ဒလမြို့သစ်စီမံကိန်း Master Plan ကို မြေအသုံးချမှု၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုနှင့် ရပ်ကွက်သုံးခုအတွက် အဆင့်မြှင့်တင်ရေး အစီအစဉ်များပါဝင်သော Integrated Development ဖြစ်စေရန် ရေးဆွဲဆောင်ရွက်မည်

ဒလမြို့သစ်စီမံကိန်း Master Plan ကို မြေအသုံးချမှု၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုနှင့် ရပ်ကွက်သုံးခုအတွက် အဆင့်မြှင့်တင်ရေး အစီအစဉ်များပါဝင်သော Integrated Development ဖြစ်စေရန် ရေးဆွဲဆောင်ရွက်မည်
 ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလမြို့နယ်အတွင်း တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့တစ်ဖက်ကမ်း ဒလမြို့နယ်အတွင်း တစ်နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 30 January 2020

ဒလမြို့သစ်စီမံကိန်း၏ Comprehensive Master Plan ကို မြေအသုံးချမှု၊အ ခြေခံအဆောက်အဦဖွံ့ဖြိုးမှုနှင့် ရပ်ကွက်သုံးခုအတွက် အဆင့်မြှင့်တင်ရေး Upgrading အစီအစဉ်များ ပါဝင်သော Integrated Development ပုံစံဖြစ်စေရန် ရေးဆွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြောကြားသည်။

ဒလမြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ကိုရီးယားသမ္မတနိုင်ငံ Landand Housing Cooperation (LH) တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဒလမြို့သစ် Master Plan သည် အံ့ကြီး အနောက်ရပ်ကွက်၊ (၆) ရပ်ကွက်နှင့် (၁၁/ ၁၄) ရပ်ကွက်တို့၏ မြို့ကွက်အဆင့်မြှင့်တင်ရေးပုံစံများနှင့် ချိတ်ဆက်ရေးဆွဲ အကောင်အထည်ဖော်နိုင်ရေး၊ ပြန်လည်နေရာချထားရေး စသည့်လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လွှတ်တော်ကိုယ်စားလှယ်များအပါအဝင်  ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးဦးကျော်လင်းက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ၁၅ ကြိမ်မြောက် ပုံမှန်အစည်းအဝေးပထမနေ့တွင် ဒလမဲဆန္ဒနယ်မှ ဒေါက်တာဦးစိန်မြအေးက ဒလမြို့နယ် အံ့ကြီးအနောက်၊ (၆) ရပ်ကွက်၊ ၁၁/၁၄ ရပ်ကွက်များအား မြို့ကွက်အဆင့်မြှင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် Plan ရေးဆွဲနိုင်ရန်နှင့် ပြန်လည်နေရာချထားရေးအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ မည်သည့်အချိန်တွင် မူဝါဒဆိုင်ရာ အတည်ပြုချက်များရယူခြင်း ကိစ္စဆောင်ရွက်မည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းပြီး မေးမြန်းရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

တောင်ကိုရီးယားသမ္မတ မစ္စတာမွန်ဂျေအင်းနှင့်ဇနီးတို့ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃ ရက်မှ ၅ ရက်အထိ မြန်မာနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ခရီးစဉ်လာရောက်ခဲ့စဉ်အတွင်း ကိုရီးယား-မြန်မာစီးပွားရေး ဖိုရမ်ကို  စက်တင်ဘာ ၄ ရက်က ရန်ကုန်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါဖိုရမ်တွင် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာများတွင် ဒလမြို့သစ်စီမံကိန်း အကြိုဆန်းစစ်လေ့လာခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာနှင့် အိမ်ရာငွေကြေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာများ ပါဝင်သည်။

“ကိုရီးယားနဲ့ မြန်မာနိုင်ငံ ပူးပေါင်းဆောင်ရွက်တဲ့ ကိုရီးယား-မြန်မာစက်မှုဇုန် KMIC နဲ့ ဒလချစ်ကြည်ရေးတံတား တည်ဆောက်ရေးစီမံကိန်းများကို စတင်အကောင်အထည်ဖော်ခြင်းနှင့်တစ်ပြိုင်နက် ဒလမြို့သစ် စီမံကိန်းအတွက် အကြိုလေ့လာမှုကို ဆောင်ရွက်နိုင်တာဟာ အချိန်အခါ အလွန်ကောင်းမွန် သင့်တော်လှပါတယ်” ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်က ပြောကြားသည်။

ဒလမြို့သစ်စီမံကိန်းအတွက် အကြိုဆန်းစစ်လေ့လာခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကိုရီးယား Land and Housing Corporation တို့အကြား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

“ဆိုးလ်မြို့ရှိ တစ်ဖက်ကမ်းကတစ်ချိန်တုန်းက ခြောက်ကပ်နေခဲ့တယ်။ အခုဆို စည်စည်ကားကားဖြစ်နေပြီ။ ဒလကိုလည်း အဲဒီလို မြို့သစ်စီမံကိန်းကြီးနဲ့ စက်မှုဇုန်တွေပါတဲ့ဟာမျိုးလုပ်မယ်။ တောင်ကိုရီးယားနိုင်ငံက ပါလာတဲ့လုပ်ငန်းရှင်တွေက ရင်းနှီးမြှုပ်နှံပြီးတော့ ဒလတံတားကြီးနဲ့အတူ ဒလဘက်အခြမ်းကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်” ဟု သမ္မတမွန်ဂျေအင်းက ပြောကြားသည်။

ကိုရီးယား-မြန်မာချစ်ကြည်ရေး ဒလတံတားတည်ဆောက်ပြီးသည့်အခါ ဒလဘက်အခြမ်းတွင် ဖွံ့ဖြိုးတိုးတက်လာမည့် အခြေအနေဖြစ်ပြီး ယင်းအခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပြီး ဒလဘက်အခြမ်းသည် ရန်ကုန်မြို့၏ စည်ပင်သာယာ နယ်နိမိတ်နှင့်ကပ်လျက် အနေအထားတွင်ရှိနေသဖြင့် နေရာကောင်းတစ်ခုဖြစ်ကြောင်းနှင့် ဒလမြို့သစ်စီမံကိန်းကို စနစ်တကျ အစီအမံများရေးဆွဲပြီး ဆောင်ရွက်သွားချင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

“ကျွန်တော်တို့ တည်ဆောက်မယ့်မြို့သစ်စီမံကိန်းဟာ Smart City တစ်ခုဖြစ်လာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုရင် မြို့ဟောင်းဧရိယာ မြစ်ရဲ့အရှေ့ ဘက်အခြမ်းကို ထားခဲ့ပြီး ရန်ကုန်မြစ်ရဲ့ အနောက်ဘက်ခြမ်းမှာ Smart City တစ်ခုပေါ် ထွန်းဖို့အတွက် ကျွန်တော်တို့မျှော်လင့်ပါတယ်။ ရန်ကုန်မြစ်ရဲ့ အနောက်ဘက်ကမ်းဟာ အခွင့်အလမ်းများစွာရှိနေတဲ့ နေရာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုရီးယား-မြန်မာနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်” ဟု ၎င်းကဆိုသည်။ 

 

Most Read

Most Recent