လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်သည် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းတွင် ဖော်ပြထားသော အခြေခံလူ့အခွင့်အရေး တစ်ရပ်ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း၏ အပိုဒ် ၁၉ တွင် လူတိုင်း လူတိုင်း၌ လွတ်လပ်စွာ ထင်မြင်ချက်ပေးပိုင်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့် ရှိသည်။
မြန်မာ့လူ့အဖွဲ့အစည်းသည် ခေတ်အဆက်ဆက် အာဏာရှင်တို့ လက်အောက်သို့ ကျရောက်ခဲ့ရပြီး လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်များအား နည်းအမျိုးမျိုးဖြင့် ပိတ်ပင်ခံခဲ့ရသည်။ အာဏာရှင်စနစ်အောက်၌ အသားကျလာသောအခါ လူ့အဖွဲ့အစည်းမှ အဖွဲ့ဝင်များကိုယ်တိုင် အခြားသူများ၏ လွတ်လပ်စွာထုတ်ဖော် ပြသခွင့်အား ပိတ်ပင်လာတတ်ကြသည်။ ထို့ပြင် ပညာရေးစနစ်အတွင်း Critical Thinking ကို အားပေးခြင်း၊ ပြုစုပျိုးထောင်ပေးခြင်းတို့ ပြုလုပ်ရန် ပျက်ကွက်သည့်အခါ အဆိုပါ လူ့အဖွဲ့အစည်း၏ ပညာရေးရေချိန်သည် နိမ့်ကျ၍သွားသည်။
ဒီမိုကရေစီအတွက် အခြေခံအကျဆုံးနှင့် အရေးကြီးသော စည်းမျဉ်းများတွင် တရားဥပဒေ စိုးမိုးရေးသည် မရှိမဖြစ်သကဲ့သို့ပင် လူတစ်ဦးချင်းစီ၏ အခွင့်အရေးအား ကာကွယ်ပေးရန် လိုအပ်ခြင်းသည်လည်း ပါဝင်လျက်ရှိသည်။ တရားဥပဒေစိုးမိုးရေး၌ အဓိကအချက် နှစ်ရပ်ရှိသည်ဟု ဆိုနိုင်သည်။ ပထမအချက်မှာ အစိုးရနှင့် အစိုးရအရာရှိများအနေဖြင့် အခြားမည်သည့်နိုင်ငံသားများမဆို ကဲ့သို့ပင်တရားဥပဒေကို လိုက်နာရမည်ဟူသည့် အချက်ဖြစ်ပြီး ဒုတိယအချက်မှာ အစိုးရအနေဖြင့် တိကျသေချာစွာရေးဆွဲထားသည့် တရားဥပဒေများကို ချိုးဖောက်မှသာလျှင် ပြည်သူများကို အပြစ်ပေးနိုင်ခွင့်ရှိခြင်း ဖြစ်သည်။ အစိုးရအနေဖြင့် တရားဥပဒေများကို မိမိတို့စိတ်ကူးပေါက်ရာ ရေးဆွဲခွင့်မရှိသကဲ့သို့ ၎င်းတို့စိတ်ကူးတည့်ရာ ပြုထားသည့် ဥပဒေများကို ချိုးဖောက်သောကြောင့်လည်း ပြည်သူများကို အပြစ်ပေးခွင့်မရှိဟူ၍ သတ်မှတ်ချက်များရှိသည်။
ထို့အပြင် လူတစ်ဦးချင်းစီ၏ အခွင့်အရေး၌ စစ်မှန်သော ဒီမိုကရေစီစနစ်တစ်ရပ်တွင် ပြည်သူများအတွက် အခြေခံအခွင့်အရေးအချို့ကို အာမခံပေးထားရသည်။ ယင်းတွင်လွတ်လပ်စွာ ဖော်ထုတ်ပြောဆိုခွင့်နှင့် ဘာသာရေး လွတ်လပ်ခွင့်ကဲ့သို့သော အခြေခံလူ့အခွင့်အရေးများ ပါဝင်သည်။ ဒီမိုကရေစီလိုလားသော လူ့အဖွဲ့အစည်းတစ်ရပ်တွင် လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ကို လေးစားရမည့်အပြင် ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းဖြစ်လာရန် ဝေဖန်ပိုင်းခြားနိုင်စွမ်း (Critical Thinking) ကိုလည်း အားပေးကာ ပြုစုပျိုးထောင်ပေးရမည် ဖြစ်သည်။ Critical Thinking ဟူသည့် စကားရပ်ကို လွန်ခဲ့သည့်နှစ်ပေါင်း ၂၅၀၀ မှစ၍ ဖွံ့ဖြိုးလာသော စိတ်ကူးထည်တစ်ခုဟု သတ်မှတ်ကြသည်။Critical Thinking ဟူသည် ယုံကြည်ရန် သို့မဟုတ် လုပ်ဆောင်ရန် လမ်းညွှန်ချက်တစ်ရပ်အဖြစ် လေ့လာခြင်း၊ တွေ့ကြုံခြင်း၊ ရောင်ပြန်ဟပ်ပြခြင်း၊ ဆင်ခြင်ခြင်းနှင့် ဆက်သွယ်ခြင်းအားဖြင့် ထုတ်လုပ်လိုက်သော သို့မဟုတ် ယင်းတို့မှ စုဆောင်းရရှိသော အချက်အလက်များကို အကဲဖြတ်သော သို့မဟုတ် ကျွမ်းကျင်စွာ စိတ်ကူးထုတ်ယူထားသော၊ အသုံးချသော၊ သုံးသပ်သော၊ ပွားများသော၊ အသိဉာဏ်ပညာအရ သတ်မှတ်ထားသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။
ထို့ကြောင့် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိုလိုလားသည့် လူ့အဖွဲ့အစည်းတစ်ရပ်အနေဖြင့် လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့်ကို လေးစားလျက် ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ပြုစုပျိုးထောင်ပေးသင့်သည်။ ဒီမိုကရေစီဟူသည် ပုဂ္ဂိုလ်တစ်ဦးတည်းက သို့မဟုတ် အစိုးရ၏ အစိတ်အပိုင်းတစ်ရပ်တည်းက လွှမ်းမိုးကြီးစိုးလာပြီး အာဏာရှင်ဆန်သွားမည့် အရေးကို ကာကွယ်ပေးသည့် စနစ်မျိုးဖြစ်သောကြောင့် ပြည်သူတို့၏ သဘောဆန္ဒနှင့် ထုတ်ဖော်ပြသမှု၊ ဝေဖန်ပိုင်းခြားမှုတို့ကို အလေးဂရုပြုသင့်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
■ (ဇန်နဝါရီ ၃၀ ရက်ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်)








