တန်ခန့် နေ့စဉ် ထွက်ရှိနေကြောင်း၊ ရန်ကုန်မြို့သည် စီးပွား ရေးမြို့တော်ဖြစ်သည်နှင့်အညီ မြို့ပြဖွံ့ဖြိုး  မှုများ တိုးတက်လာခြင်း၊ မြို့တော်၏ လူဦး ရေတိုးပွားလာခြင်း၊ စီးပွားရေးနှင့် စက်မှုလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း၊ ရွှေ့ပြောင်း နေထိုင်သူများပြားလာခြင်း၊ အမှိုက်ထွက်ရှိ မှုနှုန်းတိုးမြင့်လာခြင်း၊ စည်းကမ်းမဲ့အမှိုက်  စွန့်ပစ်မှုမြင့်တက်လာခြင်းများ ဖြစ်ပေါ်နေတဲ့ အတွက် အမှိုက်စွန့်ပစ်ရန် မြေနေရာရှားပါး လာပြီး နောက်ဆုံးစွန့်ပစ်အမှိုက်ပုံမြေနေရာ များ ထပ်မံရရှိရန် ခက်ခဲလာသည့်အတွက် လက်ရှိနည်းစနစ်အတိုင်း ဆက်လက်စွန့်ပစ် ပါက  လာမည့်လေးနှစ်တာကာလခန့်တွင် အမှိုက်စွန့်ပစ်ရန် မြေနေရာမရှိနိုင်တော့သည် ကို လေ့လာတွေ့ရှိရကြောင်း ဒုတိယဝန်ကြီး တင်ပြချက်အရ သိရသည်။

ဆက်လက်ပြီး ဟင်းလင်းဖွင့်အမှိုက်စု ပုံခြင်းကြောင့် မီသိန်းဓာတ်ငွေ့ထွက်ရှိခြင်း၊ အမှိုက်အတွင်းရှိ အောင်းပူများ မြင့်တက်ခြင်း၊ ပြင်ပအပူချိန်မြင့်တက်ခြင်းများကြောင့် မီး လောင်မှုကဲ့သို့သော သဘာဝဘေးအန္တရာယ် များကို ဖြစ်ပေါ်စေနိုင်ကြောင်း၊ စွန့်ပစ်အ မှိုက်မှ ရေဆိုးများထုတ်လုပ်မှုကြောင့် မြေ ပေါ်နှင့် မြေအောက် ရေအရည်အသွေးပျက် စီးစေပြီး အကျိုးဆက်အနေဖြင့် ရေထုထဲသို့ ညစ်ညမ်းမှုစိမ့်ဝင်ခြင်း၊ ရောဂါပိုးမွှားပျံ့နှံ့ ခြင်း၊ မြေပေါ် မြေအောက်ရေအဆိပ်အ တောက်ဖြစ်ပေါ်နိုင်ခြင်းများကိုလည်း အချိန် မရွေးဖြစ်ပေါ်စေနိုင်ကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တော်၌ တင်ပြ ခဲ့သည်။

ထိန်ပင် နောက်ဆုံးစွန့်ပစ်အမှိုက်ပုံတွင် အမှိုက်များကို စုပုံခဲ့သည်မှာ ၁၇ နှစ်ကြာမြင့် ခဲ့ပြီဖြစ်ပြီး ဟင်းလင်းဖွင့်အမှိုက်စုပုံခြင်း ဆိုး ကျိုးကြောင့် ၂၀၁၈ ခုနှစ် ဧပြီ ၂၁ ရက်က မီး လောင်မှုကြီးမားစွာဖြစ်ပေါ်ခဲ့ပြီး မီးသတ်ဦး စီးဌာနနှင့် ဆက်စပ်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ နိုင်ငံတကာပညာရှင်များ ပါ ပူးပေါင်းပါဝင်ပြီး ၁၄ ရက်ကြာ မီးငြှိမ်းသတ် ခဲ့ရကြောင်း၊ ယင်းဖြစ်စဉ်ကြောင့် ဘေးပတ် ဝန်းကျင်သို့ မီးခိုးများပျံ့နှံ့ပြီး လေထုညစ်ညမ်း မှုအန္တရာယ်လည်း ရှိခဲ့ကြောင်း ဒုတိယဝန်ကြီး က ပြောကြားသည်။

စီမံကိန်းအတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာဆန်းစစ်မှုကို ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီနှင့် ပိုလန်နိုင်ငံမှ  နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်ပညာရှင် များ ပူးပေါင်း၍ ၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်မှ ၃၁ ရက်အထိ တစ်လကြာ ပြုလုပ်ခဲ့ပြီး Feasibility Study Result အရ စွန့်ပစ်နေသည့် အမှိုက်အမျိုးအစားများအပေါ် မူတည်၍ အမှိုက်များကို ချေဖျက်ရန် နည်းစဉ်အဖြစ် Mechanical Biological Treatment နည်းစဉ်နှင့် ဆောင်ရွက်ရန် လေ့လာတွေ့ရှိရကြောင်း သိရသည်။

အထက်ပါချေးငွေရယူရေးကိစ္စနှင့် ပတ်သက်ပြီး စက်ခလုတ်နှိပ်အသုံးပြုသောနည်းဖြင့် လွှတ်တော်အဆုံးအဖြတ်ရယူရာတွင် ဆန္ဒမဲပေးခွင့်ရှိသူ ၆၀၅ ဦးတွင် ထောက်ခံ  ၅၃၄ မဲ၊ ကန့်ကွက် ၁၂ မဲရှိခဲ့သောကြောင့် ပြည်ထောင်စုလွှတ်တော်အနေဖြင့် သဘောတူအတည်ပြုခဲ့ခြင်းဖြစ်သည်။

 

 

Most Read

Most Recent