ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအတွင်း သေဆုံးသူ ၂၁၃ ဦးအထိ မြင့်တက်လာခဲ့ပြီး ကူးစက်ခံရသူ ၁၀,၀၀၀ နီးပါး ရှိလာခဲ့ကြောင်း တရုတ်အာဏာပိုင်များက ဇန်နဝါရီ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့ချိန်တွင် ထိုကူးစက်ဗိုင်းရပ်စ်ပျံ့နှံ့မှုနှင့်ပတ်သက်၍ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ်ကျန်းမာရေးအခြေအနေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာခဲ့သည်။ ထိုကြေညာမှုအား ပထမဆုံး တုံ့ပြန်မှုအဖြစ် အမေရိကန်က ၎င်း၏ နိုင်ငံသားများအား တရုတ်နိုင်ငံသို့ မသွားရန် ပြောကြားခဲ့သည်။ ထိုဗိုင်းရပ်စ်ပျံ့နှံ့မှုနှင့်ပတ်သက်၍ အစပိုင်းတွင် မှိန်ချထားမှုကြောင့် ဝေဖန်ခံခဲ့ရသော WHO က ဂျီနီဗာတွင် ယင်းကူးစက်ပျံ့နှံ့မှုနှင့် ပတ်သက်၍ ဆွေးနွေးမှုပြုလုပ်အပြီး အန္တရာယ်ရှိနိုင်မှုအား ချင့်တွက်မှုကို ပြန်လည် ပြင် ဆင်ခဲ့ခြင်းဖြစ်သည်။
ထိုဗိုင်းရပ်စ်သည် ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားနည်းသော နိုင်ငံများသို့ ပျံ့နှံ့သွားမည့်အလားအလာကို မိမိတို့က အလွန်အမင်း စိုးရိမ်ကြောင်း WHO အကြီးအကဲ တက်ဒရိုအက်ဟာနွမ်ဂီဘရီးဆက်က ပြောကြားခဲ့သည်။ ထပ်မံပျံ့နှံ့မှုများအား ကန့်သတ်နိုင်ရန် မိမိတို့ အတူ ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ အတူတကွ လုပ်ဆောင်မှသာ ဟန့်တားနိုင်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ WHO သည် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေကို ၂၀၀၇ ခု နှစ်နောက်ပိုင်း စတင်ထုတ်ပြန်ခဲ့ပြီးနောက် ငါးကြိမ် ကြေညာခဲ့ပြီးဖြစ်သည်။ ဝက်တုပ်ကွေး၊ ပိုလီယို၊ ဇီကာတို့အတွက် တစ်ကြိမ်စီနှင့် အီဘိုလာအတွက် နှစ်ကြိမ် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ ယင်းကြေညာမှုအရ နိုင်ငံတကာက လိုက်နာကျင့်သုံးရန်အတွက် ကမ္ဘာလုံးဆိုင်ရာ အကြံပြုမှုများအား WHO က ထုတ်ပြန်နိုင်သည်။
တရုတ် ပါဝင်သော ခရီးသွားမှု နှင့် ကုန်သွယ်မှုဆိုင်ရာ ကန့်သတ်မှုများသည် မလိုအပ်ကြောင်း တက်ဒရိုက ပြောကြားခဲ့သော်လည်း ကမ္ဘာတစ်ဝန်းမှ အာဏာပိုင်များနှင့် စီးပွားရေးလုပ်ငန်းများက ထိုကိစ္စကို ကိုယ့်နည်းကိုယ်ဟန်ဖြင့် ဖြေရှင်းနေကြသည်။ ဂျာမနီ၊ ဗြိတိန်နှင့် နိုင်ငံအချို့တို့က တရုတ်သို့ ခရီးသွားလာမှုဆိုင်ရာ သတိပေးချက်များ ထုတ်ပြန်ခဲ့ပြီး အဓိကကျသော လေကြောင်းလိုင်း များကလည်း တရုတ်သို့ ပျံသန်းမှု ဆိုင်းငံ့ခြင်း သို့မဟုတ် လျှော့ချခြင်းများ ပြုလုပ်ခဲ့ကြသည်။ မွန်ဂိုလီးယားက ၎င်း၏ကြီးမားသော တောင်ဘက်အိမ်နီးချင်းနှင့် နယ်စပ်ဖြတ်ကျော် သွားလာမှုများကို ရပ်ဆိုင်းခဲ့သည်။ ရုရှား ကလည်း တရုတ်နှင့် ထိစပ်နေသည့် ဝေးလံခေါင်ဖျားသော အရှေ့ဘက်စွန်းနယ်စပ်အား ကြိုတင်ကာကွယ်မှုအဖြစ် ပိတ်ထားခဲ့သည်။ နိုင်ငံအချို့ကလည်း ထိုဗိုင်းရပ်စ် စတင်ကူးစက် ပျံ့နှံ့ခဲ့သော တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှခရီးသွားများ ဝင်ရောက်မှုကို ပိတ်ပင်ခဲ့သည်။ ဆင်းရဲနိမ့်ကျသော ပါပူအာနယူးဂီနီပင်လျှင် အာရှဆိပ်ကမ်းများမှ ခရီးသွားအားလုံးကို ပိတ်ပင်ထားသည်။
လက်ရှိ၌ မြန်မာနိုင်ငံတွင် ဝူဟန်ဗိုင်းရပ်စ် ကူးစက်ခံထားရသည်ဟု သံသယရှိသူ တရုတ်နိုင်ငံသားတစ်ဦးကို ဝေဘာဂီဆေးရုံတွင် သီးသန့်စောင့်ကြည့်ထားပြီး ကျန်ခရီးသည်များကို ပြန်လွှတ်လိုက်ပြီဟု ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၃၁ ရက် ထုတ်ပြန်ခဲ့သည်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုးလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဇန်နဝါရီ ၃၁ ရက်နံနက် ၁ဝး၄၅ နာရီခန့်တွင် ဆိုက်ရောက်လာသည့် hf China Southern လေကြောင်းခရီးစဉ်အမှတ် CZ 3055 ၊ A-319 လေယာဉ်အမျိုးအစား၊ လေယာဉ်အမှတ် B-6208 ဖြင့် လိုက်ပါလာသည့် တရုတ်နိုင်ငံသား အမျိုးသားခရီးသည်တစ်ဦးတွင် ကိုယ်ပူချိန်အနည်းငယ် မြင့်မားခြင်း၊ ချောင်းဆိုးခြင်း၊ နှာစေးခြင်းနှင့် လည်ချောင်းနာခြင်း လက္ခဏာများ စစ်ဆေးတွေ့ရှိရသဖြင့် ယင်းခရီးသည်ကို ဝေဘာဂီအထူးကု ဆေးရုံရှိ သီးခြားခန်းသို့ ပို့ဆောင်ထားရှိပြီး လုပ်ငန်းလမ်းညွှန်၊ စံလုပ်ထုံးလုပ်နည်းများနှင့်အညီ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားရှိကြောင်း၊ ခရီးသည်ထံမှ ဓာတ်ခွဲနမူနာရယူ၍ 2019 Novel Coronavirus ကြောင့် ဖြစ်ပွားသော အဆုတ်ရောင်ရောဂါ ရှိ၊ မရှိ ကို အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်သည်။
မည်သို့ပင်ဆိုစေကာမူ သေစေနိုင်သည့် ဗိုင်းရပ်စ်ပိုးအသစ် ပျံ့နှံ့နေသည့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံဖြစ်သည့်အပြင် နိုင်ငံသားများ အပြန်အလှန် ခရီးသွားလာမှုလည်း များပြားသောကြောင့် ရောဂါပိုးပျံ့နှံ့မှု ကာကွယ်ရေးကို အလွန်ဂရုတစိုက် တိတိကျကျ ပြုလုပ်ရမည်သာ ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (ဖေဖော်ဝါရီ ၁ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)








